Thursday, January 30, 2020

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော် ဇန်နဝါရီ ၂၉


 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နေမှု၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်းသည့် နမူနာကောင်းများမျှဝေနိုင်ရေး၊ တိုင်းရင်းသားဘာသာ စကားများ သင်ကြားနေမှု၊ နှစ်နိုင်ငံ တိုင်းရင်းသားလူမျိုးစု များ၏ ယဉ်ကျေးမှုဖလှယ်ရေး၊ အပြန်အလှန် ကူးလူး ဆက်သွယ်သွားလာနိုင်ရေး အခွင့်အလမ်းကောင်းများ ကို ဖော်ဆောင်မည့်ကိစ္စ၊ အိမ်နီးချင်းနိုင်ငံအနေဖြင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်

၂၀၂၀- ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




Image may contain: 5 people, people sitting and indoor
နေပြည်တော် ဇန်နဝါရီ ၂၉


 

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင် လှထွန်းက အဖွင့်အမှာစကား ပြောကြား သည်။
ထို့နောက် ကော်မတီတွဲဖက်အတွင်း ရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ တင်ဒါ စည်းကမ်းချက်များနှင့် တင်ဒါစည်းကမ်း ဖောက်ဖျက်ပါက အရေးယူနိုင်မည့်နည်းလမ်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က အရည်အသွေးစစ်ဆေးတွေ့ရှိ ချက်များနှင့် သုံးသပ်ချက်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်ကြီး၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဟန်၊ အထက်မြန်မာပြည်ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးနှင့် လုပ်ငန်းရှင်များက ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီ စွာ အချိန်မီရောက်ရှိရေး၊ ကျောင်းသုံးစာအုပ် များ ရိုက်နှိပ်ရာတွင် ကြုံတွေ့ရသည့် အခက် အခဲများ၊ တင်ဒါ စည်းမျဉ်းစည်းကမ်းများနှင့် စာချုပ်ပါ ကတိကဝတ်များ လိုက်နာရေး ဆိုင်ရာကိစ္စရပ်များနှင့် တင်ဒါအောင်မြင် သည့် ဒုတိယနှင့် တတိယလုပ်ငန်းရှင်များ အား တင်ဒါစည်းမျဉ်းစည်းကမ်းများ အတိုင်း လုပ်ငန်းဆက်လက်အပ်နှံခြင်းတို့ နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် စာချုပ်ပါ ကတိကဝတ်ဆိုင်ရာများ၊ ကျောင်းသုံးစာအုပ် များ အချိန်မီရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူး နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင် လှထွန်းက နိဂုံးချုပ် အမှာစကား ပြောကြား ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်

၂၀၂၀ပြည့်နှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဒုတိယနေ့ကျင်းပ




Image may contain: 4 people, people standing
နေပြည်တော် ဇန်နဝါရီ ၂၉


 

၂၀၂၀ ပြည့်နှစ် ပညာရေးဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဒုတိယနေ့ အစီအစဉ်အား ယနေ့ နံနက် ၉ နာရီခွဲတွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ-၂ (MICC-2)၌ ဆက်လက် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်သည်။
ရှေးဦးစွာ အခြေခံပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက အခြေခံ ပညာကဏ္ဍ လွှမ်းခြုံမှုရှိသော လုပ်ငန်း များအပေါ် ပြန်လည်ဆန်းစစ်လေ့လာ မှု စာတမ်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးဝင်းက အရည်အသွေးအာမခံမှု စံသတ်မှတ် ချက်များဖြင့် အခြေခံပညာကျောင်း အရည်အသွေးမြှင့်တင်ခြင်းစာတမ်း၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (ကြီးကြပ်အကဲ ဖြတ်) ဒေါ်သင်းနုနုစိန်က ၂၁ ရာစု၏ ပြောင်းလဲလာသော အခြေခံပညာ ကဏ္ဍနှင့် ကြီးကြပ်အကဲဖြတ် ခြင်း အစီအစဉ်များ စာတမ်း၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (စီမံကိန်း၊ စာရင်း အင်း) ဦးခင်အောင်ရီက အရေးပေါ် အခြေအနေများတွင် ဆက်လက်ပညာ သင်ကြားနိုင်ရေး စာတမ်းတို့ကို ဖတ်ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ဆုရ ကျောင်းသား ကျောင်းသူများနှင့် မြန်မာနိုင်ငံ ကိုယ်စားပြုအုပ်ချုပ်သူ ဆရာဆရာမများအား ဆုချီးမြှင့် သည်။
ယင်းနောက် ဆွေးနွေးပွဲစာတမ်း များကို အဖွဲ့ငယ်လေးဖွဲ့ခွဲ၍ အုပ်စု အလိုက် ဆွေးနွေးညှိနှိုင်းကြသည်။
ဆက်လက်၍ အဖွဲ့ငယ်အသီးသီး က အဖွဲ့လိုက်ဆွေးနွေးချက်များကို ပြန်လည်တင်ပြကြပြီး ဆွေးနွေး ညှိနှိုင်းမှုများကို စုစည်း၍ မှတ်တမ်းတင်သည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ၂၀၂၀ ပြည့်နှစ် ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)တွင် အဖွဲ့အသီးသီး၏ စိတ်ပါဝင်စား စွာ တက်တက်ကြွကြွ ဆွေးနွေးညှိနှိုင်း မှုများအား ကျေးဇူးတင်ဝမ်းမြောက် ပါကြောင်း၊ ယခုနှီးနှောဖလှယ်ပွဲတွင် စာတမ်းကိုးစောင်ဖတ်ကြားတင်သွင်း ခဲ့ပါကြောင်း၊ မိဘပြည်သူများအား တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန် သည့် ပညာရေးဝန်ဆောင်မှုများ ပေးနိုင်အောင် ပညာရေးမိသားစုများ ဝိုင်းဝန်းလက်တွဲ၍ ညီညီညွတ်ညွတ် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




Image may contain: 7 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၉


 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမားနှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သတင်းမီဒီယာ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံတွင် အိန္ဒိယရုပ်ရှင်ပြပွဲ ကျင်းပရန်နှင့် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား မီဒီယာဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်မည့် အခြေအနေ များ၊ နှစ်နိုင်ငံ မီဒီယာအဖွဲ့ဝင်များ အပြန် အလှန် တွေ့ဆုံဆွေးနွေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပ




Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၉ 



ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတ က သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ လူမွဲခံယူခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတို့ နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့မှ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Maanat Wongwat အား လက်ခံတွေ့ဆုံ




Image may contain: 3 people, indoor
နေပြည်တော် ဇန်နဝါရီ ၂၉


 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Maanat Wongwat အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အပြန်အလှန်ဆွေးနွေး
တွေ့ဆုံစဉ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်အား တုံ့ပြန်ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေ အနေ၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေး၊ သင်တန်းသားများ စေလွှတ်ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

ကျန်းမာရေးနှင့် ညီညွတ်၍ အန္တရာယ်ကင်းစေမှု အစားအစာဘေးကင်းလုံခြုံရေး အထူးဂရုပြု


မြန်မာ့အလင်းအယ်ဒီတာအာဘော်



လူတို့အသက်ရှင်သန်ရန်အတွက် လိုအပ်သည့်အာဟာရဓာတ်ကို ရရှိ စေရန်အလို့ငှာ အစားအစာကို မဖြစ်မနေစားကြရသည်။ ယင်းသို့ မဖြစ် မနေစားကြရသည့် အစားအစာသည်လည်း သန့်ရှင်းရန်၊ ကျန်းမာရေး နှင့် ညီညွတ်ရန်လိုသည်။ စားလိုက်သည့် အစာအာဟာရတို့ မသန့်မရှင်း၊ ဘေးမကင်းပါက အသက်ကိုပင် အန္တရာယ်ပြုနိုင်သည်။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်သုံးမြို့နယ်ရှိ ဈေးအချို့တွင် ရောင်းချ သော ကြက်သားအစိမ်းများ၌ ဆဲလ်မိုနဲလားရောဂါပိုး တွေ့ရှိကြောင်း (၄၈) ကြိမ်‌မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ ဆေးသုတေသန ညီလာခံတွင် တင်သွင်းခဲ့သော စာတမ်းကို အကြောင်းပြု၍ စားသုံးသူ များအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သလို မြန်မာတို့၏ ချက်ပြုတ်စားသုံး မှု ဓလေ့အရ အသားငါးတို့ကို ကောင်းစွာနူးနပ်သည်အထိ ချက်ပြုတ် စားသောက်ပါက အန္တရာယ်မရှိနိုင်ကြောင်း အကြံပြုချက်များ ထွက်ပေါ်လာခြင်းကြောင့် စိတ်သက်သာရာ ရခဲ့ကြသည်။
ဆဲလ်မိုနဲလားသည် ဗက်တီးရီးယား ပိုးတစ်မျိုးဖြစ်ပြီး မျိုးကွဲပေါင်း ၂၆၀၀ ကျော်ရှိကြောင်း၊ လူနှင့် တိရစ္ဆာန်များ၏ အူလမ်းကြောင်းတွင် သဘာဝအလျောက် တွေ့ရလေ့ရှိပြီး အန္တရာယ်ရှိနိုင်သည့် ဆဲလ်မိုနဲလား ဗက်တီးရီးယားမျိုးကွဲမှာ အနည်းငယ်သာရှိကြောင်း၊ အန္တရာယ်ရှိသည့် ဆဲလ်မိုနဲလား ဗက်တီးရီးယားကြောင့် အစာအဆိပ်သင့်ခြင်းနှင့် အူရောင်ငန်းဖျား (တိုက်ဖွိုက်)ရောဂါတို့ဖြစ်နိုင်ကြောင်း စသည့်ဗဟုသုတ များကိုလည်း ရရှိခဲ့ကြသည်။
မြန်မာနိုင်ငံနှင့်တကွ အိမ်နီးချင်းနိုင်ငံများ လတ်တလောစိုးရိမ်နေ ကြရသည်မှာ ၂၀၁၉ - နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ခေါ် ပြင်းထန်အဆုတ် ရောင် ရောဂါပိုးကူးစက်ပြန့်ပွားနေမှုဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် သတ္တမမြောက်အကြီးဆုံးမြို့ကြီးဖြစ်သည့် ဝူဟန်မြို့ရှိ ဟွနန် ပင်လယ်စာ လက်ကားဈေးကြီးမှ စတင်ပြန့်ပွားလာခြင်းဖြစ်သည် ဟူ၍ ယူဆထားသည့် အဆိုပါ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးသည် လင်းနို့၊ မြွေ စသည့် တောရိုင်းတိရစ္ဆာန်များနှင့် ဆက်စပ်နေသည်ဟု သတင်းများတွင် တွေ့ရ သလို ဟွနန်ဈေးကြီးတွင် တောရိုင်းတိရစ္ဆာန် များကို စားသောက်ရန်အတွက် တရားမဝင်ရောင်းချနေသည့် ဈေးကွက်ရှိနေကြောင်းလည်း တွေ့ရသည်။ အဆိုပါ တောကောင် အသွေးအသားများကို အကြောင်းပြု၍ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လူတို့တွင် ကူးစက်ပြန့်ပွားလာရခြင်း ဖြစ်သည်ဟူ၍ လတ်တလော ကောက်ချက်စွဲထားရာ တောကောင်အသားစားကြသူများ သတိပြုဖွယ် ပင်ဖြစ်သည်။
အထက်ဖော်ပြပါ ပြည်တွင်းပြည်ပ ဖြစ်စဉ်နှစ်ခုတွင် အစားအစာ များ ဘေးကင်းစိတ်ချလုံခြုံရေးအတွက် ဈေးများ၏ အရေးပါပုံကို တွေ့မြင်ရသည်။ ထို့အပြင် စားသုံးရန်အတွက် သားငါးများကို ထုတ်လုပ် ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဈေးကွက်၌ရောင်းချခြင်း အဆင့်ဆင့်တို့၌ သန့်ရှင်းမှုနှင့် စနစ်ကျနမှုတို့ လိုအပ်ကြောင်း၊ သန့်ရှင်း မှုနှင့် နည်းစနစ်ကောင်းတို့ မရှိပါက မမျှော်မှန်းနိုင်လောက်အောင်ပင် အန္တရာယ်ကြီးမားလှကြောင်းတို့ကိုလည်း သုံးသပ်ကြည့်မြင်နိုင်မည် ဖြစ်သည်။ မွေးမြူသည့်ခြံများတွင် ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ် များကို အမှန်တကယ်ကျင့်သုံးစေခြင်း၊ သားသတ်ရုံများ၊ လက်လီ ရောင်းချသည့် ဈေးကွက်များ၌ စနစ်တကျသန့်ရှင်းစွာ ထုတ်လုပ် ရောင်းချစေခြင်း၊ အသားထုတ်လုပ်မှုနှင့် ရောင်းချမှုတို့တွင် ပါဝင် ဆောင်ရွက်သူအားလုံး ကျန်းမာသန့်ရှင်းစေခြင်းတို့ကို ပုံမှန်စစ်ဆေး ဆောင်ရွက်ခြင်းအားဖြင့် အစားအစာဘေးကင်းလုံခြုံမှုကို ရရှိနိုင်မည် ဖြစ်သလို ဈေးကွက်အတွင်း တရားမဝင်ရောင်းချမှုများကိုလည်း ထိထိရောက်ရောက်ဖော်ထုတ် အရေးယူနိုင်ရန် လိုအပ်မည်ဖြစ်သည်။
အစားအစာဘေးကင်းလုံခြုံရေးတွင် အဓိကအကျဆုံးလူမှာ စားသုံးသူဖြစ်သည်။ စားသုံးသူများကိုယ်တိုင်က အန္တရာယ်ကင်းသည့် အစားအစာ၊ သန့်ရှင်းသည့် အစားအစာတို့ကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်ဖြစ်သည်။ အစားအစာဘေးအန္တရာယ် ကင်းရှင်းမှုက မိမိ၏ ကျန်းမာရေးနှင့် အသက်ရှည်ရာရှည်ကြောင်းဖြစ်သည့်အလျောက် လူတိုင်းက ဘေးကင်းသည့်အစားအစာကိုသာ ရွေးချယ်ခြင်းဖြင့် ဈေးကွက်ကိုယ်နှိုက်က လိုက်ပါပြောင်းလဲလာမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း စားသုံးသူပြည်သူများ ကျန်းမာသန့်ရှင်းသည့် အစားအစာကို ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များက ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဘေးအန္တရာယ်ကင်း၍ ကျန်းမာခြင်းနှင့် ပြည့်စုံသည့် အစားအစာဈေးကွက်များ ပေါ်ပေါက် လာအောင် တွန်းအားပေးနိုင်မည်ဖြစ်ပါကြောင်း။ ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နော်ဝေနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ



Image may contain: 1 person, sitting and child
နေပြည်တော် ဇန်နဝါရီ ၂၉



ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံ သည့် စံပြရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှု၊ အခြေခံ မဲဆန္ဒရှင်စာရင်းများ စိစစ်ပြင်ဆင်နေမှုနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ရရှိ စေရေး စီစဉ်ဆောင်ရွက်နေမှု၊ အမျိုးသမီးများ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်လာ နိုင်စေရေး ဆောင်ရွက်နေမှု၊ လူမှုကွန်ရက် ပေါ်တွင် အမုန်းစကားများ၊ သတင်းအမှားများ ဖြန့်ဝေခြင်းတို့ကို ကာကွယ်တားဆီးရေးနှင့် သတင်းအမှန်ထုတ်ပြန်သည့် အစီအစဉ်များ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့် သင်တန်းများ ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမ အကြိမ် မဲပေးမည့် လူငယ်များအတွက် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
အယ်ဒီတာ့ အာဘော်
=============
တိုင်းရင်းသားဘဝဖွံ့ဖြိုးမှ ငြိမ်းချမ်းသာယာ

Image may contain: text that says 'The Mirror Daily Established in 1957'
မျက်မှောက်ကာလသည် နိုင်ငံတော်အစိုးရက တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးနေသော အချိန်ကာလဖြစ်သည်။ တိုင်းရင်းသားဒေသများမှာ သွားလာမှုခက်ခဲပြီး ဝေးလံသောကြောင့် အနေ ဝေးကာ ဖွံ့ဖြိုးမှုနည်းခဲ့သည်။ တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝမြင့်မား တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှသာ တိုင်းရင်းသားအချင်းချင်း ချစ်ခင် ရင်းနှီးမှုဖွံ့ဖြိုးပြီး ပြည်ထောင်စုကြီး အေးချမ်းသာယာမည်ဖြစ်၍ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေသည်။
နိုင်ငံတစ်နိုင်ငံ၌ မှီတင်းနေထိုင်ကြသော လူမျိုးများနှင့် ပထဝီဝင်အနေ အထားတို့ကို သေချာကျနသိရှိထားပါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်နိုင်မည် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်သူများလူမှုစီးပွား တိုးတက်မြင့်မားအောင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ရေမြေသဘာဝအရင်း အမြစ်များ၊ တည်ဆောက်ဖွဲ့စည်းနိုင်သော ပထဝီဝင်အနေအထားများကို မြင့်မားသည့် အသိဉာဏ်အမြော်အမြင်များဖြင့် ဖန်တီးပေးမှသာ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို အလုံးစုံခြုံငုံ၍ကြည့်လျှင် မြေညီရပ်ဝန်းမဟုတ်၊ တောင်ရိုး၊ ကုန်းတန်း၊ ချိုင့်ဝှမ်းများစွာအတွင်း မြစ်ကြီး မြစ်ငယ် အသွယ်သွယ်တို့သည် အပြောကျယ်သောပင်လယ်ပြင်အတွင်းသို့ စီးဆင်းလျက်ရှိသည်။ သစ်တောသစ်ပင်များ၊ အင်း၊ အိုင်၊ ဆည်၊ ကန်၊ သဘာဝ တိရစ္ဆာန်များလည်း ပေါများသည်။ ထိုကဲ့သို့ ပထဝီဝင်သဘာဝစုံလင်လှသည့် မြန်မာနိုင်ငံသည် အခြားတိုင်းပြည်များနှင့် နှိုင်းစာလျှင် မကျယ်ဝန်းစေကာမူ၊ မဖွံ့ဖြိုးစေကာမူ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်နိုင်သောမြေများနှင့် ပေါများကြွယ်ဝ သော သဘာဝသယံဇာတများကို နိုင်ငံတော်နှင့် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် စနစ်တကျဖန်တီးဖော်ဆောင် နိုင်ပါလျှင် စီးပွားရေးနှင့်တိုးတက်ကြီးပွားရေးအတွက် အလားအလာ ကောင်းများ ရှိမည်ဖြစ်သည်။
တိုင်းပြည်ကြီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ လူမှုစီးပွား တိုးတက်ရေးအတွက် ကောင်းမွန်သောပထဝီဝင်အနေအထားကို ငြိမ်းချမ်း သာယာသော ဝန်းကျင်ကောင်းအဖြစ် ဖန်တီးပေးရမည်ဖြစ်သည်။ မငြိမ်းချမ်း လျှင် စီးပွားရေးလည်းမလုပ်နိုင်၊ ဖွံ့ဖြိုးရေးလည်း မဆောင်ရွက်နိုင်သဖြင့် တိုင်းပြည်နှင့် လူထုဖွံ့ဖြိုးတိုးတက်အောင် မည်သို့မျှဆောင်ရွက်နိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူများ လူမှုဘဝမြင့်မားတိုးတက်ရေးအတွက် အခြေခံကျသော လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးတို့ကို ဦးစားပေး အကောင်အထည်ဖော်လျက်ရှိသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လျှင် ဒေသတစ်ခုနှင့်တစ်ခု အနေနီး ပြီး ချစ်ကြည်ရင်းနှီးမှု၊ ကူးသန်းရောင်းဝယ်မှု တိုးတက်ကောင်းမွန်လာမည်။ လျှပ်စစ်မီးရရှိလျှင် အသိအမြင်တိုးပွားမှု၊ လူမှုစီးပွားမြှင့်တင်မှုကို အထောက် အကူပြုနိုင်မည်။ မြန်မာနိုင်ငံသည် သဘာဝအလှအပများ ပြည့်စုံကြွယ်ဝသည့် တိုင်းပြည်ဖြစ်သည့်အတွက် သဘာဝအခြေပြုခရီးသွားလုပ်ငန်းများကို မြှင့်တင် ဖော်ဆောင်နိုင်သည်။ သဘာဝခရီးသွားလုပ်ငန်းသည် အရင်းအနှီးနည်းသော စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းတိုးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင် မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက တိုင်းပြည်ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးနေချိန်တွင် တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအားလုံး စုစုစည်းစည်း ပေါင်းစည်းချိတ်ဆက်၍ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
တိုင်းရင်းသားဒေသ လူမှုစီးပွားမြှင့်တင်ဖော်ဆောင်ရာတွင် တိုင်းရင်း သားကဏ္ဍ ပိုမိုပါဝင်လာနိုင်စေရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို သဟဇာတရှိရှိ မျှဝေလုပ်ကိုင်နိုင်ရေး၊ ဒေသထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပသို့ပါ ပို့ဆောင်နိုင်ရေး၊ သဘာဝအခြေပြုခရီးသွားလုပ်ငန်းများတိုးတက်ရေး၊ စီးပွားရေး ဈေးကွက်အခွင့်အလမ်းများ ပိုမိုအားကောင်းလာစေရေး၊ နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်များကို တိုင်းရင်းသားဒေသများသို့ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားဒေသများ လူမှုစီးပွားမြင့်မားတိုးတက်လာပါက တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး တစ်ဦးချင်း တစ်ဦးချင်းစီ၌ တစ်ဦးနှင့် တစ်ဦး ချစ်ကြည်ရင်းနှီးမှု၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှုများ တိုးတက်အားကောင်းလာကာ တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သည့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။

Wednesday, January 29, 2020

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း BBC Media Action မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ




Image may contain: 6 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၈


 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း သည် BBC Media Action မှ တာဝန်ရှိသူများအား ယနေ့ ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် BBC Media Action ၏ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ"2020 Seed Fair"မျိုးစေ့ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်




Image may contain: 8 people, people standing, table, food and outdoor
နေပြည်တော် ဇန်နဝါရီ ၂၈



“2020 Seed Fair” မျိုးစေ့ပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲ တွင် နေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)၌ ကျင်းပရာ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊နေပြည်တော်ကောင်စီဝင်၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ မျိုးစေ့ ထုတ်အသင်းအဖွဲ့များ၊ အဖွဲ့အစည်း များနှင့် မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ တောင်သူလယ်သမားများ၊ မျိုးစေ့ဝယ်ယူသုံးစွဲသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိမိအနေဖြင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ခန့်သည် ကျေးလက်နေတောင်သူ လယ်သမားများ ဖြစ်ကြပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ အချိုးအစားကြီးကြီးမားမားရှိနေသော တောင်သူ လယ်သမားများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့နိုင်ငံ အတွက် အရေးကြီးတာဝန်တစ်ရပ် လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ဖြည့်စွက်ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီး ဥပဒေပြဋ္ဌာန်းချက်ပါလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ အနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့်ပါ ပူးပေါင်း၍ ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပါကြောင်း။
ရှုထောင့်စုံမှ ဖြည့်ဆည်း
ထို့ပြင် တောင်သူလယ်သမား ဦးရေအချိုးအစား အများဆုံးရှိနေ သည့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ရှုထောင့်စုံမှ ဖြည့်ဆည်း ပေးနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း၊ တောင်သူ လယ်သမားဟုဆိုရာတွင် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများဖြင့် အဓိက အသက်မွေးဝမ်းကျောင်းနေရ သူများပါရှိသကဲ့သို့ ယင်းလုပ်ငန်းများ အတွက် လိုအပ်သော အရင်းအနှီးများ မတည်စိုက်ထုတ်၍ အမြဲမပြတ် ကိုယ်တိုင်လုပ်ကိုင်သူ (သို့မဟုတ်) ကြီးကြပ်စီမံပေးသူများလည်း ပါဝင် ပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများအတွက် ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်များ ကိုယ်တိုင် ထုတ်လုပ်ရောင်းချသူများ လည်း ပါဝင်ပါကြောင်း။
ကြပ်မတ်ဆောင်ရွက်
ထို့ကြောင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပြဋ္ဌာန်းချက် နှင့်အညီ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက် ပျိုးပင်၊ မျိုးစေ့၊ မျိုး၊ သားပေါက်၊ မြေဩဇာ၊ ပိုးသတ် ဆေး၊ မွေးမြူရေးအစာနှင့် ဆေးဝါး စသည်တို့ကို အရည်အသွေးပြည့်မီ၍ ဈေးနှုန်းမှန်ကန်စွာ ရရှိစေရန်ကို လည်း ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် ယင်းပစ္စည်းများ သည် အာမခံစံချိန်စံညွှန်း ချို့ယွင်းမှု (သို့မဟုတ်) မကိုက်ညီမှုကြောင့် လယ်ယာထုတ်ကုန်များ ထိခိုက် ပျက်စီးခြင်း၊ အရင်းအနှီးနစ်နာဆုံးရှုံး ခြင်းများဖြစ်ခဲ့လျှင်လည်း တရား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူရန် ကြပ်မတ်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ အဆိုပါကိစ္စအားလုံးကို ထိထိရောက်ရောက်ဆောင်ရွက်ပေး နိုင်ရန်ဆိုလျှင် သက်ဆိုင်ရာဝန်ကြီး ဌာနက တောင်သူလယ်သမားများ အနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ အကြောင်းခြင်းရာများကို သိရှိ နားလည်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍနှင့် စပ်လျဉ်း၍ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝ ရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိ စေရေးနှင့် တောင်သူလယ်သမား များ ဝင်ငွေတိုးတက်စေရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထုတ်လုပ်ရရှိ သည့်သီးနှံများသည် ပြည်တွင်း စားသုံးမှုဖူလုံပြီး ပိုလျှံသည့် လယ်ယာ ထွက်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ ချိတ်ဆက်တင်ပို့ ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်စုံ စွာ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း အပါအဝင် ထိန်းသိမ်းသိုလှောင်ခြင်း၊ ခေတ်မီထုပ်ပိုး ကိရိယာများဖြင့် ထုပ်ပိုး၍ ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေး လုပ်ငန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။
ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသအလိုက် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်း သည့် သီးနှံအမျိုးအစားများအတွက် အရည်အသွေး စံချိန်စံညွှန်းနှင့် ကိုက်ညီသော သီးနှံမျိုးစေ့များ ထုတ်လုပ်နိုင်ရေးသည် အရေးကြီး သည့် အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ “မျိုးစေ့မမှန် ပင်မသန်” ဆိုသည့် စကားအတိုင်း သီးနှံမျိုးစေ့မကောင်း လျှင်သီးနှံအထွက်နှုန်း လျော့နည်း ပြီး တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးနေ ခြင်းဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူ များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသားကုမ္ပဏီ များသာမက နိုင်ငံခြားသားကုမ္ပဏီ များပါ ၁၀ဝ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ကို ဆောင်ရွက်နိုင်ကြပြီဖြစ်ပါ ကြောင်း။
နိုင်ငံ့အကျိုး၊ တောင်သူ လယ်သမားများအကျိုးကို ရှေးရှု၍ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များ နှင့် ပုဂ္ဂလိကကဏ္ဍများက တာဝန်ယူ မှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ ရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ ရေးဆွဲပြဋ္ဌာန်းထားသည့် အတိုင်း တောင်သူလယ်သမားများ၏ အကျိုးစီးပွားများကို မြှင့်တင်ပေးရာရောက်မည်ဖြစ်ပါကြောင်း။
အရှိန်အဟုန်မြှင့် ဆောင်ရွက်
ထို့ပြင် မိမိတို့နိုင်ငံ၏ ကွဲပြား ခြားနားသည့်ဒေသ၊ ရေမြေရာသီဥတု အနေအထားအရ သီးနှံမျိုးပေါင်း များစွာကို မျိုးစေ့ထုတ်လုပ်ရန် အခြေအနေကောင်းများစွာရှိသည့် အတွက် မျိုးစေ့ထုတ်လုပ်တင်ပို့ သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် လိုအပ်သည့် ပြင်ဆင်မှု၊ ဖြေလျှော့မှု၊ ပံ့ပိုးကူညီမှုများကို ဖန်တီးပေးနိုင်မည်ဆိုလျှင် မျိုးစေ့ ထုတ်လုပ်တင်ပို့သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါကြောင်း၊ မျိုးစေ့ ထုတ်လုပ်တင်ပို့နိုင်လျှင် တောင်သူ လယ်သမားများနှင့် မျိုးစေ့ထုတ် လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေ သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ သာမက နိုင်ငံတော်အတွက်ပါ များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းမည်ဖြစ် သည့်အတွက် မျိုးစေ့ကိုနိုင်ငံခြားမှ တင်သွင်းဖြန့်ဖြူးခြင်းထက် ပြည်တွင်း ၌ မျိုးစေ့ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပြီး ပြည်တွင်း လုံလောက်မှုရှိရုံသာမက နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရေး အတွက်ပါ ကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။
ထုတ်လုပ်ဖြန့်ဖြူး
မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကိုဆောင်ရွက်နေကြသည့် အဖွဲ့အစည်း များ၊ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် လည်း တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ထုတ် လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီ၍ ဒေသ အလိုက် အောင်မြင်ဖြစ်ထွန်းမှုရှိသည့် အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ် ဖြန့်ဖြူးသွားကြရန်လည်း အထူး မှာကြားလိုပါကြောင်း။
အကျိုးစီးပွားမြင့်မားရေး
နိဂုံးချုပ်အနေဖြင့် တောင်သူ လယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များ တွင် အပါအဝင်ဖြစ်သော “တောင်သူ လယ်သမားများ သွင်းအားစု(မျိုးစေ့)များကို လွယ်ကူအဆင်ပြေစွာ ရရှိ သုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီ စီမံဆောင်ရွက်ရန်” ဆိုသည့် ပြဋ္ဌာန်း ချက်နှင့်အညီ မျိုးစေ့ပြပွဲများကို ၂၀၁၈ ခုနှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု “2020 Seed Fair” သည် တတိယအကြိမ်မြောက် ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုနယ်မြေမှ သည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အဆင့်များအထိ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားကြပြီး အစိုးရနှင့် ပုဂ္ဂလိကတို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် မျိုးစေ့ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ ပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြင့်မားတိုးတက်စေရေးကို ရည်မှန်း၍ ဆတက်ထမ်းပိုး ထမ်းဆောင်ပေးကြပါဟု တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ၂၀၂ဝ မျိုးစေ့ပြပွဲ ကျင်းပသည့် ရည်ရွယ်ချက်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အရည်အသွေး ကောင်းသီးနှံမျိုးစေ့များ စဉ်ဆက် မပြတ် ထုတ်လုပ်ပေးနိုင်သည့် စနစ်ကျပြီး မဟာဗျူဟာမြောက်သော နည်းလမ်းများဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသော မျိုးစေ့လုပ်ငန်းတစ်ရပ် တည်ဆောက်နိုင်ရေး ကိစ္စများကို ရှင်းလင်းတင်ပြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ဖွင့်ပွဲအခမ်းအနား အပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ဒုတိယသမ္မတသည် တာဝန်ရှိသူများနှင့်အတူ “2020 Seed Fair” မျိုးစေ့ပြပွဲတွင် ဌာန ဆိုင်ရာများနှင့် ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် သီးနှံ စိုက်ခင်းပြခန်း၊ မျိုးစေ့ပြခန်းများ၊ သစ်သီးဝလံပြခန်း၊ လယ်ယာသုံး စက်ကိရိယာပြခန်းများ၊ တောင်သူ များအတွက် စိုက်ပျိုးရေးနည်းပညာ ဆိုင်ရာ မိုလ်ဘိုင်းအပလီကေးရှင်းပြ ခန်း၊ သရုပ်ပြစိုက်ခင်းများနှင့် မျိုးစေ့ အရည်အသွေး စစ်ဆေးခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။
ယနေ့ “2020 Seed Fair” မျိုးစေ့ ပြပွဲတွင် ပြခန်းပေါင်း ၄၉ ခန်း၊ သီးနှံ ၂၅ မျိုးနှင့် မျိုးကွဲပေါင်း ၁၀၆ မျိုးပါဝင်သည့် သီးနှံစိုက်ခင်းများကိုခင်းကျင်းပြသထားကြောင်း သိရ သည်။ သတင်းစဉ်

၂၀၂၀ ပြည့်နှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပ




Image may contain: 1 person
နေပြည်တော် ဇန်နဝါရီ ၂၈ 



၂၀၂၀ ပြည့်နှစ် ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဒုတိယပိုင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-2) ခန်းမ၌ အစီအစဉ် အတိုင်း ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ အခြေခံ ပညာကဏ္ဍနှင့်ပတ်သက်၍ ပြုပြင် ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားကောင်းမှု များကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြရန်နှင့် အခက်အခဲများ၊ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ပြန်လည်စိစစ်ပြီး ယခုလက်ရှိ အခြေအနေတွင် မည်သို့ ဖြေရှင်းဆောင်ရွက်ရန်နှင့် အနာဂတ် တွင် မည်သို့ဖြေရှင်းဆောင်ရွက်ရမည် တို့ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြ မည်ဖြစ်ပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုများကို မူဝါဒများ၊ ဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ၊ ဗျူဟာ၊ မဟာဗျူဟာများတို့ဖြင့် စနစ်တကျ ခိုင်ခိုင်မာမာ တည်ဆောက်၍ ဆောင်ရွက်နေပါကြောင်း၊ နှစ်ပေါင်း များစွာ အားနည်းခဲ့သည့် ပညာရေး ကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရာ တွင် လိုအပ်ချက်များ အားလုံးကို အလွယ်တကူဖြင့် ချက်ချင်းပြီးပြည့်စုံ နိုင်မည်မဟုတ်သော်လည်း လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စနစ်တကျ တစ်ဆင့်ပြီး တစ်ဆင့် အကောင်းဆုံးဖြစ်အောင် လက်တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံအတွက် အားထား ရမည့် အနာဂတ်လူငယ်များကို လူသားကောင်းများ ဖြစ်အောင်၊ ပူးပေါင်း ဆောင်ရွက်တတ်အောင်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ် အောင်၊ ဆန်းသစ်တီထွင်ဖန်တီး နိုင်စွမ်းရှိအောင် ရည်ရွယ်ချက်ထား၍ ပြုစုပျိုးထောင် ပေးနေပါကြောင်း၊ ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများဖြင့် အားသာချက် အားနည်းချက်များကို ညှိညှိနှိုင်းနှိုင်း ဆွေးနွေးပြီး မြန်မာနိုင်ငံ၏ အနာဂတ် လှပအောင် ဖော်ဆောင်ပေးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင် မွေးထုတ်ပေးနိုင်ရေး အတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြ မည်ဖြစ်ပါကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ၂၀၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ) ၏ စာတမ်းပါလုပ်ငန်းများ တိုးတက်မှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခြေခံပညာဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးရဲလင်းမြင့်က ပိုမိုကောင်းမွန် ပြည့်စုံသော ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု စာတမ်းကိုလည်းကောင်း၊ အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး (ဘဏ္ဍာ) ဦးသန်းစိုးအောင်က သင်ကြားသင်ယူမှု တိုးတက်ရေး အတွက် ရုပ်ပတ်ဝန်းကျင်ကောင်း တစ်ခု ဖြည့်ဆည်းဆောင်ရွက်ရေး စာတမ်းကိုလည်းကောင်း၊ အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး (သင်ကြား) ဒေါ်ချိုချိုဝင်းက လုပ်ငန်းအခြေပြု လေ့လာသင်ယူ ခြင်းကို ထိရောက်စွာလက်တွေ့ ဆောင်ရွက်နိုင်မှုအပေါ် လုပ်ဆောင်မှု အခြေပြုအကဲဖြတ် ဆန်းစစ်နိုင်ရေး စာတမ်းကိုလည်းကောင်း၊ အခြေခံ ပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲ သင်တန်းကျောင်း (ရန်ကုန်) မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်နော် သီသီထူးက ထိရောက်သော ပညာရေး စီမံခန့်ခွဲမှုဖြစ်စေရန် ပညာရေးစီမံ ခန့်ခွဲမှု သင်တန်းကျောင်း၏ အရည် အသွေးမြှင့်တင်ရေး စာတမ်းကို လည်းကောင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ပညာဌာန) မှ ဦးခင်မောင်ကျော်က စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေ အနေ စာတမ်းများကို လည်းကောင်း ဖတ်ကြားတင်ပြကြသည်။
ယင်းနောက် ဆွေးနွေးပွဲစာတမ်း များကို အဖွဲ့ငယ်အလိုက်ဆွေးနွေး ကြပြီး အဖွဲ့ငယ်အသီးသီးက ပြန်လည် တင်ပြကြကာ ဆွေးနွေးညှိနှိုင်းမှု များကို စုစည်း၍ မှတ်တမ်းတင်သည်။ ၂၀၂၀ ပြည့်နှစ် ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ကို ဇန်နဝါရီ ၂၉ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ




Image may contain: 2 people, people sitting and indoor
နေပြည်တော် ဇန်နဝါရီ ၂၈



အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Ms. Christine Schraner Burgener အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအကောင် အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်မှုများ၊ နေရပ် ပြန်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးရာ၌ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတို့နှင့် ပူးပေါင်းဆောင်ရွက်မှု နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဉ် ပိုမိုလျင်မြန်သွက်လက်လာစေရေးကိစ္စ၊ မကြာမီက မြန်မာကိုယ်စားလှယ်အဖွဲ့ ကော့ခ်ဘဇားသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများနှင့် ထိတွေ့ရှင်းလင်း ပြောကြားခဲ့မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံ က မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် များ ချမှတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လျှောက်ထားချက်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ် သဘောထား အမြင်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာ၏ အကြံပြုချက်အရ တာဝန်ခံမှုရှိရေးကိစ္စကို ပြည်တွင်းတရားစီရင်ရေးစနစ် ဖြင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




Image may contain: 3 people, people sitting and indoor
နေပြည်တော် ဇန်နဝါရီ ၂၈



ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆက်ဆံမှု တိုးမြှင့်ရေးဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပမည့်ငြိမ်းချမ်ရေး၊ လုံခြုံရေးနှင့် လူသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ ထိပ်သီးအစည်းအဝေးသို့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(ဘောဂဝတီ) စံပြကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲတက်ရောက်




Image may contain: one or more people
နေပြည်တော် ဇန်နဝါရီ ၂၈



နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနား မြို့ ဘောဂဝတီရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းကျောင်း(ဘောဂဝတီ) စံပြကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် အဆိုပါကျောင်းဆောင် သစ် မျက်နှာစာ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
တက်ရောက်
ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်း အနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါက်တာကျော်လင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး အောင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရပ်ဖိရပ်ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးဝင်းခိုင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်နှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်မာတို့က အခြေခံပညာ မူလတန်းကျောင်း (ဘောဂဝတီ) စံပြကျောင်းဆောင် သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နေပြည်တော် တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင် နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မာတို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ထံ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင် ပေးအပ် ကြသည်။
ကံ့ကော်ပင်စိုက်ပျိုးပေး
ထို့နောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အခြေခံပညာ မူလတန်းကျောင်း ဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ် အဖြစ် အဆိုပါကျောင်းဆောင်သစ် မျက်နှာစာ၌ ကံ့ကော်ပင်ကို စိုက်ပျိုး ပေးသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူလေးများနှင့် လည်းကောင်း၊အကအဖွဲ့မှ ကျောင်းသူ လေးများနှင့်လည်းကောင်း၊ ဘင်ခရာ အဖွဲ့မှ ကျောင်းသား ကျောင်းသူ လေးများနှင့်လည်းကောင်း၊ ပန်းဖွား အကအဖွဲ့မှ ကျောင်းသူလေးများနှင့် လည်းကောင်း၊ ဆရာ ဆရာမများနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်း ဆောင်သစ်အတွင်းရှိ စာသင်ခန်းများ ၌ ပညာသင်ယူလျက်ရှိသည့် KG တန်း မှ ကျောင်းသား ကျောင်းသူလေးများ ဆေးရောင်ခြယ်သနေမှုနှင့် ကဗျာ ရွတ်ဆိုမှုများကို လည်းကောင်း၊ GRADE -1 မှ ကျောင်းသား ကျောင်းသူ လေးများ၏ ကဗျာရွတ်ဆိုမှုများကို လည်းကောင်း၊ ကျောင်းစာကြည့် တိုက်၌ ကျောင်းသား ကျောင်းသူလေး များ စာပေလေ့လာဖတ်ရှုနေမှုများကို လည်းကောင်း၊ GRADE -5 မှ ကျောင်းသား ကျောင်းသူလေးများ ပညာသင်ယူနေမှုကို လည်းကောင်း၊ GRADE -3 နှင့် GRADE -2 တို့မှ ကျောင်းသား ကျောင်းသူလေးများ၏ ကဗျာရွတ်ဆိုမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုသည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် အခြေခံပညာ မူလတန်းကျောင်း (ဘောဂဝတီ) စံပြကျောင်းဆောင် သစ်သည် နေပြည် တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက် တွင် ရှိပြီး အကျယ်အဝန်း ၇ ဒသမ ၈၅ ဧကပေါ်တွင် ဆောက်လုပ်ထား သည့် R.C.C နှစ်ထပ်စံပြကျောင်း ဆောင်ဖြစ်ကြောင်းနှင့် စာသင် ဆောင် သုံးဆောင်ပါဝင်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာ ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယခု ကဲ့သို့သော အရည်အသွေးရှိသည့် ၁၆၈ ပေ၊ ၁၈၄ ပေ R.C.C နှစ်ထပ် မူလတန်း ကျောင်းဆောင်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု နှင့် နေပြည်တော်အပါအဝင် ၁၅ နေရာတွင် ၁၅ ကျောင်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း နှင့် ဆက်လက်တည်ဆောက်နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ သတင်းစဉ်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအစည်းအဝေးကျင်းပ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည့် ဧရိယာပေါင်း ၁၅၅၀၀၄၈ ဧကရှိပြီး မြေပြင်ဆက်လက်စိစစ်ဆဲဖြစ်




Image may contain: 5 people, people sitting, table, office and indoor
နေပြည်တော် ဇန်နဝါရီ ၂၈


 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၄)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက အမှာ စကားပြောကြားပြီး ဗဟို ကော်မတီအတွင်းရေးမှူး လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းကိစ္စရပ်များ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ယခင်အစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် လျှောက်ထားလာမှုများ၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီကို ၂၀၁၈ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ ပြင်ဆင်သည့် ဥပဒေနှင့်အညီ ပြင်ဆင်ဖွဲ့စည်းပေးရန် တနင်္သာရီတိုင်း ဒေသကြီး စီမံခန့်ခွဲရေးကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ တို့မှ တင်ပြလာမှုများ၊ သတ်မှတ် ဖော်ထုတ်ကာလ လေးနှစ်သက်တမ်းကို တိုးမြှင့်ခွင့်ပြုပေးပါရန် လျှောက်ထား တင်ပြလာမှုများ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ သဘောထား မှတ်ချက်တောင်းခံလာမှုများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်း အပေါ် ကန့်ကွက်လွှာတင်သွင်းခြင်း ကို မြေပြင်ကွင်းဆင်းစိစစ်ရန် သီးခြားအဖွဲ့ဖွဲ့စည်းခြင်း ကိစ္စရပ်များ ကို ဆွေးနွေးကြသည်။
၁၅၅၀၀၄၈ ဧကရှိ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စပ်လျဉ်း၍ စည်းကမ်းချက် သတ်မှတ် ကာလ လေးနှစ် ပြည့်မြောက်ပြီးချိန် အထိ မြေပြင်အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်မှုမရှိသော လုပ်ကိုင်ခွင့်ချထား မြေများကို ခွင့်ပြုမိန့်ပြန်လည်ရုပ်သိမ်း နိုင်ရေးနှင့် အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုမိန့်စာအသစ် ထုတ်ပေးနိုင် ရေးနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ များက စိစစ်ပြီး တင်ပြလာမှုများအရ ယနေ့ကျင်းပသည့် (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအထိ ပြန်လည် သိမ်းဆည်းနိုင်ခဲ့သည့် ဧရိယာပေါင်းမှာ ၁၅၅၀၀၄၈ ဧက ရှိပြီး မြေပြင်ဆက်လက်စိစစ်ဆဲ ဖြစ်သည်။
သတင်းစဉ်

မူးယစ်ဆေးဝါး ပြဿနာကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်



၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်ကို ထုတ်ပြန်ခဲ့သည်။ မူဝါဒသစ်အရ မူးယစ်ဆေးစွဲ ခြင်းကို ကျန်းမာရေးပြဿနာအဖြစ် ရှုမြင်လာခဲ့သည်။ မြန်မာနိုင်ငံ အကျဉ်း ထောင်များရှိ အကျဉ်းသားဦးရေ စုစုပေါင်း၏ ၄၈ ရာခိုင်နှုန်းမှာ မူးယစ် ဆေးသုံးစွဲသူများနှင့် ဆက်စပ်အမှုများ ကျူးလွန်ခြင်းကြောင့် အပြစ်ကျခံရ သူများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မြစ်ကြီးနား၊ လားရှိုးစသည့် အချို့ အကျဉ်းထောင်များတွင် မူးယစ်ဆေးမှုကြောင့်ကျသည့် အကျဉ်းသား ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်မားနေကြောင်း၊ အကျဉ်းထောင်များ၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများတွင် ဝန်ထုပ် ဝန်ပိုးဖြစ်စေကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများအား ဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းသည် ပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက အကျဉ်းကျခြင်းခံရသော မူးယစ်ဆေးဝါးသုံးစွဲသူများ အပါအဝင် ၎င်းတို့၏ မိသားစုများနှင့် လူ့အဖွဲ့အစည်းအပေါ် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာဆိုးကျိုးများ ကျရောက်စေလျက်ရှိသည်ကို တွေ့ရှိရကြောင်း ဖြင့်လည်း မူဝါဒသစ်တွင် သုံးသပ်ဖော်ပြထားသည်ကို တွေ့ရသည်။
၂၀၁၉ ခုနှစ်တွင် မူးယစ်‌ဆေးဝါးကင်းစင်သော နိုင်ငံတစ်ခုအဖြစ် ရောက်ရှိစေရန် ရည်မှန်းချက်ထားကာ မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချ‌ ရေးနှင့် ဘိန်းစိုက်ပျိုးမှုလျော့ကျရေး ဦးတည်ဆောင်ရွက်သည့် နှစ် ၂၀ စီမံချက်မှာ မျှော်မှန်းသည့်အတိုင်း ခရီးမပေါက်ဖြစ်ခဲ့ရသည်။ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူများမှာ ထောင်ဒဏ်ရှစ်နှစ်အထိ အပြစ်ပေးခံရနိုင်သည့် ရာဇဝတ်မှုကျူးလွန်သူများဖြစ်ပြီး အကျဉ်းထောင်များတွင် အကျဉ်းသား များအဖြစ် အများအပြားရောက်ရှိ အပြစ်ပေးခံကြရသည့်တိုင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာမှာ လျော့နည်းသွားခြင်းမရှိဘဲ တိုး၍တိုး၍သာ အတက်ဘက်သို့ ပြနေခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းမိမှုများ နှစ်အလိုက် မြင့်တက်ခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်ကိုလည်း မီဒီယာများတွင် ဖော်ပြခဲ့ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် မူဝါဒအသစ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်ကို အကောင်အထည် ဖော်ရန်အတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျူဟာ စီမံ ချက်တစ်ခုကိုလည်း ရေးဆွဲခဲ့ရာ ယင်းစီမံချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် မိမိတို့ဒေသများတွင် ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် ကိုက်ညီ မည့် လုပ်ငန်းစီမံချက်များကို မိမိတို့ကိုယ်တိုင် ရေးဆွဲအကောင်အထည်ဖော် ကြရမှာဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၃ ရက်က တမူးမြို့သို့ ရောက်ရှိစဉ် ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာ၌ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စပ်လျဉ်း၍လည်း ထည့်သွင်း ပြောကြားခဲ့သည်။
“လူငယ်တွေ ကြားထဲမှာ မူးယစ်ဆေးသုံးစွဲမှုနှုန်းဟာ တက်လာတယ် ဆိုတာကို ကြားရတဲ့အတွက် ကျွန်မ ဒါကိုစိုးရိမ်ပူပန်မိပါတယ်။ လူငယ်တွေ ကျန်းမာရေးကောင်းအောင်၊ ပညာရေးကောင်းအောင်၊ ကြိုးစားနေတဲ့အထဲမှာ ဒီမူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ဒီကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်သွားမှာပါ၊ ဒါကလည်း တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြဿနာပါ။ ကလေးမြို့မှာရှိနေတုန်းက ကြားခဲ့ရတာရှိပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးစွဲနေတဲ့လူငယ်တွေ ၇၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ကြားခဲ့ရ ပါတယ်။ ဒါ နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာ၊ စိုးရိမ်ဖွယ်ရာကိစ္စ တစ်ခုဖြစ်ပါတယ်”ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်အရ မူးယစ်ဆေးစွဲ သူကို ကျန်းမာရေးပြဿနာအဖြစ် ရှုမြင်သော်လည်း မူးယစ်ဆေးသုံးစွဲရန် အားပေးထားခြင်းမဟုတ်ကြောင်း သတိမူကြရမည်ဖြစ်သည်။ ဆေးသုံးစွဲ သူသည် ဆေးကုသမှုကို မပျက်မကွက် ခံယူရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲကြောင်း သံသယရှိသူကို ပဏာမဆေးစစ်ချက်ခံယူရန်၊ ဆေးဝါးသုံးစွဲ ကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူရန် သတ်မှတ်ထားသည့် ဌာန၊ ဂေဟာတို့သို့ ဆောလျင်စွာ ပို့ဆောင်ရန်၊ ဆေးသုံးသူက ပဏာမဆေးစစ်ဆေး မှု ခံယူရန်လည်းကောင်း၊ ကုသမှုခံယူရန်လည်းကောင်း ပျက်ကွက်ခဲ့ပါက ခံဝန်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန်အတွက် ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထားရန် ဆိုင်ရာရဲတပ်ဖွဲ့တွင် တာဝန်ရှိကြောင်း ဥပဒေ၌ ပြဋ္ဌာန်းထားသည်။
မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာနာဖြစ်သလို မိမိတို့နိုင်ငံအဖို့လည်း နှစ်ပရိစ္ဆေဒ ကြာညောင်းပြီဖြစ်သည့် အမျိုးသားရေးပြဿနာဖြစ်သည်။ သုံးစွဲသူများကို ဆေးဝါးကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် သက်မွေး ဝမ်းကျောင်းပညာသင်ကြားပေးခြင်းတို့ ပြုလုပ်ပေးရမည်ဖြစ်သလို စိုက်ပျိုး ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့အတွက် ပြစ်ဒဏ်မှာမူ နှစ်ရှည်လများ ထောင်ဒဏ်မှသည် သေဒဏ်အထိ ပြင်းပြင်းထန်ထန်ရှိနေသည်။ ထိထိရောက်ရောက် စုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုတို့ကို တိုက်ဖျက်ခြင်း အပါအဝင် ဘက်ပေါင်းစုံမှ နည်းလမ်း ပေါင်းစုံဖြင့် နှိမ်နင်းတိုက်ဖျက်နိုင်ပါစေကြောင်း။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ)တွင် အမှာစကားပြောကြား




Image may contain: 1 person, indoor
နေပြည်တော် ဇန်နဝါရီ ၂၈



၂၀၂၀ပြည့်နှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ) အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေး ဆုရှင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသောဘိတနှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးစိုးဝင်း၊ ဒေါက်တာ ဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာ ဝင်းမြတ် အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးများ၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည် အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီနှင့် ပါမောက္ခ ချုပ်များ ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိ သူများ၊ စာတမ်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသားအသင်းအဖွဲ့နှင့် ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နှီးနှောဖလှယ်ခြင်းဆိုတာက တော့ တစ်ဦးချင်း တတ်သိနားလည်တဲ့ ပညာရပ်တွေကို မိမိတို့အတွေ့အကြုံတွေအပေါ် အခြေခံပြီး အပြန်အလှန် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြစ်ပါတယ်။ အတွေးအမြင် နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လူတွေဟာ ကိုယ်ရရှိထား တဲ့ ပညာ၊ အတွေ့အကြုံ၊အတွေးအမြင်အမျိုးမျိုးရှိနိုင်ပြီး အဲဒီအတွေးအမြင်တွေအရ သုံးသပ်ချက်တွေ၊ ထင်မြင် ယူဆချက်တွေဟာ ကွဲပြားကြမှာဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ဦးနဲ့တစ်ဦးဟာ အမြင်ချင်းမတူညီနိုင်ဘူးဆိုတဲ့ အခြေခံသဘောထားကို နားလည်လက်ခံရပါမယ်။ ဒီမတူညီတဲ့အမြင်တွေကို စုစည်းပြီး ပညာရေးနဲ့ပတ်သက် လို့ ဘယ်လိုအားနည်းချက်တွေ၊ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေတယ်၊ ဘယ်အရာတွေက ပြုပြင် ပြောင်းလဲဖို့လိုတယ်ဆိုတာတွေကို ယနေ့မှာ ဆွေးနွေး ညှိနှိုင်းပြီး နိုင်ငံ့ပညာရေးအတွက် အကောင်းဆုံး အဖြေရှာကြဖို့ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့နေရာမှာ အခြေအနေ (၂)မျိုးရှိနိုင်ပါတယ်။ တစ်ခုက အတိတ်က အခြေအနေ တွေကို ပြန်လည်ဆန်းစစ်ပြီး ပိုမိုကောင်းမွန်အောင် ပြုပြင် ပြောင်းလဲတာနဲ့ နောက်တစ်ခုက အနာဂတ်အတွက် မျှော်မှန်းပြီး ပြုပြင်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ ဘယ် စနစ်ပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲတယ်ဆိုတာ မလွယ်ကူ လှပါဘူး။ စနစ်ကို ပြောင်းလဲမယ်ဆိုရင် ပထမဦးစွာ အကောင်အထည်ဖော်ဆောင်ရွက်မယ့်သူတွေကိုယ်တိုင် က မိမိတို့ရဲ့mind-set ကို အရင်ပြောင်းရပါမယ်။ mind-set ဆိုတာ မြန်မာလိုဘာသာပြန်ရတာ အင်မတန်မှ ခက်ပါ တယ်။ ဒါကြောင့်မို့လို့ mind-set လို့ပဲ သုံးတာပါ၊ ကျွန်မ က မြန်မာလိုပြောတဲ့အခါကျရင် တခြား အင်္ဂလိပ်အသုံး အနှုန်းတွေကို သုံးတာကိုသိပ်ပြီးတော့ အားမပေးပါဘူး။ အဲဒါကိုလည်း ကျွန်မတို့ရဲ့ ပညာရေးကဏ္ဍမှာရှိတဲ့သူတွေ အားလုံးလည်း သတိချပ်စေချင်ပါတယ်။ တတ်နိုင် သလောက် ကိုယ့်ဗမာမှုပြုပါ။၊ ဗမာမှုမပြုနိုင်မှဘဲ အရင် မူလအတိုင်းထားစေချင်ပါတယ်။ အဲဒီလို ပြောင်းဖို့လည်း သတ္တိရှိရပါမယ်။ အဲဒီလိုပြောင်းလဲခြင်းက ရလာတဲ့ ရလဒ် တွေ၊ ဝေဖန်မှုတွေ၊ စိန်ခေါ်မှုတွေကိုလည်း ခံနိုင်ရည်ရှိရ ပါမယ်။ ဘယ်ဟာက ပြုပြင်ပြောင်းလဲသင့်တယ်၊ ဘယ်ဟာက မပြောင်းလဲသင့်ဘူးဆိုတာ ခွဲခြားသိတာဟာ လည်း ပညာပဲဖြစ်ပါတယ်။
မျှော်မှန်းနိုင်တဲ့အရည်အချင်း
ဒီလိုပြုပြင်ပြောင်းလဲဖို့ဆိုတာ ပညာအမြော်အမြင်ရှိ မှ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ပညာရေးစနစ်ဟာ ဉာဏ်ပညာအမြော်အမြင် ရှိစေဖို့ ဦးတည်နေတဲ့စနစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီမှာ ပညာနဲ့ အမြော်အမြင်ကို နည်းနည်းလေးခွဲခြားပြီးတော့ သတိပြုစေချင်ပါတယ်။ ပညာဆိုတာကတော့ သင်ယူလို့ ရတယ်။ အမြော်အမြင်ကတော့ ဒီပညာပေါ်မှာ အခြေခံပြီး တော့ နောင်ဘာဖြစ်နိုင်တယ်၊ ဖြစ်လာတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို မျှော်မှန်းနိုင်တဲ့ အရည် အချင်းလို့ပဲ ကျွန်မကတော့မြင်ပါတယ်။
ပညာရေးစနစ်ကို ခိုင်မာအောင်တည်ဆောက်
ကမ္ဘာ့ပညာရှင်တွေရဲ့လေ့လာချက်အရ“ပညာရေးဟာကမ္ဘာကို အကောင်းဆုံးတည်ဆောက်နိုင်တဲ့အရာ”လို့ မှတ်သားရပါတယ်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေရဲ့ အသိပညာဗဟုသုတ ပြည့်ဝမှုတွေ၊ ကျွမ်းကျင်မှုတွေနဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအပေါ် အဓိကမူတည်နေပါတယ်။ ဒါကြောင့် အရည်အသွေးရှိတဲ့ ပညာရေးစနစ်ကို ခိုင်မာအောင် တည်ဆောက်ကြရပါမယ်။ ဒီလိုတည်ဆောက်ဖို့ဆိုရင် လက်ရှိ ပညာရေးစနစ်တွေ၊ သင်ကြားနည်းတွေ၊ ပညာရေး စီမံခန့်ခွဲမှုတွေ၊ ဆရာ့အရည်အသွေးတွေကို လေ့လာ ဆန်းစစ်ဖို့လိုပါတယ်။
ဒီလိုပြုပြင်ပြောင်းလဲဖို့ဆိုရင် အစိုးရတစ်ခုတည်းနဲ့ ဆောင်ရွက်ပြီး အောင်မြင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ မလွယ်ကူရုံတင်မကပါဘူး၊ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့ ကျွန်မတို့ ပြောလို့ရပါတယ်။ ပြည်သူတွေ၊ ပညာရေးနဲ့ ပတ်သက် ဆက်နွှယ်သူအားလုံး ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန် အရေးကြီးပါတယ်။ အခုဆိုရင် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး “ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတွေက ပညာ ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံကူညီဆောင်ရွက်ပေးနေ တာဟာ ဝမ်းသာစရာကောင်းပါတယ်။ ကျေးဇူးတင်ကြောင်း ကိုလည်း ပြောကြားလိုပါတယ်။ ဆက်ပြီးတော့လည်း ကူညီပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။
၂၁ ရာစု ကျွမ်းကျင်မှုတွေရရှိ
အခုဆိုရင် အခြေခံပညာကဏ္ဍမှာ KG + 12 ပညာရေး စနစ်သစ်ကို ပြောင်းလဲ အကောင်အထည်ဖော်ခြင်းအား ဖြင့် ကလေးတွေဟာ နိုင်ငံ့သားကောင်း သမီးမွန်တွေ အဖြစ် သူတို့မှာရှိသင့်တဲ့ ၂၁ ရာစု ကျွမ်းကျင်မှုတွေ ရရှိမှာ ဖြစ်တဲ့အတွက် အလွန်ဝမ်းသာစရာကောင်းပါတယ်။ ဒီစနစ် သစ်ပြုပြင်ပြောင်းလဲမှုဟာ ၂၀၂၂-၂၃ ပညာသင်နှစ်မှာ ပြီးမြောက်မှာဖြစ်ပါတယ်။
အခုလောလောဆယ်မှာတော့ ပညာရေးစနစ်ကို တိုင်းတာမယ်ဆိုရင် ကိန်းဂဏန်းတွေ၊ အညွှန်းကိန်းတွေ အရ ဆုံးဖြတ်နေတာကိုတွေ့ရပါတယ်။ တကယ်တော့ ကျောင်းသားတစ်ယောက် ဘယ်လောက်တတ်မြောက် သွားသလဲဆိုတာကို ကြည့်မယ်ဆိုရင် အကြောင်းအရာ တွေကို ဘယ်လိုစဉ်းစားတွေးခေါ်နိုင်တယ်၊ ပြဿနာတွေ ကို ဆင်ခြင်သုံးသပ်ပြီး ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာ တွေနဲ့ပဲ တိုင်းတာရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပညာရည် စစ်ဆေးအကဲဖြတ်မှုပုံစံမျိုးတွေနဲ့ပဲ စဉ်းစားရမှာဖြစ်ပါ တယ်။ ဒီပြဿနာဖြေရှင်းနိုင်ခြင်းဟာ ပညာရေးအဆင့် ကို ပြတယ်ဆိုပြီးတော့ သုံးသပ်ခဲ့တာတော့ ကြာပါပြီ၊ ဒါပေမယ့် အခု နောက်ပိုင်းမှာ ကျွန်မတို့ တွေ့ရတာတော့ တချို့ ဒီလိုပုံစံနဲ့ သုံးသပ်တဲ့အခါမှာ ပညာရေးအရ အကောင်းဆုံးဆိုတဲ့ နိုင်ငံတွေမှာတောင်မှ ပညာရေးစနစ် ဟာ အခုခေတ်ရဲ့လိုအပ်မှုနဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီ တာတွေကို တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က တစ်ချိန်လုံးပဲ အခြေအနေတွေကို စမ်းသပ်ပြီးတော့၊ သုံးသပ်ပြီးတော့ ပြောင်းလဲနေဖို့ လိုပါတယ်။
သေသေချာချာလေ့လာ
ဆရာတွေဟာ ကျောင်းသားတွေကို သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာတွေသာမက ပြင်ပအကြောင်းအရာတွေ ကိုပါ ဆက်စပ်လေ့လာတတ်ဖို့အတွက် အချက်အလက် စုဆောင်းခြင်း၊ စိစစ်ခြင်း၊ အဖြေရှာခြင်း၊ ဆွေးနွေးခြင်း စတာတွေ ဆောင်ရွက်နိုင်အောင် Team Work, Group Work, Project Activities, Case Study Method စတဲ့ သင်ကြား သင်ယူမှုလုပ်ငန်းတွေနဲ့ ခေတ်မီသင်ကြား သင်ယူမှုနည်းပညာတွေကို အသုံးပြုဖို့လိုပါတယ်။ အစုအဖွဲ့ နဲ့ Team Work နဲ့ Group Work ဘယ်လိုကွာလဲဆိုတာ ကတော့ ဒါလည်းကျွန်မတို့ စဉ်းစားရတာပါ။ ကျွန်မ မြင်တာ ကတော့ Team Work ဆိုတာကတော့ ပိုပြီးတော့ အတိအကျသတ်မှတ်ထားတဲ့အဖွဲ့တစ်ခုပါ။ Team တစ်ခု၊ အဖွဲ့တစ်ခုထူထောင်ပြီးတော့ အဲဒီအဖွဲ့အတွင်းမှာ သတ်မှတ်ပြီးတော့ လုပ်တာ၊ Group Work ဆိုတာကတော့ စုပေါင်းပြီးတော့ လုပ်တဲ့ဟာ ဒါအဖွဲ့တစ်ခုအနေနဲ့ သတ်သတ်မှတ်မှတ် ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် စုပေါင်း ပြီးတော့ လုပ်တဲ့ကိစ္စ။ Project Activities ဆိုတာကတော့ စီရင်ချက်တစ်ခု၊ လုပ်ငန်းတစ်ခုကို အတူတူလုပ်ကြတဲ့ဟာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းပြီးရင် ဒီအဖွဲ့က ဆက်ပြီးတော့ အတူတူလုပ်ချင်မှလုပ်မှာ၊ ဒါ လုပ်ငန်းတစ်ခုအတွက်သာ စုပေါင်းပြီးတော့လုပ်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ နောက် Case Study Method ဆိုတာကလည်း ကိစ္စရပ်တစ်ခုကို သေသေချာချာလေ့လာပြီးတော့ အဲဒီဟာကို ဘယ်လို ကိုင်တွယ်မယ်၊ ဘယ်လိုချဉ်းကပ် မလဲဆိုတာကို ကျွန်မတို့ စဉ်းစားပြီးတော့ လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ဒီဟာတွေကို အဆင့်ဆင့်အောင်မြင်အောင် လုပ်ဖို့ အရေးကြီးပါတယ်။
လူသားအရင်းအမြစ် တည်ဆောက်တယ်ဆိုတဲ့နေရာ မှာ ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုလူသားအရင်းအမြစ် ကို တည်ဆောက်မလဲဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ “ဆရာ” ဟာ “အခရာ” ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘယ်လိုအရည် အသွေးရှိတဲ့ ဆရာမျိုးဖြစ်သင့်သလဲ၊ အရည်အသွေးရှိ အောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ စဉ်းစားပြီး အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။
ကိုယ်တိုင် စာပေဖတ်ရှုလေ့လာဖို့လို
ဆရာတွေဟာ ကလေးတွေကို အတွေးအခေါ်မြင့်မား အောင် လေ့ကျင့်ပျိုးထောင်နိုင်ဖို့ဆိုရင် ကိုယ်တိုင် စာပေ ဖတ်ရှုလေ့လာဖို့လိုပါတယ်။ တကယ်တော့ ဆရာတွေဟာ တစ်သက်တာ လေ့လာသင်ယူနေသူတွေဖြစ်သလို ပညာ ရပ်ဆိုင်ရာ အရည်အသွေး၊ ဆရာအတတ်ပညာဆိုင်ရာ အရည်အသွေး၊ အင်္ဂလိပ်စာ၊ ICT တတ်ကျွမ်းမှုတွေ လည်း ဘဝတစ်သက်တာ ကိုယ်တိုင်လေ့လာသင်ယူပြီး မြှင့်တင်ထားရမှာဖြစ်ပါတယ်။
ယနေ့ ဆရာတွေကို ခေတ်ကိုရင်ပေါင်တန်းနိုင်ဖို့၊ အခြားနိုင်ငံရဲ့ ပညာရေးတွေနဲ့ ဗဟုသုတတွေကို လေ့လာဖို့ အတွက် website တွေသုံးပြီး လေ့လာကြပါလို့ တိုက်တွန်း ချင်ပါတယ်။ ဒီလို website သုံးတဲ့အခါမှာ ဘာသာစကားကျွမ်းကျင်မှုလိုလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသုံးပြုတဲ့ဘာသာစကားကိုလည်း အသုံးပြုနိုင်အောင် လေ့လာကြပါလို့ မှာချင်ပါတယ်။
တစ်သက်တာ သင်ယူမှုအခွင့်အလမ်းတွေရရှိ
ယခုဆိုရင် ပညာရေးဝန်ကြီးဌာနဟာ “သာတူညီမျှ မှုကို အခြေခံသော ဆရာ၊ ဆရာမများရဲ့ အရည်အသွေး စဉ်ဆက်မပြတ် တိုးမြှင့်ရေးအတွက်အညွှန်းဘောင်” ကို ရေးဆွဲနေဆဲဖြစ်တယ်ဆိုတာ သိရပါတယ်။ ဒီလိုရေးဆွဲ အသုံးပြုအကောင်အထည်ဖော်တဲ့အတွက် ဆရာတွေဟာ တစ်သက်တာ သင်ယူမှုအခွင့်အလမ်းတွေရရှိပြီး ဆရာ အတတ်ပညာ အရည်အသွေးများ စဉ်ဆက်မပြတ် တိုးတက်လာမှာဖြစ်ပါတယ်။
နောက်တစ်ခုက “သာတူညီမျှအခွင့်အရေး” နဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ သာတူညီမျှအခွင့်အရေး ဆိုတာ လူ့အဖွဲ့အစည်းတိုင်းအတွက် အရေးကြီးပါတယ်။ ဒါကြောင့် ပညာရေးနယ်ပယ်မှာရှိကြတဲ့ ဆရာတွေ၊ ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေ အားလုံးဟာ တန်းတူညီမျှအခွင့်အရေး (Equality)ကို ရရှိဖို့ လိုအပ် သလို တစ်ဦးချင်းစီမှာရှိတဲ့ လိုအပ်ချက်၊ အားနည်းချက် တွေကို စဉ်းစားပြီး ဖြည့်ဆည်းပေးနိုင်မယ့် သာတူညီမျှ အခွင့်အရေး (Equity)ရရှိဖို့လည်း အရေးကြီးပါတယ်။
ဘယ်နေရာမှာမဆို ခွဲခြားဆက်ဆံမှုတွေရှိနေသမျှ ပြဿနာတွေ အမြဲရှိနေပြီး ငြိမ်းချမ်းမှုဆိုတာ ရှိလာနိုင်မှာ မဟုတ်တဲ့အတွက် (အိမ်တွေမှာ၊ ကျောင်းတွေမှာ၊ ရုံးတွေ မှာ၊ ပတ်ဝန်းကျင်မှာ၊ ကမ္ဘာကြီးမှာ) ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ဖို့လိုမှာ ဖြစ်ပါတယ်။ တကယ်တော့ သာတူညီမျှအခွင့်အရေး မရဘူးဆိုရင် “ပြစ်ပယ်ခံရခြင်း” ဆိုတဲ့အကြောင်းအရာတွေ ရှိလာမှာ အမှန်ပါပဲ။ ဒါ့ကြောင့် ပဋိပက္ခဖြစ်ပွားမှုတွေရဲ့ အကြောင်း ရင်းတွေထဲမှာ “ပြစ်ပယ်ခံရခြင်း” ဆိုတဲ့အရာတွေ ရှိနေ တယ်ဆိုတာကို သတိပြုသင့်ပါတယ်။
ပဋိပက္ခအားလုံးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေ တာဟာ သဘာဝပါပဲ။ အဲဒီပဋိပက္ခတွေကို အဖြေရှာရင်း အတူတကွ ပေါင်းသင်းဆက်ဆံရေး ခိုင်မြဲသွားတာ၊ ပိုမို ကောင်းမွန်ငြိမ်းချမ်းတဲ့အခြေအနေရရှိသွားတာလည်း ရှိနိုင် ပါတယ်။
ပညာသင်ကြားမှုနဲ့ သင်ယူမှုဖြစ်စဉ်တစ်လျှောက်လုံး မှာ လူတိုင်းအကျုံးဝင်ရေးနဲ့ မျှတရေးဟာ အလွန်အရေးကြီး ပါတယ်။ ကလေးတိုင်း ပညာသင်ခွင့်ရရှိရေးမှာ ဖယ်ကြဉ် ထားမှု၊ ချန်လှပ်ထားမှု၊ ကွာဟမှုများနဲ့ မမျှတမှုများ အားလုံးကို ကျွန်မတို့ အလေးထားသတိပြုသင့်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း “လူသားအားလုံး အကျုံးဝင်မှုရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေး” ဆိုတဲ့ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်-၄ (Sustainable Development Goal-4) ပေါက်မြောက် အောင် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အတွက် လည်း ဝမ်းသာမိပါတယ်။
ကျွန်မတို့ဟာ အစိုးရကျောင်းတွေကို ခိုင်မာအောင် တည်ဆောက်ရမှာဖြစ်သလို ပုဂ္ဂလိကကျောင်းတွေ ဖွံ့ဖြိုး တိုးတက်လာတာကိုလည်း အားပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကျောင်းကသာ အကောင်းဆုံးပညာရေး ကိုပေးနိုင်တယ်ဆိုတဲ့အမြင်ကိုတော့ မိဘတွေမမြင်စေချင် ပါဘူး။ အစိုးရကျောင်းတွေရဲ့အရည်အသွေးနဲ့ ပုဂ္ဂလိက ကျောင်းတွေရဲ့ အရည်အသွေး ကွာဟမှုနည်းလာအောင် လည်း ဆောင်ရွက်ဖို့လိုပါတယ်။
နှစ်စဉ်တိုးမြှင့်သုံးစွဲလျက်ရှိ
ကျွန်မတို့အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန် နေရတာဖြစ်နေသေးတဲ့အတွက် ပညာရေးအသုံးစရိတ်ကို မျှော်မှန်းထားသလောက် မသုံးနိုင်သေးပါဘူး။ ဒါပေမယ့် ပညာရေးပြုပြင်ပြောင်းလဲမှုတွေမှာ တတ်နိုင်သလောက် ကျခံသုံးစွဲနေပါတယ်။ ပညာရေးအသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့်သုံးစွဲလျက်ရှိတာ အားလုံးအသိပဲဖြစ်ပါ တယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ သုံးစွဲဖို့လိုအပ်နေဆဲဖြစ်ပါတယ်။
အခြေခံပညာကျောင်းတွေမှာ အခုဆိုရင် ကျောင်း ထောက်ပံ့ကြေးတွေပေးနေတဲ့အပြင် အခမဲ့ပညာရေးစနစ် ကို အကောင်အထည်ဖော်နေတဲ့အတွက် မိဘတွေဟာ မိမိ တို့ ကလေးတွေအတွက် ပညာရေးမှာ သုံးစွဲရမယ့် အသုံး စရိတ်တွေ ယခင်ကထက် သိသိသာသာ လျော့ကျပြီး အခမဲ့ပညာရေးစနစ်ရဲ့ အကျိုးကျေးဇူးတွေကို ခံစားနေ ကြရပြီဖြစ်ပါတယ်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါမှာ ထူးချွန်ထက်မြက်တဲ့ “လူသား” တွေကို မွေးထုတ်ပေးဖို့အတွက် ကျောင်းသား၊ လူငယ်တွေ ကို ကျန်းမာခိုင်ခံ့အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။
ထိန်းသိမ်းလမ်းညွှန်ပေး
ကျောင်းသားလူငယ်များမှာ ငြိမ်းချမ်းတဲ့စိတ်တွေ ဖြစ်ပေါ်စေဖို့ ပန်းချီ၊ ဂီတ စတဲ့ အနုပညာ၊ ရသပညာတွေ ကို လေ့ကျင့်သင်ကြားပေးဖို့လည်း လိုအပ်ပါတယ်။ ယနေ့ ခေတ် လူငယ်များနှစ်သက်စွဲလမ်းနေကြတဲ့ အလွန်အကျွံ ဂိမ်းကစားခြင်းဟာ ကောင်းကျိုးမပြုတဲ့အတွက် ဆရာ တွေ မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့၊ ထိန်းသိမ်းလမ်းညွှန် ပေးဖို့လည်း လိုအပ်ပါတယ်။
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲတွေကို လူထုလှုပ်ရှားမှုအသွင်နဲ့ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းသားများကို သင်ကြား ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ကျောင်းစာကြည့် တိုက်တွေ၊ စာကြည့်ခန်းတွေ ဖွင့်လှစ်ပေးပြီး ကလေးတွေရဲ့ အသက်အရွယ်နဲ့ကိုက်ညီတဲ့ စာအုပ်၊ စာပေတွေကိုလည်းဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ ကျောင်းသားလူငယ်များတက်ကြွစွာကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်း များ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခါ မိမိကိုယ်မိမိ အရေးပေါ်ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း သင်ကြားပေးဖို့လိုပါတယ်။ ကျောင်းသားလူငယ်များကို ကောင်းမွန်တဲ့ ကိုယ်ကျင့် တရားတွေ ပြန့်ပွားစေဖို့ “ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်” စာအုပ်တွေကို အခြေခံ ပညာကျောင်းတွေမှာ အခမဲ့ဖြန့်ဝေပြီး သင်ကြားနေပြီလို့ သိရပါတယ်။
ဒီလိုသင်ကြားပေးမှသာ အမှန်တရားကို ရှုမြင် သုံးသပ်နိုင်တဲ့ အရည်အသွေးနဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အရည်အသွေးတွေ မြင့်မားလာပြီး “ငြိမ်းချမ်းမှုပညာရေး” ကို အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒီမှာပြဿနာနဲ့ပတ်သက်လို့ ပြောချင်ပါတယ်။ ကျွန်မ အမြဲပဲပြောပါတယ်။ ပြဿနာက ပြဿနာမဟုတ်ဘူး၊ ပြဿနာကို ဖြေရှင်းပုံဖြေရှင်းနည်းမှန်ဖို့ကသာ ပြဿနာ ဖြစ်ပါတယ်။ ပြဿနာကို ဖြေရှင်းပုံဖြေရှင်းနည်း မမှန်ရင် ဘယ်ပြဿနာကိုမှ ကျွန်မတို့ ရေရှည်အတွက် ကောင်းမွန်စွာဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ ပညာအဆင့် တိုးတက်လာတာနဲ့အတူ နိုင်ငံကလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတိုးတက်လာတာနဲ့ “ရေမြင့်လျှင် ကြာတင့်တယ်” ဆိုတဲ့စကားလိုပဲ ကျွန်မတို့ရဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အဆင့်အတန်းကလည်း မြင့်မား လာမှာဖြစ်ပါတယ်။
ပညာရေးပြုပြင်ပြောင်းလဲမှု
ဒါကြောင့် ပညာရေးလုပ်ငန်းမှာ အောင်မြင်ဖို့ဆိုရင် ဆရာ ဆရာမတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကိုပါ ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ပညာအရည်အသွေးမြင့်မား ဖို့ဆိုရင်ကလေးတစ်ဦးချင်းရဲ့ ပညာသင်ယူမှုအခွင့်အလမ်း ရရှိမှု၊ ဆရာတစ်ဦးချင်းရဲ့ ဆရာ့အရည်အသွေးပြည့်မီမှု၊ ပညာအရည်အသွေးတွေ ပြည့်ဝအောင် ဖြည့်ဆည်းပေး နိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆန်းစစ်သုံးသပ်ပြီး အရည် အသွေးမီ ပညာရေးဝန်ဆောင်မှုပေးနိုင်မယ့် လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒါ့အပြင် အခြေခံပညာရေးရဲ့ အဓိက ရည်မှန်းထားတဲ့ (၁)နိုင်ငံသားကောင်းများ ဖြစ်ထွန်းရေး၊ (၂)အတူတကွ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ထွန်းရေး၊ (၃)တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ ကလေးတွေဖြစ်လာရေးနဲ့ (၄)ဆန်းစစ် တီထွင်ဖန်တီးတတ်တဲ့ကလေးတွေ ဖြစ်လာစေရေး စတဲ့ နိုင်ငံ့ရဲ့ ရေရှည်အနာဂတ်မှာ အားကိုးအားထားပြုရမယ့် မျိုးဆက်သစ်တွေ ဖြစ်ထွန်းလာရေးအတွက် အခြေခံပညာ ကဏ္ဍ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်တဲ့ အခါမှာ မိဘပြည်သူတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ ပညာရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ သူတွေအားလုံးက ဟန်ချက်ညီညီနဲ့ ပူးပေါင်းပါဝင်ပေး ကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။ အရည်အသွေး ရှိတဲ့ ပညာရေးစနစ်ကို ပြောင်းလဲတည်ဆောက်နိုင်ဖို့ဆို ရင် မိမိသာမက အခြားသူများပါ လေ့လာသင်ယူပြီး ဖွံ့ဖြိုး တိုးတက်နေဖို့ လိုပါတယ်။ တကယ်တော့ ပညာဆိုတာ လက်ဆင့်ကမ်းရမယ့်အရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တတ်ထားတဲ့ပညာတွေ၊ အတွေ့အကြုံတွေ၊ အကြံပြု လိုတဲ့အချက်တွေကို ဆွေးနွေးဖလှယ်ပြီး အခြေခံပညာ ကဏ္ဍ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ အရွေ့တစ်ခုမှာသမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ်နိုင်ဖို့ အကောင်းဆုံး ဆွေးနွေးအကြံပြုပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
အားလုံးဝိုင်းဝန်းကြိုးစား
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့ အခုဒီလို ဆွေးနွေးတဲ့အခါမှာ ကိုယ်ကချည်းပဲ မှန်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးလို့မဖြစ်ပါဘူး။ ဆွေးနွေးတယ်၊ ညှိနှိုင်းတယ်ဆိုတာ အစကတည်းက ကိုယ်လည်းမှားနိုင် တယ်၊ ဟိုဘက်ကလည်း မှန်နိုင်တယ်ဆိုတာကို နှလုံးသွင်း မှသာ ကျွန်မတို့ တကယ် ရှေ့ကိုတိုးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အခုဒီမှာဆွေးနွေးတယ်ဆိုရင် သူများ တွေရဲ့အမြင်ကို နားထောင်ပါ။ သူများတွေရဲ့ အမြင်ဟာ၊ အတွေးတွေဟာ ကိုယ်နဲ့မတူလို့ရှိရင် ဘာကြောင့်မတူ သလဲ၊ ဘယ်ဟာက ပိုပြီးတော့ ကျွန်မတို့နိုင်ငံအတွက် သင့်တော်သလဲ၊ ကျွန်မတို့ရဲ့ခေတ်မှာ ဘယ်ဟာကပိုပြီး တော့ ဆီလျော်သလဲဆိုတာ သေသေချာချာစဉ်းစား စေချင်ပါတယ်။ စဉ်းစားတဲ့အခါမှာလည်း တစ်ရက်အတွက်၊ တစ်နှစ်အတွက်၊ နှစ်နှစ်သုံးနှစ်အတွက် မဟုတ်ဘဲနဲ့ ကျွန်မတို့နိုင်ငံရဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် စဉ်းစားပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် တည်ဆောက် ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားကြပါလို့ ဆော်ဩ ရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟုပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီနှင့် ပါမောက္ခချုပ်များကော်မတီ တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ၊ စာတမ်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ပညာ ရေးမှူးရုံး ဓာတုဗေဒဘာသာရပ်ပြခန်းနှင့် Home Economic ပြခန်း၊ အခြေခံပညာဦးစီးဌာန ICT ပြခန်းနှင့် ပညာရေးအတွက် ၃၆၀’ ED ပြခန်း၊ နေပြည်တော် ပညာရေးမှူးရုံး သင်ရိုးသစ်သင်ထောက်ကူပစ္စည်းပြခန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ပညာရေးတက္ကသိုလ် သစ်လွင်လှပဆန်းသစ် ပညာသုတေသနပြခန်း၊ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနပြခန်း၊ လုံခြုံဘေးကင်းပြီး ကလေး ပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန် ပြခန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဦးစားပေး လုပ်ငန်းစဉ်(၇)ရပ်နှင့် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ် ပြခန်း၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး သိပ္ပံနှင့် Recycle Art ပြခန်းတို့အား လိုက်လံကြည့်ရှုအားပေးသည်။
သတင်းစဉ်

မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်

အယ်ဒီတာ့အာဘော်
----------------------

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောနိုင်ငံဖြစ်သည်။ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြတ်နိုးဖွယ်ရာယဉ်ကျေးမှု အစဉ်အလာများ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဖြစ်ထွန်းနေသည်။ ခေတ်ကာလများ မည်သို့ပင်ရွေ့လျားလာသော်လည်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများမှာ မှေးမှိန်သွားခြင်းမရှိပေ။ ဤသည်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံ၏ ထူးခြားသောဂုဏ်ဒြပ်ပင် ဖြစ်သည်။
အလျှံပယ်ပေါများသော ယဉ်ကျေးမှုနယ်ပယ်တွင် ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်မျိုးရှိရာ ထိုယဉ်ကျေးမှုနယ်ပယ် နှစ်မျိုးစလုံးတွင် ပါဝင်သော အဖိုးတန်အမွေအနှစ်များကို သက်ဆိုင်ရာတို့နှင့် မြတ်နိုးတန်ဖိုး ထားသူတို့က ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နေကြသည်။ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အသိအမှတ် ပြုလာစေရန်၊ မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါသိရှိစေရန် မြှင့်တင်အားပေးနေသည်ကို မြင်တွေ့ရသည်။
နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဆိုသည်မှာ ထိုနိုင်ငံရှိလူမျိုးတို့၏ ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့သည့်ပစ္စည်းမှန်သမျှ၊ ထိုလူမျိုးတို့၏ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ပြောဆိုသောဘာသာစကား၊ ရိုးရာ ဓလေ့ထုံးစံ၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုအနုပညာဗိသုကာနှင့် အနုသုခုမပညာရပ်တို့ကိုပေါင်းခြုံထားခြင်းပင် ဖြစ်သည်။ အမျိုးအစားအားဖြင့် ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်မျိုးခွဲခြားထားပြီး ဒြပ်ရှိ ယဉ်ကျေးမှုတွင် လူသားတို့သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ရသော ပစ္စည်း အားလုံးကိုဆိုလိုသည်။ ဒြပ်မဲ့ယဉ်ကျေးမှုမှာ နာမ်သဘောသဘာဝဖြစ်ပြီး လူသားတို့အသုံးပြုနေသော ကိုင်တွယ်ထိတွေ့၍ မရသည့်အရာများဖြစ်သည်။
ယဉ်ကျေးမှုအမွေအနှစ်ဟူသည်မှာ ရုပ်ဝတ္ထုပစ္စည်းများသာမကဘဲ ဘိုး၊ ဘေး၊ ဘီ၊ ဘင်အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ကြသည့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ၊ သဘောတရားများသာမက ပါးစပ်ရာဇဝင်များပါ ပါဝင်ကြောင်း ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးက သတ်မှတ်ထားရာ တိမ်ကော ပျောက်ကွယ်နိုင်သည့် ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ပါးစပ်ရာဇဝင်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ သည် နိုင်ငံဖွံ့ဖြိုးအောင်ရုန်းကန်နေရ၍ ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်း၌ အားနည်းချက်များရှိနေသေးရာ ယဉ်ကျေးမှုအပိုင်း၌ ဓလေ့ထုံးစံများနှင့် ပါးစပ် ရာဇဝင်တို့ မပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်ကာလတွင် ဒြပ်မဲ့ယဉ်ကျေးမှုများ တိမ်ကော ပပျောက်သွားမည့်အရေးကို မြော်တွေး၍ ကမ္ဘာ့နိုင်ငံများက ဒြပ်မဲ့ယဉ်ကျေးမှုများကို အရေးကြီးသောအခန်းကဏ္ဍတစ်ခုအဖြစ်ထား၍ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး၊ တစ်ဦး ချင်း၊ အုပ်စုချင်းနှင့် နိုင်ငံတကာအလိုက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအားအလေးထားသိမြင်မြှင့်တင်ရန်နှင့် အပြန်အလှန်အလေးထားရေးအတွက် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးနှင့် ကူညီထောက်ပံ့ရေးကိုဆောင်ရွက်ရန် ၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝန်းလုံးရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် စောင့်ရှောက်ရေးကွန်ဗင်းရှင်းကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
ကွန်ဗင်းရှင်းပါသတ်မှတ်ချက်အရ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များအား ယူနက်စကိုက အသိအမှတ်ပြုရာတွင် လူသားမျိုးနွယ်ကို ကိုယ်စားပြုသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းနှင့် အရေးပေါ် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဟူ၍ခွဲခြားပြီး အဖွဲ့ဝင်နိုင်ငံများ၏ တင်ပြချက်အလိုက် စိစစ်လက်ခံ အသိအမှတ်ပြုပေးလျက် ရှိသည်။ မြန်မာနိုင်ငံတွင် ဒြပ်ရှိယဉ်ကျေးမှုများ အနက်မှ ရှေးဟောင်းမြို့ပြအမွေအနှစ်များအား ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်စာရင်းသို့ ဝင်ရောက်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ရှေးရိုးအစဉ်အဆက် ဒြပ်မဲ့ယဉ်ကျေးမှုများ၊ အမွေအနှစ်များကို ယူနက်စကို သို့တင်နိုင်အောင် ကြိုးပမ်းအားထုတ်နေသည်။ ယခုအခါ လူသားမျိုးနွယ် ကိုယ်စားပြုစာရင်းသို့ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ထုံးစံကို အမည် စာရင်းတင်သွင်းရန် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
သို့ဖြစ်၍ တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော် မှီတင်းနေထိုင်သော မြန်မာနိုင်ငံတွင် ဘိုး၊ ဘွား၊ ဘီ၊ ဘင်တို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအစဉ်အလာများ အမြောက်အမြားရှိပြီး ယင်းတို့နှင့်ပတ်သက်၍ နှံ့စပ်သိမြင်သောပုဂ္ဂိုလ်များ လည်း ရှိနေသေးသည်ဖြစ်ရာ မပျောက်မပျက်ကျန်ရှိနေသေးသော ရှေးရိုး အစဉ်အဆက် ဒြပ်မဲ့ယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Tuesday, January 28, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်



Image may contain: one or more people
နေပြည်တော် ဇန်နဝါရီ ၂၇



၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ(Pre - Service Primary Teacher Training – PPTT) တစ်နှစ်သင်တန်း သင်ရိုးရေးဆွဲမှုလုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟန်ချက်ညီညီဆောင်ရွက်
ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာဆရာမများသည် အဓိက ပင်မအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဆရာအတတ်ပညာများ လေ့ကျင့် မွေးထုတ်ပေးရာတွင် အခြေခံပညာကဏ္ဍရှိ ဆရာဆရာမများအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ (Pre - Service Teacher Education) နှင့် လုပ်ငန်းခွင်ဆရာအတတ်ပညာ (In-Service Teacher Education) သင်တန်းများဖြင့် အရည်အသွေးမြှင့်တင်ရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း အခြေခံပညာ ပြုပြင်ပြောင်းလဲမှုနှင့်အညီ ဆရာအတတ်ပညာသင်ရိုးညွှန်းတမ်းနှင့် သင်တန်း ပုံစံများကို ကာလတိုအတွက် ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက် သည် လက်ရှိ ခြောက်လသင်ရိုးကို ပြန်လည်သုံးသပ်ပြီး သင်ကြားပို့ချမည့် ဘာသာရပ် အကြောင်းအရာများ၊ သင်တန်းကာလနှင့် သင်တန်းပုံစံများ၊ လက်တွေ့တန်းပြဆင်းခြင်း အစီအစဉ်များ၊ Assignment and Assessment များ၊ သုတေသနပြုအစီအစဉ်များကို အသေးစိတ်ဆွေးနွေးပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာရန်ဖြစ်ကြောင်း၊ သို့မှသာ အရည်အသွေးရှိသော သင်ရိုးညွှန်းတမ်း များဖြင့် ၂၁ ရာစု ကျွမ်းကျင်မှုများ၊ ပေါင်းသင်းဆက်ဆံရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ တစ်ကိုယ်ရေဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်ရရှိမှုဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည့် အရည်အသွေးပြည့်၀ သော ဆရာ ဆရာမလောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ဆွေးနွေးမှုရလဒ်များအတည်ပြု
ယင်းနောက် ညှိနှိုင်းဆွေးနွေးပွဲကို ဘာသာရပ်အလိုက် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အုပ်စုတစ်ခုချင်းမှ ဆွေးနွေးချက်ရလဒ်များကို တင်ပြခြင်း၊ ဘာသာရပ်အလိုက် အုပ်စုတစ်ခုချင်းစီမှ တင်ပြခြင်း၊ ဆွေးနွေးမှုရလဒ်များကို အတည်ပြုခြင်း စသည့် အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။
သတင်းစဉ်

2019 Novel Coronavirus ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ




Image may contain: 1 person, indoor
နေပြည်တော် ဇန်နဝါရီ ၂၇



2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ကုသရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ ကျင်းပသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတကာမှ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ခရီးသည် များကို ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပြည်တွင်းသို့ ဝင်ရောက်စဉ်က သံသယ လက္ခဏာများ မရှိသော်လည်း ရောဂါပျိုးချိန် အတွင်း သံသယလက္ခဏာများ ပေါ်ပေါက် ပါက စောစီးစွာ တုံ့ပြန်ဆောင်ရွက်မှုတို့တွင် အထူးအရေးကြီးပါကြောင်း၊ သံသယလူနာ များ တွေ့ရှိပါက လူနာလွှဲပြောင်းမှု၊ သီးခြား ခန်းတွင် ထားရှိကုသမှုများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်းကျပ်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအတွင်းသာမက နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပါ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုများ ကောင်းမွန် ရေးသည် အထူးအရေးကြီးပါကြောင်း။
ထို့အပြင် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများနှင့် သတင်းအချက်အလက်များ အပြန်အလှန် ဆက်သွယ်ပေးပို့ရေးသည် အရေးကြီးပါကြောင်း၊ ယခုအစည်းအဝေး ၏ ဆွေးနွေးမှုများကို တက်ရောက်လာကြ သူများသာမက နိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံအုပ် များ သိရှိရန် ဖြန့်ဝေသွားရမည်ဖြစ်ကြောင်း၊ ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲ ဆိုင်ရာ ကဏ္ဍများအနေဖြင့် တူညီသော သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီရရှိရန်၊ အပြန်အလှန် သတင်း ဖလှယ်ရန် ဆက်သွယ်ရေး ကွန်ရက် လမ်းကြောင်းတစ်ခု ချက်ချင်းဖော်ဆောင် ထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်သည့် ဌာန၊ တာဝန်ရှိသူများ အချိန်ကိုက်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် (synchronized coordination and collaboration) လုပ်ကိုင်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆွေးနွေးအကြံပြု
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ က 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားပျံ့နှံ့မှုများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာကျန်းမာရေးအဖွဲ့ အစည်းများမှ ထုတ်ပြန်ကြေညာချက်များ၊ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက် လမ်းကြောင်းများ၌ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်နေမှု၊ လုပ်ငန်း လမ်းညွှန်များ ဖြန့်ဝေထားရှိမှု၊ သံသယ လူနာများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းကုသမှုအတွက် စီစဉ် ထားရှိမှု၊ ဆေးရုံများတွင် သံသယလူနာများ အတွက် သီးခြားခန်းများ ပြင်ဆင်ထားရှိမှု၊ ပြည်သူများထံ ကျန်းမာရေးအသိပေးချက်နှင့် အသိပညာများ ဖြန့်ဝေထားရှိမှု၊ နှီးနွှယ် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ထားရှိမှု၊ ရောဂါဖြစ်ပွားရာ ဒေသများမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများ မရှိသော်လည်း ရောဂါပျိုးချိန်အတွင်း ရောဂါဖြစ်ပွားမှု သံသယရှိပါက စောစီးစွာ ထောက်လှမ်းသိရှိ ရန်၊ ကုသပေးရန်နှင့် အခြားသူများထံ ရောဂါ ပြန့်ပွားမှုမရှိစေရန်တို့အတွက် တုံ့ပြန် ဆောင်ရွက်မှုများ ပြုလုပ်ရန် ဆောင်ရွက်ထား ရှိမှု၊ ဆေးနှင့် ဆေးပစ္စည်း၊ ဘဏ္ဍာရေးကြိုတင် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြ ကြရာ ဆေးရုံအုပ်ကြီးများနှင့် ဒုတိယဆေးရုံ အုပ်ကြီးများက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးတွင် ကျင်းပသည့် ဟိုတယ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကဆေးရုံ လုပ်ငန်းများမှ တာဝန်ရှိသူများမှ ရောဂါ စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အသိပေး ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက်လမ်းကြောင်းများ၌ သေချာစွာ ရောဂါစောင့်ကြပ် ကြည့်ရှု ဆောင်ရွက်နိုင်ပါက သံသယလူနာများနှင့် ရောဂါဖြစ်ပွားသူများကို စောစီးစွာ သိရှိ ထောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လက်ရှိ ထုတ်ပြန်ချက်များအရ 2019 Novel Coro-navirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ၏ ရောဂါပျိုးချိန်သည် ရက်သတ္တ နှစ်ပတ်ခန့်ရှိသဖြင့် ရောဂါဖြစ်ပွားရာ ဒေသ များမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ် လက္ခဏာများမရှိ၊ နာမကျန်း မှု မရှိသော်လည်း ရောဂါပျိုးချိန်အတွင်း ရောဂါဖြစ်ပွားမှု ရှိနိုင်ပါကြောင်း။
ပူးပေါင်းပါဝင်မှုသည် အရေးကြီး
ထိုသို့သော လူနာများကို စောစီးစွာ ထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြား သူများထံ ရောဂါပြန့်ပွားမှုမရှိရန်အတွက် အရေးကြီးသဖြင့် အလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အဆိုပါရောဂါသည် လူတစ်ဦးတွင် ရောဂါရှိပါက အခြားသူများသို့ မကူးစက်နိုင်သည့် သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါတို့ကဲ့သို့ မဟုတ်ဘဲ လူတစ်ဦးမှ တစ်ဦးထံ ကူးစက်နိုင်သည့် ရောဂါဖြစ်သဖြင့် အဖွဲ့ အစည်းများနှင့် ပြည်သူများတစ်ဦးချင်းစီ မှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီး ပါကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် ဟိုတယ် လုပ်ငန်းဆောင်ရွက်သူများ၊ ဟိုတယ်နှင့် တည်းခိုခန်း ဝန်ထမ်းများနှင့် ခရီးသွားကုမ္ပဏီ များနှင့် ဧည့်လမ်းညွှန်များ၏ အခန်းကဏ္ဍ သည် ယခုအချိန်၌ အလွန်အရေးကြီး ပါကြောင်း၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော Health Declaration Form ကို ပြည်ပ မှ လေကြောင်းခရီးဖြင့် လာရောက်သည့် ခရီးသည်များကို စနစ်တကျပြည့်စုံစွာ ဖြည့်စွက်ထားမှသာ ပြည်တွင်းသို့ ဝင်ရောက် ခွင့်ပြုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတကာ လေကြောင်းလိုင်းများသို့ အကြောင်းကြား ထားပြီး ဆောင်ရွက်နေပြီဖြစ်ကြောင်း။
နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံ သို့ ဝင်ရောက်စဉ်တွင် တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများ၊ သွားလာ မည့်နေရာဒေသများကို အဆိုပါ Health Declaration Form များတွင် ဖြည့်သွင်းစေပြီး မှတ်သားထားရှိပါကြောင်း၊ သက်ဆိုင်ရာ တည်းခိုခန်းနှင့် ဟိုတယ်များမှ တာဝန်ရှိ သူများနှင့် ခရီးသွားလမ်းညွှန်များအနေဖြင့် လာရောက်တည်းခိုသည့် နိုင်ငံတကာခရီး သည်များတွင် ရောဂါဖြစ်ပွားမှု သံသယ လက္ခဏာများ တွေ့ရှိရခြင်း၊ နာမကျန်း ဖြစ်ခြင်းတို့ကို တွေ့ရှိပါက သတ်မှတ်ထားသော ကျန်းမာရေးဌာနသို့ ချက်ချင်းတယ်လီဖုန်း ဖြင့်အကြောင်းကြားပေးကြစေလိုပါကြောင်း၊ ဆေးရုံမှ တာဝန်ရှိသူများကလည်း ချက်ချင်း တုံ့ပြန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ရောဂါ၏ သံသယလက္ခဏာများကို တည်းခိုခန်းနှင့် ဟိုတယ်များမှ ဝန်ထမ်းများ၊ ခရီးသွားလမ်းညွှန်များနှင့် ခရီးသည်များ သိရှိစေရေး ကျန်းမာရေးအသိပညာပေး ဗွီနိုင်း ပိုစတာများကို ဟိုတယ်နှင့် တည်းခိုခန်း များတွင် အမြန်ဆုံးတပ်ဆင်ထားရှိပေးကြ စေလိုပါကြောင်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း များအနေဖြင့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ သံသယလူနာများ လာရောက်ပြသမှုရှိပါက လုပ်ထုံးလုပ်နည်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသော ဆေးရုံ သို့ ချက်ချင်းသတင်းပေးပို့ အကြောင်းကြား ခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ပြည်သူများအနေဖြင့် ထိုသို့ သံသယ ရောဂါလက္ခဏာများနှင့် လူနာများကို တွေ့ရှိ ပါက သက်ဆိုင်ရာမြို့နယ်ရှိ ကျန်းမာရေး ဌာနသို့ အကြောင်းကြားပေးနိုင်ရန် အရေးပေါ် (၂၄) နာရီ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အများပြည်သူသုံး ဘတ်စ်ကားများတွင် ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိ ပညာပေး စတစ်ကာများ တပ်ဆင်ထားရှိမည် ဖြစ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း။
လေ့လာလျက်ရှိ
ယခုကဲ့သို့ အစပိုင်းကာလတွင် ကျန်းမာ ရေး ဝန်ထမ်းများ၊ တည်းခိုခန်းနှင့် ဟိုတယ် များမှ ဝန်ထမ်းများ၊ ခရီးသွားလမ်းညွှန်များ၊ ပြည်သူများနှင့် ခရီးသည်များကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့် ရောဂါ ကာကွယ်နှိမ်နင်းမှုလုပ်ငန်းများ ထိရောက် အောင်မြင်မည်ဖြစ်ကြောင်း၊ ရောဂါ၏ ရောဂါဖြစ်ပေါ်ပြောင်းလဲမှု သဘောသဘာဝ (natural history of disease) ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများက ဆက်လက် လေ့လာလျက်ရှိပါကြောင်း၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အဆိုပါ ရောဂါဖြစ်ပွားမှုများကို ပြည်သူ့ကျန်းမာရေး ဆိုင်ရာ နိုင်ငံတကာအရေးပေါ် အခြေအနေ အဖြစ် သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် အကြံပြု တိုက်တွန်းထားသည်နှင့်အညီ ဝန်ကြီးဌာနမှ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် အင်တာနက်ကွန်ရက်မှ သတင်းအချက် အလက်များကို လေ့လာကြည့်ရှုသည့်အခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ US CDC၊ နိုင်ငံ တကာ ကျန်းမာရေးဝန်ကြီးဌာနများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင် အင်တာနက်စာမျက်နှာများ စသည့်ခိုင်မာ သော သတင်းအရင်းအမြစ်များမှ သတင်း အချက်အလက်များကို လေ့လာရမည် ဖြစ်ပါကြောင်း။
အခြားခိုင်မာမှုမရှိသော သတင်းအရင်း အမြစ်များမှ အချက်အလက်များကို စိတ်ချ ရသော သတင်းအရင်းအမြစ်များမှ အချက် အလက်များနှင့် ချိန်ထိုးတိုက်ဆိုင်စေလို ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာ တွင် 2019 Novel Coronavirus (2019-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု၊ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှု များကို မျက်ခြည်မပြတ်လေ့လာ၍ တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများအနေဖြင့် မိမိတို့ လုပ်ဆောင်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရောဂါ နှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံးရရှိထားသော အချက်အလက် များကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးက ပြည်သူများထံ ရောဂါကာကွယ်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးအသိပညာ များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများ က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ ကြရာ ပြည်သူ့ကျန်းမာရေး၊ ကုသရေးနှင့် ဓာတ်ခွဲပညာရှင်များက ပြန်လည်ဖြေကြားကြ သည်။
သတင်းစဉ်

မှန်ကန်သည့် အကြံပြုချက်များအတိုင်း နေထိုင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်



အိမ်နီးချင်းနိုင်ငံမှ ကူးစက်ရောဂါပျံ့နှံ့မှုသတင်းက မိမိတို့ နိုင်ငံမှ ပြည်သူများအတွင်း၌လည်း စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ ၂၀၁၉ - နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟု တရားဝင်အမည်ရှိသည့် အဆိုပါ ကူးစက်ရောဂါပိုးမှာ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဝူဟန်မြို့ကို အစွဲပြုပြီး ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟူ၍လည်း အမည် တွင်နေခဲ့ပြီဖြစ်သည်။ လူဦးရေ ၁၉ သန်းကျော် နေထိုင်သည့် ဝူဟန် မြို့ကြီးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုစတင်လာခဲ့ချိန်မှစ၍ ကူးစက်မှုအရှိန်အဟုန်မြင့်မားလာသည့် လက်ရှိအချိန်တွင်မူ လူသွားလူလာ အလျှင်းမရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပြီ ဖြစ်သည် ကို သတင်းများတွင် တွေ့ရသည်။ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်မှာမူ ဟောင်ကောင်၊ မကာအို၊ တရုတ် (တိုင်ပေ) တို့အပြင် ဩစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ နီပေါ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဗီယက်နမ်တို့အထိ ရောက်ရှိသွားပြီဖြစ်သည်။
အဆိုပါ နိုင်ငံများတွင် ၂၀၁၉ - နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရ ကြောင်း အတည်ပြုနိုင်သည့် လူနာစုစုပေါင်း ၂၃ ဦးရှိသည့်အနက် ၂၁ ဦးတို့မှာ ဝူဟန်မြို့သို့ ခရီးသွားခဲ့ကြ သူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟုဆိုသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား နယ်စပ်ဝင်ထွက်ပေါက်များရှိနေသည့်အပြင် လေကြောင်းမှ နေ့စဉ်ဝင်ထွက်မှုများလည်းရှိခြင်း၊ မြန်မာနိုင်ငံနှင့် နောက်ထပ် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသို့ပါ ရောဂါကူးစက်လာ နေခြင်း၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ တရုတ်ဘက်ခြမ်းမြို့အချို့၌ပါ ရောဂါပျံ့နှံ့မှုများ တွေ့ရှိလာရခြင်း သတင်းများကြောင့်လည်း မိမိတို့ မြန်မာနိုင်ငံအတွင်း စိုးရိမ်မှုများမြင့်တက်လာနေရခြင်းဖြစ်သည်။ ထို့ပြင် ဗိုင်းရပ်စ်ကူးစက်ခံရပြီးသူတစ်ဦးတွင် ရောဂါအစပျိုးချိန်မှာ ရက်သတ္တပတ် ၂ ပတ်ကျော်ကြာမြင့်သည်ဆိုသည့် အချက်မှာလည်း အထူးဂရုပြုဖွယ်ပင် ဖြစ်သည်။
သို့ဖြစ်သည့်အလျောက် လူတိုင်းလူတိုင်းက မိမိတို့၏ ကျန်းမာရေးကို ဂရုပြုကာကွယ်စောင့်ရှောက်ကာ ကျန်းမာရေးဆိုင်ရာ အကြံပြုချက် များနှင့်အညီ စားသောက်နေထိုင်သွားခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်မှုမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ လူအများသုံးစွဲကြသည့် လူမှုကွန်ရက်များတွင် ရောထွေးနေသည့်သတင်းမှား၊ သတင်းမှန်များ၊ မဟုတ်မမှန် လုပ်ကြံ ရေးသားထားသည်များ စသည်တို့ကြောင့် အချက်အလက်အမှန်များကို မရရှိဘဲ စိတ်ရှုပ်ထွေးဖွယ်ရာများကိုသာ တွေ့ကြုံရဖွယ်ရှိသည့်အလျောက် ခိုင်မာမှန်ကန်၍ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များမှ သတင်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ထုတ်ပြန်ထားသည့် သတင်း အချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကိုသာ ရယူကြရန် တိုက်တွန်းလိုသည်။
အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်သည့် ၂၀၁၉ - နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုးတွယ်ကပ် နေသည့် အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်မိ၍ ကူးစက်ခြင်းဟူသော နည်းလမ်းနှစ်သွယ်ရှိနေရာ နှာခေါင်းနှင့် ပါးစပ်တို့ လုံခြုံအောင် နှာခေါင်း စည်း အသုံးပြုဖုံးအုပ်ခြင်း၊ ရေနှင့် ဆပ်ပြာတို့ကို အသုံးပြု၍ လက်များကို မကြာမကြာဆေးကြောခြင်းတို့က ရာခိုင်နှုန်းတော်တော်များများ ကာကွယ်ပေးနိုင်သည်။ လူထူသည့်နေရာများ၊ ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ခြင်း၊ လူကျပ်သည့် ဘတ်စ်ကားများကို မဖြစ်မနေစီးရ လျှင်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မှု မဖြစ်ပွားစေရန် ဂရုပြုခြင်း၊ သားငါးများကို ကျက်အောင် စနစ်တကျ ချက်ပြုတ်ပြီးမှ စားသောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုပြုခြင်း၊ အာဟာရပြည့်ဝ အောင် စားသုံး၍ ကောင်းစွာအိပ်စက်အနားယူခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း စသည့် အကြံပြုချက်များအတိုင်း နေထိုင်ခြင်းဖြင့် ရောဂါကူးစက်မှုမှ ရှောင်ရှားနိုင်ကြသည်။
အဆုတ်ရောင်ရောဂါ(၂၀၁၉-nCoV)ကို မိမိကိုယ်တိုင် ဖြစ်ပွားသည်ဟု သံသယရှိလျှင်ဖြစ်စေ၊ အခြားတစ်ဦးဦးတွင် ဖြစ်ပွားနေသည်ဟု သံသယ ဖြစ်ဖွယ် တွေ့ရှိလျှင်ဖြစ်စေ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများသို့ အမြန်ဆုံး သွားရောက်ကုသကြရန် လိုအပ်သည်။ သာမန် ဖျားနာရောဂါမဟုတ်သည့် အလျောက် ထိရောက်မှန်ကန်သည့် ကုသမှုကို ရယူနိုင်မှသာ ရောဂါဘယဘေး ကင်းဝေးနိုင်မည် ဖြစ်ပါကြောင်း။ ။