Thursday, December 5, 2019

လွှတ်တော်ရေးရာ
============
ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး
ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းမဟာဗျူဟာများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ
Image may contain: 1 person
နေပြည်တော် ဒီဇင်ဘာ ၄
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်း ဖြေကြားခြင်း၊ ဥပဒေကြမ်း(၃)ခုကို လွှတ်တော်၏အတည်ပြုချက်ရယူခြင်းနှင့်နှစ်ပတ်လည်အစီရင်ခံစာ(၃)ခု ဖတ်ကြားတင်ပြခြင်းတို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ တရားရုံး နေ့စဉ်မှတ်တမ်းများ မှန်ကန်စွာမှတ်တမ်းတင်ရေးသွင်းမှု ရှိ၊ မရှိ တရားလွှတ်တော် ချုပ်အနေဖြင့် မည်ကဲ့သို့စိစစ်ထိန်းကျောင်းလျက်ရှိသည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ နှစ်စဉ်၊ လစဉ် ရုံးစစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရသူ များသည် သက်ဆိုင်ရာတရားရုံးများသို့ ရုံးစစ်ဆေးရန်သွားရောက်သည့်အခါတရားရုံးများလက်စွဲ အပိုဒ် ၉၇၇ နှင့်အညီ အမှုတွဲအသီးသီးတွင် နေ့စဉ်မှတ်တမ်း များကို နေ့ချင်းပြီး ရေးသားခြင်း ရှိ၊ မရှိ၊ နေ့စဉ်မှတ်တမ်းပြတ်တောက်ခြင်းရှိ၊မရှိ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ရေးသားထားခြင်း ရှိ၊ မရှိ၊ အမှုစစ်တရားသူကြီးများ လက်မှတ်ပြည့်စုံစွာရေးထိုးခြင်း ရှိ၊ မရှိတို့နှင့်စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးကြပ်မတ်ရန်ဖြစ်ကြောင်းကို ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြား ချက်ဖြင့်ထုတ်ပြန်၍ ညွှန်ကြားထားပြီးဖြစ်ပါကြောင်းနှင့် ရုံးစစ်ဆေးချက် အစီရင် ခံစာများရရှိသည့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စိစစ်ကြပ်မတ် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ စေတုတ္တရာမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွာရေး အဘက်ဘက်မှ နိမ့်ပါးဆင်းရဲခက်ခဲပါသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစားပေး ထည့်သွင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ (လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး)ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ် ညှိနှိုင်း၍ စီမံကိန်းလုပ်ငန်းများ တင်ပြတောင်းခံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထဲတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ စီမံကိန်း ကိန်းဂဏန်းများရေးဆွဲရာတွင် ပါဝင်သင့် ပါဝင်ထိုက် သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပါဝင်ရေးအတွက် မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများရှိလူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်း ၍ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ပါ၍ ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း မဟာဗျူဟာများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နိုင်ငံတော်အနေဖြင့် ဒေသ၊ ကဏ္ဍနှင့် နိုင်ငံတစ်ဝန်းလွှမ်းခြုံပြီး ထည့်သွင်းစဉ်းစားဆောင်ရွက်နေသည့်အတွက် မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ဦးစားပေးအလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။
မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ မင်းကင်းမြို့နယ် ကြွေကျေးရွာနှင့် မြစ်ရိုးအထက်ပိုင်းဒေသတွင် ပြည်သူများလုံခြုံမှုရှိစေရေး၊ တရားဥပဒေစိုးမိုး စေရေးတို့အတွက် အမှန်တကယ်လိုအပ်နေသောရဲစခန်းအား ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မင်းကင်း မြို့နယ် ကြွေကျေးရွာတိုက်နယ်တွင် မှုခင်းဖြစ်ပွားမှုနည်းပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ မှုခင်းဖြစ်ပွားပါက မင်းကင်းမြို့မရဲစခန်းမှ လုံခြုံရေးစုဖွဲ့၍ အချိန်မီသွားရောက်နိုင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက် ကောင်းမွန်၍ သတင်းများအချိန်မီရရှိနိုင်ခြင်း၊ လှည့်ကင်းများဖြင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ရဲစခန်းဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း။
ရဲစခန်းတစ်ခုဖွင့်လှစ်မည်ဆိုပါက နယ်မြေဒေသလိုအပ်ချက်ရှိခြင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများသည် ရဲစခန်းမှ ဆောင်ရွက်ရန် အလှမ်းကွာဝေးခြင်း၊ မှုခင်းဖြစ်ပွားမှုများပြားခြင်း စသည့်အခြေ အနေအပေါ်မူတည်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့် ထောက်ခံ တင်ပြချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြပြီး ပြည်ထောင်စု အစိုးရခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူခရိုင် တရားရုံး တရားမကြီးအမှုမှတ်(၁၁/၂၀၀၅) အမှုတွင် သက်သေခံ (ဈ-၁)၌ တင်ပြ ထားသည့်ကျူးကျော်မှုကို တာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင် ကွင်းဆင်းစစ်ဆေး ပေးကြပါမည်လား၊ တရားဝင်မြေပုံအထောက်အထားနှင့် မြေပြင်ရှိ ပကတိ အနေအထားများကို တိုက်ဆိုင်စစ်ဆေးပေးကြပါမည်လားနှင့် ကွင်းဆင်းစစ်ဆေး ကြသည့်အခါ မေးခွန်းမေးမြန်းသူမိမိအား လိုက်ပါခွင့်ပြုပါမည်လားတို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က လည်းကောင်း၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ OA စာရင်း လက်ကျန်အခြေအနေများကို မည်သို့ရှင်းလင်းဆောင်ရွက်သည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ ရပ်စောက်မြို့နယ် အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စု ကျောက်ဂူကျေးရွာတွင် နယ်မြေမီးသတ်စခန်း ဖွင့်လှစ်၍ မီးသတ်ယာဉ်များခွင့်ပြုချထားပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၏ သီရိမြိုင်ယာဉ်ထိန်းသင်တန်းကျောင်းဝင်းရှိ လွန်ခဲ့သော (၁၇)နှစ်ခန့်က ရောင်းချထားသော ဈေးဆိုင်ခန်း(၆၈)ခန်းအား ဖယ်ရှားရန်စီစဉ်ဆောင်ရွက်မှု အပေါ် ဆိုင်ခန်းဝယ်ယူထားသူများ နစ်နာမှုမရှိစေရန် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လည်းကောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့ လာသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း က အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီက သဘောတူထားသည့် အချက်(၃)ချက်နှင့် အမျိုးသားလွှတ်တော်၏ အတည်ပြု ချက်များအတိုင်း သဘောမတူဘဲ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက်(၂)ချက်တို့ကိုတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သဘောထားရယူပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူအတည်ပြုသည်။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးထင်လင်းဦးက ဆွေးနွေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့၏ သဘောထားရယူပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်၏သဘောထားရယူရာ သဘောတူ သဖြင့် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို
ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု
ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့်အတည်ပြု၍ ပေးပို့ လာသော အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းကအမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီက သဘောတူထားသည့်အချက်(၃)ချက်နှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် များအတိုင်း သဘောမတူဘဲ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက်(၂)ချက်တို့ကိုတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သဘောထားရယူပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူအတည်ပြုသည်။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ဇင်မင်းက ဆွေးနွေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့၏ သဘောထားရယူပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူအတည် ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောတူသဖြင့် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့်အတည်ပြု၍ ပေးပို့ လာသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးဇော်ဝင်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီက သဘောတူထားသည့်အချက်(၃)ချက်နှင့် အမျိုးသားလွှတ်တော်၏အတည်ပြုချက်များအတိုင်း သဘောမတူဘဲ ဥပဒေကြမ်းကော်မတီ က ပြင်ဆင်ထားသည့်ပြင်ဆင်ချက်(၂)ချက်တို့ကိုတင်ပြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သဘောထား ရယူပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းက ဆွေးနွေးရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့၏ သဘောထားရယူပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြု ရန် လွှတ်တော်၏သဘောထားရယူရာ သဘောတူသဖြင့် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဒေါ်နီနီမေမြင့်က ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါနှစ်ပတ်လည်အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်(ခေါ်)ဦးအောင်ဇော်မြင့်က ကော်မတီသည် အသစ်ပြဋ္ဌာန်းရန် လိုအပ် နေသည့် ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကော်မတီတွင် (၂)ကြိမ်၊ သက်ဆိုင်ရာပြင်ပအဖွဲ့အစည်းများနှင့် (၁)ကြိမ်၊ ဥပဒေကြမ်းကော်မတီ တွင် (၃)ကြိမ် ဆက်လက်ဆွေးနွေးခဲ့ပြီး လိုအပ်ချက်များရှိနေသဖြင့် ဝန်ကြီးဌာန သို့ ပြန်လည်ဖြည့်စွက်ပြင်ဆင်ရန် ပေးပို့ထားပါကြောင်း၊ ကော်မတီသည် တည်ဆဲ ဥပဒေများကိုဆန်းစစ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို လည်းကောင်း၊ လိုအပ်သည့်ဥပဒေများကို အသစ်ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကော်မတီဝင်များ သည် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် လက်ခံတွေ့ဆုံ မှုများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုများ၊ ပြည်တွင်း၊ ပြည်ပ လေ့လာရေးခရီးစဉ်များမှ ရရှိလာသော အတွေ့အကြုံအချက်အလက်များကို ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်လည်းကောင်း၊ Stakeholder များနှင့် လည်းကောင်း ဆွေးနွေးတိုင်ပင်လျက် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ကို အစီရင်ခံအပ်ပါကြောင်း ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါနှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဒေါ်ခင်သန်းနုက ဖတ်ကြား တင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းနှစ်ပတ်လည်အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment