Thursday, December 19, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူ များနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား




Image may contain: 2 people, crowd, wedding and indoor
နေပြည်တော် ဒီဇင်ဘာ ၁၈ 




အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များနှင့်
သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs)များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
(၈)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၀၀ ပြည့်နှစ်၌ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာလ ၁၈ ရက်နေ့ကို “နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများနေ့”အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံအလိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အခမ်းအနား များကို ကျင်းပခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားများကို ယခုနှစ် အပါအဝင် (၈)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေ ပြောင်းလဲ လာမှုများနှင့်အတူ နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု မတူညီမှု၊ လုပ်အားခနှုန်းများကွာခြားမှု၊ ပိုမို ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိလိုမှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့် နည်းပညာများ လျင်မြန်စွာတိုးတက်လာမှုတို့ကြောင့် ရွှေ့ပြောင်းသွားလာခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိလာမှု စသည့်အကြောင်းရင်းများကြောင့် နိုင်ငံတစ်နိုင်ငံ မှ အခြားတစ်နိုင်ငံသို့၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လျက် ရှိပါကြောင်း။
၂၀၁၃ ခုနှစ် စာရင်းအရ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း အလုပ်သမားဦးရေ ၁၅၀ သန်းခန့်ရှိပြီး ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူ ခန့်မှန်းဦးရေ ၂၇၂ သန်းရှိကြောင်း သိရှိရသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားအရေအတွက် ပိုမိုတိုးမြင့်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူ များနေ့၏ ဆောင်ပုဒ်မှာ “လူမှုစီးပွားကောင်းစေဖို့၊ ကောင်းစွာစီမံရွှေ့ပြောင်းစို့ (Migration and Social Cohesion)” ဖြစ်ပြီး ရွှေ့ပြောင်းသွားလာခြင်းမှ လူမှုရေး ဆိုင်ရာ ပေါင်းစည်းညီညွတ်မှုဖြစ်စေရန်၊ တစ်ဦးတစ်ယောက် ချင်းစီ၏ ပူးပေါင်းဆောင်ရွက်မှုမှ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများဖြစ်စေရန်၊ အားလုံးကောင်းကျိုး အတွက် အတူတကွလုပ်ဆောင်ရန်၊ ဖယ်ထုတ်ထားခြင်း များ မရှိရန်နှင့် ယုံကြည်မှုများတိုးမြှင့်ရန် စသည်တို့ကိုရရှိရန် လိုအပ်ပါကြောင်း။
အကျိုးကျေးဇူးများ ရရှိစေနိုင်
ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်းမှ လူမှုစီးပွားဘဝတိုးတက်စေခြင်း၊ အတွေ့အကြုံဗဟုသုတ ရရှိစေခြင်း၊ သင့်တင့်သည့်ဝင်ငွေရရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ မိသားစုလွှဲပို့ငွေမှတစ်ဆင့် နိုင်ငံတော်၏ GDP မြင့်တက်စေခြင်း၊ နိုင်ငံအတွက် ဝင်ငွေ ခွန်များရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်သဖြင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် Social Cohesion အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေ ပါကြောင်း။
ဘေးကင်းလုံခြုံပြီးစနစ်ကျသည့် တရားဝင်လုပ်သားရွှေ့ပြောင်းသွားလာခြင်းမြှင့်တင်ရန်၊ ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ ရွှေ့ပြောင်းသွားလာမှုကို လျှော့ချရန်နှင့်လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးဖြစ်စေသည့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုဖြစ်ရန် စသည်တို့အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကို စနစ်တကျစီမံခန့်ခွဲ ခြင်းသည် အလေးထားဆောင်ရွက်ရမည့်ကိစ္စရပ် ဖြစ်ပါ ကြောင်း။
ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ တရားမဝင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မည်ဆိုလျှင် အန္တရာယ်များ သည့် လုပ်ငန်းခွင်အခြေအနေကြုံတွေ့ရခြင်း၊ ခေါင်းပုံဖြတ် ခံရခြင်း၊ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ လူကုန်ကူး ခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရှာဖွေရန် အခက်အခဲများရှိခြင်းနှင့် လုပ်ခ နည်းပါးခြင်း စသည်တို့ကို ကြုံတွေ့နိုင်ပါကြောင်း။
ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံနှစ်ခုလုံးအတွက် အကျိုးရှိစေသည့်အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်သူများအနေဖြင့် ဘေးကင်း လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ရေးသည် အရေးကြီး သကဲ့သို့ ဂုဏ်သိက္ခာရှိစွာ လူမှုကာကွယ်စောင့်ရှောက်မှု များ ရရှိခံစားနိုင်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာခြင်းနှင့်စပ်လျဉ်း၍ အကျိုးကျေးဇူးများရရှိစေရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ က တရားဝင်အတည်ပြုချမှတ်ခဲ့သည့် ဘေးကင်းလုံခြုံ၍ စနစ်ကျသော တရားဝင်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (Global Compact for Safe, Orderly and Regular Migration)အတည်ပြုချမှတ်ရာတွင် အခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။
ဘေးကင်းလုံခြုံပြီး စနစ်ကျသည့် တရားဝင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်သည် ဥပဒေအရ စည်းနှောင်မှုမရှိဘဲ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည့် သဘောတူညီမှုတစ်ရပ်ဖြစ်ပြီး အလုပ်သမားစေလွှတ်သည့် နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်မည် ဖြစ်ပါကြောင်း။
စိန်ခေါ်မှုများစွာ ကြုံတွေ့နေကြရ
ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများနှင့် ကလေး များသည် စိန်ခေါ်မှုများစွာ ကြုံတွေ့နေကြရပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရရန် အလားအလာအများဆုံးရှိသူများ ဖြစ်ကြသဖြင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် မမေ့မလျော့ အလေးထားဆောင်ရွက်ကြရန် လိုပါကြောင်း။
ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၃၀ ခုနှစ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့် ချိတ်ဆက်နေစေရန် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် မူဝါဒများ၏ ထိရောက်မှု နှင့် အောင်မြင်မှု ရှိ/မရှိကို ပြန်လည်သုံးသပ်ပြီး ပိုမို လက်တွေ့ကျသည့် မူဝါဒဖြစ်ရန် ဆက်လက်ပြင်ဆင် ဖြည့်စွက်ခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း။
အရှေ့တောင်အာရှအတွင်းရှိ ရွှေ့ပြောင်းသွားလာသူ များ၏ ဘဝများသည် ကြွေးမြီများနှင့် ချည်နှောင်ခံနေကြ ရပြီး ၎င်းတို့ရှာဖွေရရှိသည့် ငွေကြေးများအား ကြွေးမြီ ပြန်ဆပ်ရန် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရ ပါကြောင်း၊ ထိုသို့ ကြွေးမြီချည်နှောင်ခံရမှုကြောင့် ဘဝရှေ့ရေးထိခိုက်စေပြီး ရေရှည်တည်တံ့သည့် မိသားစု ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် များစွာသော စိန်ခေါ် မှုများ ဖြစ်ပေါ်စေပြီး ကြွေးမြီချည်နှောင်ခံရခြင်းမရှိပါကကောင်းမွန်သည့် အသိုက်အဝန်းတစ်ရပ် ဖန်တီးနိုင်မည် ဖြစ်ပါကြောင်း။
ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ သည် နိုင်ငံ၏ GDP အတွက် အရေးပါသည့် အရင်းအမြစ် များဖြစ်၍ မိသားစုလွှဲပို့ငွေများကို စနစ်တကျ စီမံခန့်ခွဲပြီးလုံခြုံစိတ်ချရသည့် လမ်းကြောင်းမှတစ်ဆင့် လျင်မြန် ချောမွေ့စွာ လွှဲပြောင်းပေးပို့နိုင်ရန် လွန်စွာအရေးကြီးပါ ကြောင်း။
ပိုမိုချောမွေ့စွာလွှဲပို့နိုင်မည်
“ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး” ဆိုင်ရာ ဆက်သွယ် ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မကြာသေးမီက ထုတ်ပြန်ခဲ့သည့်အတွက် နောင်လာမည့် ကာလများတွင် မိသားစုလွှဲပို့ငွေများကို ပိုမိုချောမွေ့စွာ လွှဲပို့နိုင်မည်ဖြစ်ပါကြောင်း။
“ရွှေ့ပြောင်းအလုပ်သမားများ ကုန်ကျစရိတ် သက်သက်သာသာနှင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင် ရန် အလေးထားဖော်ဆောင်ပေးရမည်” ဖြစ်သကဲ့သို့ အလုပ်ရှင်အချို့က ဝန်ဆောင်စရိတ်အခမဲ့ (Zero Cost) ဖြင့် ဆောင်ရွက်ပေးနေခြင်းများရှိသကဲ့သို့ အစိုးရအနေ ဖြင့်လည်း အလုပ်ရှင်များအား နောင်တွင် ဝန်ဆောင်စရိတ် အခမဲ့ဖြင့် တိုးမြှင့်ခေါ်ယူစေရေး တွန်းအားပေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင် ဂုဏ်သိက္ခာ ရှိစွာ အပြည်ပြည်ဆိုင်ရာ လုပ်သားစုဆောင်းသည့်စနစ် ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ နိုင်ငံအတွင်းမှာရှိသည့် လုပ်သားစုဆောင်းပို့ဆောင် ပေးသော ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကောင်းမွန်သည့် စီမံခန့်ခွဲမှု ဖြစ်စေရန်၊ စေလွှတ်ထားသည့် လုပ်သားများ၏ အချက် အလက်များ စနစ်တကျပြုစုထားရှိရန်နှင့် ကောင်းမွန် သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
အကျိုးခံစားခွင့်များ ရရှိခံစား
ရွှေ့ပြောင်းအလုပ်သမားများသည် ကောင်းမွန်သည့်လူမှုအသိုက်အဝန်းဖြစ်စေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသူများဖြစ်သည့်အတွက် ရွှေ့ပြောင်း သွားလာလုပ်ကိုင်ခြင်း၏ ကောင်းကျိုးများ တိုးမြှင့်ရရှိရန် နှင့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် လူ့ဘောင် တစ်ရပ်လုံး ကောင်းမွန်စွာ ရပ်တည်နေထိုင်နိုင်ရန် မိမိတို့ အားလုံး အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများနှင့်အညီ အကျိုးခံစားခွင့် များ ရရှိခံစားပြီး ကျန်းမာပျော်ရွှင်စွာ တာဝန်ဝတ္တရားများထမ်းဆောင်နိုင်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အသီးသီးတို့က စီမံဆောင်ရွက်ပေးနိုင်ကြပါစေဟု ဆန္ဒပြု အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေသည် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ဒုတိယသမ္မတသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်ပြခန်းများ၌ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ် စာတမ်းများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ “ရွှေ့ပြောင်းသွားလာခြင်း၏ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု မြှင့်တင် ရန်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရန်” အတွက် နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် “ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း” ၏ ကူညီပံ့ပိုးပေးမှုများနှင့် စပ်လျဉ်းသည့် မှတ်တမ်းဓာတ်ပုံ များအား ဗီဒီယိုဖြင့် ပြသသည်။
ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူ များနေ့နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
သဝဏ်လွှာကို ဖတ်ကြား
ထို့နောက် “ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း” ၏ Chief of Mission ဖြစ်သူ Mr. Akio Nakayama က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ် တို့က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေး၊ မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ကို ပူးပေါင်းပါဝင်ကူညီပေးခဲ့သည့် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ၊ ဘန်ကောက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက်၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်၊ ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် အလုပ်သမား ဟစ်တိုင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် သည်။ သတင်းစဉ်

No comments:

Post a Comment