Saturday, December 14, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ဒုတိယအကြိမ် တက်ရောက်ရှင်းလင်းပြောကြား
Image may contain: 1 person
သည်ဟိတ်ဂ် ဒီဇင်ဘာ ၁၃
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ကိုယ်စားလှယ်အနေဖြင့် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်း သည့်ကိစ္စအပေါ် ဒုတိယအကြိမ် ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား နိဂုံးချုပ်လျှောက်လဲရာတွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ဂမ်ဘီယာနိုင်ငံမှ တင်သွင်းထားသည့် အမှုကိစ္စအား ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးရန် သို့မဟုတ် ဂမ်ဘီယာမှတောင်းဆိုသည့် ကြားဖြတ်စီမံဆောင်ရွက်ချက်အားပယ်ချရန် ရုံးတော်သို့ မေတ္တာရပ်ခံပြောကြား သည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောကြားမှုအား အလွတ်သဘော ဘာသာ ပြန်ဆို၍ စာမျက်နှာ(၄)တွင် ဖော်ပြထားပါသည်)
မြန်မာနိုင်ငံဘက်မှ လိုက်ပါ ဆောင်ရွက်ကြသည့် ဥပဒေအကြံပေး များနှင့် ရှေ့နေများက ဂမ်ဘီယာ နိုင်ငံမှ ယမန်နေ့နံနက်က တင်ပြ ခဲ့သည့်ကိစ္စများအပေါ် ပြန်လည် တုံ့ပြန်မှုများ ပြုလုပ်ကြပြီး ဒေါက်တာ Christopher Staker က prima facie jurisdiction နှင့် prima facie standing အပါအဝင် ကြားဖြတ် စီမံဆောင်ရွက်ချက် တောင်းဆိုမှု တို့နှင့်စပ်လျဉ်း၍ ဂမ်ဘီယာမှ ပြောကြားချက်များအပေါ် ပြန်လည် တုံ့ပြန်ပြောကြားသည်။
တုံ့ပြန်ပြောကြား
အလားတူ ပါမောက္ခ William Schabas က ဂမ်ဘီယာမှ ပြောကြား သည့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့(United Nations Fact Finding Mission) နှင့် Lack of a Plausible Claim နှင့်စပ်လျဉ်း၍ ပြန်လည်တုံ့ပြန်ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ရှင်းလင်းပြောကြားမှု အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဦးကျော်တင်၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက် နေကြသည့် ပြည်တွင်း၊ ပြည်ပဥပဒေ ပညာရှင်များနှင့် ၎င်းတို့၏ အထောက် အကူပြုအဖွဲ့ဝင်များ တက်ရောက် ကြသည်။
အားပေးဝန်းရံ
ယနေ့တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံအားပေး ဝန်းရံကြသည့် မြန်မာနိုင်ငံမှ လာရောက်ကြသော ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြားပြည်ပနိုင်ငံများမှ လာရောက် ကြသည့် မြန်မာနိုင်ငံသားများက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့၌ လာရောက်ထောက်ခံအားပေး ဝန်းရံကြသည်။
ဂမ်ဘီယာနိုင်ငံက ဒုတိယအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
တရားရုံး ကြားနာမှုပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သည်ဟိတ်ဂ်မြို့မှ ပြန်လည်ထွက်ခွာ ကြမည့် မြန်မာအသိုက်အဝန်းနှင့် လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ လာရောက်ကြသည့် ပြည်သူများအပါအဝင် ပြည်ပနိုင်ငံ များတွင် ရောက်ရှိနေကြသည့် မြန်မာ အသိုက်အဝန်းနှင့် လည်းကောင်း တွေ့ဆုံသည်။
သတင်းစဉ်

No comments:

Post a Comment