Tuesday, December 3, 2019

လွှတ်တော်ရေးရာ
============
အိမ်နီးချင်းနိုင်ငံများနှင့်ထိစပ်နေသည့် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး တားဆီးမှုများကို ပြုလုပ်လျက်ရှိ
Image may contain: 1 person
နေပြည်တော် ဒီဇင်ဘာ ၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၉)မှ ဦးမောင်ကျော်ဇံ၏ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်း ကျောက်ထွင်းဘုရားဂူ (၁၀)ဂူကို အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဒေသများစာရင်းတွင် ထည့်သွင်းပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ရခိုင်ပြည်နယ် အတွင်းရှိ ရှေးဟောင်းကျောက်ထွင်းဘုရားဂူ (၁၀)ဂူသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသမဟုတ်ဘဲ ရှေးဟောင်း အဆောက်အဦသာဖြစ်သဖြင့် အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်ဒေသများစာရင်းအဖြစ် သတ်မှတ်ပေးနိုင်ခြင်း မရှိပါ ကြောင်း၊ သို့ရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသော ရှေးဟောင်းအဆောက်အအုံများစာရင်းတွင် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်း၏ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် Illicit Trade / Conflict Economy (အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု) ကို မည်ကဲ့သို့ ထိန်းချုပ်ထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုကြီးထွားနေခြင်းသည် အငြင်းပွား ဖွယ်မရှိပါကြောင်း၊ ယင်းသို့ဖြစ်ပေါ်နေခြင်းသည် မြန်မာ နိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် စာရင်းမဝင်ကဏ္ဍများမှ စာရင်းဝင်ကဏ္ဍများသို့ ကူးပြောင်းနေဆဲဖြစ်ခြင်း၊ မြန်မာ နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှုရရှိအောင် ကြိုးစားနေဆဲ ဖြစ်ခြင်းနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေဆဲ ဖြစ်ခြင်း စသည့်အခြေအနေများကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် တိုင်းဒေသကြီး/ ပြည်နယ် ကိုးခုတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး တားဆီးမှုများကို ပြုလုပ်လျက်ရှိပါကြောင်း။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းကို အမျိုးသားရေးအသွင်အဖြစ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြား ရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်အတွင်း အမှုပေါင်း ၈၆၅ မှု ဖွင့်လှစ် အရေးယူခဲ့ပြီး တရားခံစုစုပေါင်း ၁၃၂၀ ကို ဖမ်းဆီးအရေးယူ ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးမျိုးစုံနှင့် တရားမဝင်လက်နက် များကိုလည်း သိမ်းဆည်းရမိခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဥပဒေနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်သည့် ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ၊ ဘိန်းအစားထိုးစိုက်ပျိုးရေးလုပ်ငန်းများ၊ ထိန်းချုပ်ဓာတုဗေဒကြီးကြပ်ရေးလုပ်ငန်းများ၊ သုံးစွဲမှု ပပျောက်ရေးလုပ်ငန်းများ၊ ဆေးကုသရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသိပညာပေးရေးနှင့် ပညာပေးလှုံ့ဆော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့ပြင် ကျောက်စိမ်း၊ သစ်၊ သတ္တုမှောင်ခိုရောင်းဝယ်မှု များနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်မှုပပျောက် စေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် တားဆီးဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် ရွှေနှင့် ဓာတ်သတ္တုများ တရား မဝင်တူးဖော်နေမှုများအား ကာကွယ်တားဆီးဖမ်းဆီးနိုင် ရေးစီမံချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံး ၁၅ ရုံး၊ မြို့နယ်ရုံး ၂၆ ရုံး၊ OSS စခန်း ၁၅ ခု၊ မန္တလေးတိုင်းဒေသကြီး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းနှင့် ရေပူ/မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း နှစ်ခုတို့ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်းနှင့် ယင်းလုပ်ငန်းများ ပိုမို အောင်မြင်ရေးအတွက် ပြည်သူများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ စာနယ်ဇင်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားစေလိုပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးအောင်မျိုးလတ်၏ နိုင်ငံတကာတွင် ခန့်အပ်ထားသော စီးပွားရေးသံမှူးများ ပို့ကုန်မြှင့်တင်ရေးအတွက် စိုက်ပျိုး သီးနှံများ ဈေးကွက်အသစ်ရရှိအောင် မည်သို့ဆောင်ရွက်ပေး နေသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးသံမှူးများအနေဖြင့် မြန်မာ့ ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဈေးကွက် ထိုးဖောက်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေးလုပ်ငန်းများ အတွက် သက်ဆိုင်ရာနိုင်ငံများ၏ ဈေးကွက်သတင်းအချက် အလက်များ၊ သွင်းကုန်တင်သွင်းခြင်းဆိုင်ရာမူဝါဒ၊ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ လိုအပ်ချက်များ၊ စီးပွားရေး မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်း ဗျူဟာများအား အချိန်နှင့်တစ်ပြေးညီ လေ့လာတင်ပြခြင်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် စီးပွားရေးဝန်းကျင်ဆိုင်ရာ အချက်အလက်များကိုလည်း သက်ဆိုင်ရာနိုင်ငံများရှိ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ သိရှိစေရန် အခါအားလျော်စွာ ရှင်းလင်းတင်ပြခြင်း၊ စုံစမ်း မေးမြန်းလာပါက ဖြေကြားခြင်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ထို့ပြင် စီးပွားရေးသံမှူးများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ဈေးကွက်သတင်းအချက်အလက်များကို အပတ်စဉ်၊ လစဉ်၊ ခြောက်လ တစ်ကြိမ်၊ တစ်နှစ် တစ်ကြိမ် အစီရင်ခံစာများ ပြုစုပေးပို့တင်ပြစေလျက်ရှိပြီး အများပြည်သူသိရှိနိုင်ရန် အတွက် အပတ်စဉ်ထုတ်ဝေလျက်ရှိသည့် စီးပွားကူးသန်း ဂျာနယ်တွင် ဖော်ပြခြင်း၊ ဈေးကွက်သတင်းလွှာအား အင်တာနက်တွင် နေ့စဉ်၊ လစဉ်ဖြန့်ဝေခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိပါကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်/ကုမ္ပဏီများမှ သိရှိလိုသည့် စုံစမ်းမေးမြန်း လာမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းချုပ်များနှင့်ချိတ်ဆက်၍ ပြန်လည်ဖြေကြား ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ် မင်းထန်၏ ချင်းပြည်နယ် မတူပီခရိုင် မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမကျင်းပမီ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်လှစ်ရုံးထိုင်ပေးရန်နှင့် ရုံးခွဲအဆောက်အဦကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမကျင်းပမီ မတူပီ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မတူပီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တွဲဖက်ဖွင့်လှစ်၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်ရန်ကိစ္စနှင့် စပ်လျဉ်း၍ မတူပီမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ မတူပီ မြို့နယ်ရှိ ဖနိုင်နှင့် ငလိုင်ကျေးရွာအုပ်စုကြားတွင်ရှိသည့် မြေနေရာကို ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း အိမ်ရာများ တည်ဆောက်ရန်အတွက် မြေဧရိယာဧက ၁၈၀ အတွင်းမှ ဧရိယာ သုည ဒသမ ၄၁၃ ဧကကို ချင်းပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၉) ဆုံးဖြတ် ချက် (၁၄)အရ မြေနေရာသတ်မှတ်ပေးပြီးဖြစ်ပါသဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးပိုင်မြေနေရာအဖြစ် ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြေနေရာရရှိပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံ၍ ဘဏ္ဍာငွေရရှိပါက ခရိုင်ရုံးအဆောက်အအုံ ဆောက်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး၏ သံတောင်ကြီး မြို့နယ် သံတောင်မြို့ ပသီချောင်းနံဘေးတစ်လျှောက်တွင် ဇေကမ္ဘာကုမ္ပဏီမှ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ လမ်း၊ တံတား၊ ဈေးဆိုင်၊ ရေတံခွန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တရားဝင်မှုရှိ၊ မရှိသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင် ချက်ကို လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကိုကိုနိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြု ခဲ့သော လက်ရှိအသုံးပြုခြင်းမရှိတော့ဘဲ တဖြည်းဖြည်းဟောင်းနွမ်းယိုယွင်းပျက်စီးနေပြီဖြစ်သည့် အဆောက်အဦ များတည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာများရှိ စပါး ဒိုင်အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူအကျိုးဖြစ်ထွန်းသောလုပ်ငန်းများ အကောင် အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန် အတွက်လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရမြေနေရာများ (City Land)အဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည် စွန့်လွှတ်လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် မြို့ပြနှင့်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ချက်ညီညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မြို့ပြနှင့် ကျေးလက်ဒေသများတွင် မြေနေရာရှားပါးမှု ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် အစိုးရ အဆက်ဆက် အသုံးပြုခြင်းမရှိတော့သည့် ဝန်ကြီးဌာနပိုင် မြေနေရာများသည် မြို့ပြနှင့် ကျေးလက်ဒေသစီမံခန့်ခွဲခွင့်ရ မြေနေရာများအဖြစ် အဆင်သင့်တည်ရှိနေရန် လိုအပ်ပါ ကြောင်း၊ ထို့ပြင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်သည့်အခါတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန် အများနှင့်ဆိုင်သည့် နေရာများသည်လည်း အရေးကြီးသည့်အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်လာပါကြောင်း။
မိမိတို့နိုင်ငံတွင် အများပြည်သူအတွက် အခမဲ့ အပန်းဖြေအနားယူနိုင်သည့်နေရာများသည် မြို့နယ်တိုင်း တွင် လိုအပ်လျက်ရှိပြီး ယင်းသို့ စိတ်အပန်းဖြေအနားယူ နိုင်မှသာလျှင် စိတ်ရောကိုယ်ပါ ကျန်းမာသည့် နိုင်ငံသူ နိုင်ငံသားများအဖြစ် ရပ်တည်နေနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးချင်းစီအတွက် အများပိုင်၊ ပြည်သူပိုင်နေရာ အကျယ်အဝန်း မည်မျှထားသင့်သည် ဟူသည့် စံသတ်မှတ် ချက်ကို မြို့နယ်တစ်ခုချင်းစီအလိုက် လိုအပ်နေကြောင်းကို လည်း မြို့ပြစီမံကိန်းပညာရှင်များက အကြံပြုထားသည်ကို လည်း လေ့လာဖတ်ရှုရပါကြောင်း၊ ထို့ကြောင့် မြို့ပြမြေ နေရာရှားပါးမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှတစ်ဆင့် သက်ဆိုင်ရာမြို့နယ်များသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းအပ်နှံပြီး မြို့ပြစီမံခန့်ခွဲခွင့်ရမြေယာများအဖြစ် ပြန်လည်စွန့်လွှတ်လွှဲပြောင်းပေးနိုင်ပါရန် နိုင်ငံအကျိုး၊ နိုင်ငံသူ နိုင်ငံသားများ၏အကျိုးကိုရှေးရှု၍ အဆိုတင်သွင်း အပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဝင်းမြင့်က အဆိုအား ထောက်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူ၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment