Wednesday, January 8, 2020

ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့

အယ်ဒီတာ့အာဘော်
-------------------------

Image may contain: text that says 'The Mirror Daily Established in 1957'
လူ့ဘောင်လောကတွင် ပညာသင်ကြားခြင်းနှင့်ပတ်သက်၍ "စာသင်ဟူက၊ ကျမ်းထိုမျှကို၊ တွေ့ကမရှောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊ ကျောက်ထက်စာသို့၊ လိုရာရအောင်၊ ကြံဆောင်လေ့ကျက်၊ အနက်အဓိပ္ပာယ်၊ နှုတ်ဝယ်ရွရွ၊ ထားချေမှတည့်၊ တစ်စပေါ်လျှင်၊ ချည်စငင်သို့၊ သဘင်ပွဲမှောက်၊ ဆိုရေးရောက်က၊ လန့်ကြောက်မရှိ၊ သတိမြဲခိုင်၊ ကျောက်တိုင်ပမာ၊ ကေသရာသို့၊ ရွံ့ရှာမဲ့လျှင်း၊ ဆိုခင်းနည်းနာ၊ အဖြာဖြာကို၊ မကြာနှုတ်လျှောက်၊ ခန့်ချင့်ထောက်လော့" ဟု ရှင်မဟာရဋ္ဌသာရ ဆုံးမစာတွင် ဖော်ပြထားသည်။
စာပေသင်ကြား သင်ယူကြသောသူဟူသမျှတို့သည် ပုစွန်ကို ကျွတ်ကျွတ်မြည်အောင် ကြောင်သတ္တဝါက စားသကဲ့သို့လည်းကောင်း၊ သစ်သားကို ခွဲစိတ်သော လွှသွားကဲ့သို့လည်းကောင်း လေ့ကျင့်သင်ကြားကာ လိုအပ်သောအခါ၌ ရလွယ်သိလွယ်အောင် အနက်အဓိပ္ပာယ်နှင့်တကွ ကြံဆောင်မှတ်သား၍ လေ့လာထားရမည်။ သို့မှသာလျှင် မိမိတို့၏လူမှုဘဝ နယ်ပယ်တွင် အကြောင်းရှိ၍ တစ်ခုခုကိုပြုလုပ်ရာ၌လည်းကောင်း၊ အစပြုရာ၌ လည်းကောင်း အလိုရှိရာတို့ပေါ်ထွက်လာကာ ပရိသတ်အလယ်၌ ကြောက်ရွံ့ခြင်းမရှိဘဲ သတိကောင်းစွာဖြင့် မယိမ်းမယိုင်သော ကျောက်စာ တိုင်ကဲ့သို့ အဖြာဖြာတို့၌ ခွဲခြမ်းစိတ်ဖြာ၍ ပြောကြားနိုင်မည့်အတွေးဖြင့် ဖွဲ့ဆိုထားခြင်းဖြစ်သည်။
အခြေခံနုပျိုသေးသော ပညာသင်ကြားသည့် ငယ်ရွယ်သူတို့သည် သူ့ထက်ငါသာအောင် ပညာကို ပြင်းစွာကြိုးပမ်းအားထုတ်ပါလျှင် ပညာ တတ်မြောက်ခြင်းအတွက် ဤသူသည်ကား ပညာတတ်တစ်ယောက်၊ ပညာရှိ တစ်ယောက်ပင်ဖြစ်သည်ဟု မထင်ပေါ်မကျော်စောဘဲ မည်သို့ရှိနိုင်ပါမည် နည်း။ ဇွဲကောင်းကောင်းနှင့် မပြတ်အားထုတ်နေရန်သာ ဖြစ်သည်။ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့၊ ကြောင်သည် ပုစွန်ကို အခြားသော အစာများထက်ကြိုက်သဖြင့် အားရစွာ ကျွတ်ကျွတ်မြည်အောင်စားသကဲ့သို့ ပညာကိုလည်း အားရစွာအဆက်မပြတ် ကြိုးစားသင်ယူခြင်းကို ဆိုလိုသည်။
စာပေပညာသည် လူတိုင်းလူတိုင်း လေ့လာဆည်းပူးထားသင့်သော အရာဖြစ်သည်။ မိမိတို့ဘဝကို မြင့်သည်ထက်မြင့်အောင် တွန်းတင်ထောက် ကန်ပေးနိုင်သောအရာမှာ ပညာဖြစ်သည်။ ပညာကိုဆည်းပူးသည်ဆိုရာ၌ သင်လိုက်၊ မသင်လိုက်၊ ဆည်းပူးလိုက် မဆည်းပူးလိုက်နှင့် ပညာရှာ၍မရပေ။ ပညာကိုတစိုက်မတ်မတ်နှင့် အပတ်တကုတ်ဆည်းပူးမှသာ ပညာပြည့်ဝ၍ နှလုံးလှကာ စဉ်းစားဆင်ခြင်တွေးတောပြောဆိုမှုများ ကြွယ်ဝမည်ဖြစ်သည်။ စာပေပညာကို လေ့လာဆည်းပူးမှတ်သားနာယူကြရာ၌ အစဉ်တစိုက် သွေးနေသော ဓားသည် ထက်သကဲ့သို့၊ အစဉ်တစိုက်မသွေးဘဲ ပစ်ပယ်ထားသော ဓားသည် သံချေးတက်ကာတုံးသကဲ့သို့ စာပေပညာကို တစ်လတာမျှပင် ပစ်ပယ်ထားမိပါက အသိဉာဏ်ပညာများ နုံ့နှေးလျော့ပါးသွားသကဲ့သို့ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် စာပေပညာကို အကြားအလပ် အပြတ်အတောက် မရှိစေဘဲ တစိုက်မတ်မတ် မပြတ်ဆည်းပူးလေ့လာခြင်းဖြင့် မိမိတို့၏ဘဝ၊ မိမိတို့၏ အသိဉာဏ်ကို မြင့်သည်ထက်မြင့်အောင်၊ တိုးသည်ထက်တိုးအောင် ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်ပေသည်။
နည်းပညာ၊ အတတ်ပညာ၊ အသိပညာများအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်နေသော မျက်မှောက်ကာလတွင် ကမ္ဘာနှင့်တစ်ဝန်း၊ အချိန်နှင့် တစ်ပြေးညီနောက်ကျမကျန်ရစ်စေဘဲ အလျင်အမြန်တိုးတက်စေရန်အတွက် ပညာကိုဆည်းပူးလေ့လာသင်ယူရာ၌ ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်များ ဘဝတစ်သက်တာ သင်ယူလေ့လာမှုတိုးတက်လာစေရန် သင်ကြား သင်ယူမှု၊ လေ့ကျင့်မှု၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုမှအစပြု၍ သင်ယူမှု ပတ်ဝန်းကျင်ကောင်းများဖြစ်လာစေရန် ဖန်တီးပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ အလျင်အမြန်တိုးတက်နေသောကာလတွင် ပညာကို ဆည်းပူးလေ့လာသင်ယူရာ၌ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့ တစိုက်မတ်မတ် လေ့လာကြံဆောင် အားထုတ်နိုင်မှ တန်ကာကြမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment