Friday, December 13, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Image may contain: 4 people, people standing, wedding and crowd
နေပြည်တော် ဒီဇင်ဘာ ၁၂
(၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှော ဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြား သည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာမြင့်ထွေးနှင့် နိုင်သက်လွင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် သန်းထွဋ်နှင့် ဒေါက်တာဒေါ်မြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသား လွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးကောင်စီနာယကအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) အဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးစက်ရုံ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ၂၀၀၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၂၀)ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များကို ရှေ့လုပ်ငန်း လမ်းညွှန်အဖြစ် ဆောင်ရွက်ရန် ချမှတ်ထားပြီးဖြစ်ပါ ကြောင်း။
သင်တန်းများပေးခဲ့
မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးကဏ္ဍနှင့် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး ပိုမိုတိုးတက်ကောင်း မွန်စေရေးအတွက် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများကို အာဆီယံ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာ ဆိုင်ရာ ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များ၊ ဆေးဝါး များ၏ တည်မြဲမှုနှင့် သက်တမ်းအားတွက်ချက်ခြင်း၊ အရည် အသွေးထိန်းသိမ်းခြင်း၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များနှင့်စပ်လျဉ်း၍ တစ်ပြေးညီ သိရှိနားလည်စေရန် သင်တန်းများပေးခဲ့ပါကြောင်း။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင် များ ပိုမိုလေ့ကျင့်သင်ကြားမွေးထုတ်ပေးနိုင်ရန် တိုင်းရင်း ဆေးတက္ကသိုလ်၌ ဂုဏ်ထူးဆောင်ပါမောက္ခနှင့် တွဲဖက် ပါမောက္ခများ၊ ဧည့်ကထိကများ ခန့်အပ်ပေးခဲ့ခြင်း၊ တိုင်းရင်းဆေးပညာမဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် သင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ် ပေးခြင်း၊ တိုင်းရင်းဆေးရုံအုပ်ချုပ်မှုနှင့် ပတ်သက်၍ “Leadership and Hospital Management သင်တန်းများ” ဖွင့်လှစ်သင်ကြားခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်းအသစ်များ ပေါ်ပေါက် လာစေရေးအတွက် “Training Course on Research Methodology သင်တန်း” နှင့် “မြန်မာ့အကြောပြင်ပညာရပ် ဆိုင်ရာ မွမ်းမံသင်တန်း” များကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါ ကြောင်း။
သမားတုသမားယောင်များ ပပျောက်ရေးအတွက် တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးဆရာအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရပါကြောင်း။
“မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ” ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နာယကအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၁၉) ဖြင့် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးပညာရပ်များသည် သမိုင်း အထောက်အထားများအရ မြန်မာနိုင်ငံ၏ သမိုင်းအစဟု ဆိုရမည့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံမြို့ပြနိုင်ငံများ၏ ခေတ်ကာလများကတည်းက အခြေခိုင်ခံ့သည့် ဆေးပညာ ရပ်များအဖြစ် တင့်တင့်တယ်တယ် တည်ရှိခဲ့သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တိမ်မြုပ်နေသည့် တိုင်းရင်းဆေးပညာသမိုင်းကြောင်းများကို မှတ်တမ်းပြုစုထားသည့် “မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များ (Milestones of Traditional Medicine in Myanmar) စာအုပ်” ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ သည့်အတွက် ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာ၏ တိုးတက်မှုများကို မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း။
အားပေးမြှင့်တင်နေ
မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပညာရပ်တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက် ရင်း အစွမ်းထက်တိုင်းရင်းဆေးဝါးများ ဖြစ်ပေါ်လာစေရန်နှင့် ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရက အားပေးမြှင့် တင်နေသလို တိုင်းရင်းဆေးသမားတော်ကြီးများ၊ တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အစိုးရ အနေဖြင့် မှေးမှိန်ပျောက်ကွယ်လုဖြစ်နေသည့် တိုင်းရင်း ဆေးပညာရပ်များ၊ အာနိသင်ထက်မြက်သည့် တိုင်းရင်း ဆေးဝါးများ၊ အဖိုးထိုက်တန်လှသည့် ဆေးဖက်ဝင်ပရဆေး ပင်နှင့် ဆေးဖက်ဝင်သဘာဝသယံဇာတများကို ပြန်လည် ဖော်ထုတ်နိုင်ရေးကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရပ် တိုးတက်ရေး အတွက် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းဆေးသမားတော် ကြီးများနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများကို စုစည်း တွေ့ဆုံကာ ပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရေး အတွက် နိုင်ငံတော်အဆင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို နှစ်စဉ်မပျက် ကျင်းပနေပါကြောင်း။
ထို့ပြင် ယနေ့မျက်မှောက်ခေတ်ကာလတွင် နိုင်ငံ အချင်းချင်း ပေါင်းသင်းဆက်နွှယ်မှုများ ကဏ္ဍအလိုက် ရှိကြသည့်အတွက် မြန်မာ့တိုင်းရင်းဆေးပညာကိုလည်း နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းရင်းဆေးပညာကုသမှုနည်းစနစ်များ၊ သုတေသနဆိုင်ရာများနှင့် တိုင်းရင်းဆေးပညာများဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံသည် အာဆီယံ၊ ဘင်း(မ်)စတက်နှင့် မဲခေါင်ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားစသည့် နိုင်ငံများနှင့်လည်း နှစ်နိုင်ငံ များအကြား သင်ကြားရေး၊ ကုသရေးနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ဆောင်ရွက်နိုင်ခဲ့
တိုင်းရင်းဆေးရုံ၊ ဆေးခန်းများ၌ မြန်မာ့တိုင်းရင်း ဆေးဝါးများဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက် မှုပေးရာတွင် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေးပိုမိုကောင်းမွန်လာစေရေးအတွက် တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)ကို ခေတ်နှင့်အညီ စက်ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းပြီး ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် စက်စွမ်းအား တိုးမြှင့်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ယနေ့ကျင်းပသည့် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် အားလုံးပါဝင်နိုင်စေရေးအတွက် တက်ရောက်လာကြသည့် အလွှာအသီးသီးမှ တိုင်းရင်းဆေးပညာရှင်များနှင့် အဖွဲ့ အစည်းအသီးသီးမှ ပညာရှင်များအနေဖြင့် မြန်မာ့တိုင်းရင်း ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြမည်ဟု သိရှိရပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် “ဒေသနာနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာ ဓရနယ၊ နက္ခတ္တနယ” ဟူသည့် “နယကြီးလေးပါး” ကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ် များအနက်မှ တိမ်မြုပ်နေသည့် “ဝိဇ္ဇာဓရနယနှင့် နက္ခတ္တ နယ” ဆိုင်ရာ ကုထုံးနည်းစနစ်များကို ပြန်လည်ဖော်ထုတ် အသုံးပြုနိုင်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် နိုင်ငံတကာဆေးပညာရပ်များနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းဆေးဝါးနှင့် ပရဆေးကုန်ကြမ်းများကို ပြည်တွင်း၌ ဖူလုံစွာရရှိရေးတို့နှင့် ပတ်သက်၍ မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများက စေတနာ၊ ပညာ၊ ဝါယမ အားစိုက်မှုများဖြင့် ဝိုင်းဝန်းဆွေးနွေး ကြစေလိုပါကြောင်း၊ သမိုင်းအစဉ်အဆက် တိုးတက်လာခဲ့ သည့် မြန်မာ့တိုင်းရင်းဆေးပညာကို အယူအဆမလွဲမမှား၊ အာနိသင်မပျက်မယွင်း၊ ပညာခန်း မတိမ်းပါးမချွတ်ချော် စေဘဲ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း လွှဲအပ် နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ညီလာခံကြီးတွင် မြန်မာ့တိုင်းရင်းဆေးသမားတော် များအားလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း၍ နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်များဖြစ်သည့် “မြန်မာ့ တိုင်းရင်းဆေးပညာကုထုံးများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာစောင့်ရှောက်မှုပေးနိုင်ရေး အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာ ရှင်များ လေ့ကျင့်ပေးရန်”၊ “အန္တရာယ်ကင်းရှင်းပြီး အရည် အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်”၊ “တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နိုင်ရေးအတွက် တိုင်းရင်းဆေးဆရာများ၏ အစွမ်းထက် ကုထုံးများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်”၊ “ပြောင်းလဲ လာသည့် နိုင်ငံတကာစီးပွားရေးမူဝါဒနှင့်အညီ အာဆီယံ စီးပွားရေးအသိုက်အဝန်းတွင် မြန်မာ့တိုင်းရင်းဆေးဝါးများ ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ပြည်ပမှ အရည်အသွေး ပြည့်မီ သော တိုင်းရင်းဆေးဝါးများ တင်သွင်းလာစေရေး ဆောင်ရွက်ရန်” တို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုပါ ကြောင်း ပြောကြားသည်။
ထို့နောက် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၂၀)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ” ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်း အနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲအထိမ်းအမှတ် ခင်းကျင်းပြသထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှု သည်။
ထို့နောက် “မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ” အဆိုပြုစာတမ်းများနှင့် ပတ်သက်၍ အုပ်စုဖွဲ့ တင်ပြဆွေးနွေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဦးဆောင် ၍ အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပ သည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည့် (၂၀)ကြိမ် မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
“မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲ” ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment