Thursday, December 19, 2019

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေကြသည့် ဗီယက်နမ်နိုင်ငံကုမ္ပဏီများသို့ သွားရောက်ကြည့်ရှုလေ့လာ




Image may contain: 4 people, people sitting, table and indoor
ရန်ကုန် ဒီဇင်ဘာ ၁၈



မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ် တွင် ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ဖူးမြော်ကြည်ညို
ရှေးဦးစွာ ဧည့်သည်တော် ဗီယက်နမ် ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စေတီတော် ရင်ပြင် ဧည့်ခံတန်ဆောင်းရှိ ရွှေစေတီ အား ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော် ဩဝါဒါစရိယ သင်္ဃန်း ကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ရွှေသုဝဏ်ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တသဒ္ဓိယ အမှူးပြုသော ဆရာတော်များကို ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ဆရာတော်များက ဗီယက်နမ်ဝန်ကြီးချုပ်အား မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရေးအရဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ တည်ထားကိုးကွယ်မည့် ရွှေတိဂုံစေတီ တော် ပုံစံတူဓာတ်တော် စေတီအား လှူဒါန်းပြီး ဧည့်သည်တော် ဝန်ကြီး ချုပ်က ဆရာတော်များအား ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဗီယက်နမ် ဝန်ကြီးချုပ်သည် ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး ရွှေတိဂုံစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းကာ လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုသည်။
ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံ ဘုရားလမ်းရှိ Telecom International Myanmar Co., Ltd (Mytel) ရုံးချုပ်သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဗီယက်နမ်ဝန်ကြီးချုပ် နှင့်အဖွဲ့အား Mytel လုပ်ငန်း ဆောင်ရွက်ချက်များကို ဗီဒီယိုဖြင့် ရှင်းလင်းပြသပြီး Mytel ဥက္ကဋ္ဌ ဦးခင်မောင်စိုးက နှုတ်ခွန်းဆက်စကား ပြောကြားကာ Mytel အမှုဆောင် အရာရှိချုပ်က ဆက်သွယ်ရေး နည်းပညာရပ်များဆိုင်ရာကို ရှင်းလင်း ပြောကြားသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ် သည် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။ ယင်းနောက် Viettel Group နှင့် HD Bank တို့သည် MoU လက်မှတ်ရေး ထိုးကြပြီး ဗီယက်နမ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြကာ Mytel ရုံးချုပ်ရှေ့၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ထိုမှတစ်ဆင့် ဗီယက်နမ် ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုသည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာသို့ ရောက်ရှိပြီး THACO ရုံးခန်း၊ BIDV ရုံးခန်းတို့သို့ သွားရောက်ကြည့်ရှုလေ့လာကာ HD Bank ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ကြည့်ရှုလေ့လာ
ရှေးဦးစွာ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု ဦးဆောင်သည့် အဖွဲ့သည် မြန်မာပလာဇာ(၁၄)လွှာရှိ Yangon Myanmar Centre Complex သို့ ရောက်ရှိရာ THACO Group ဥက္ကဋ္ဌ Mr. Tran Ba Duong က စီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Yangon Myanmar Centre Complex နှင့် THACO ရုံးခန်းတို့ကို လှည့်လည် ကြည့်ရှုလေ့လာသည်။
ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် မြန်မာပလာဇာ (၉)လွှာ ရှိ BIDV ရန်ကုန်ဘဏ်ခွဲသို့ ရောက်ရှိ ပြီး ရုံးခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ BIDV ရုံးချုပ် ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် Mr. Dang Hai Nha က ဘဏ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းဆောင်ရွက်ချက် များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် Melia ဟိုတယ်သို့ ရောက်ရှိပြီး မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် အလုပ် အမှုဆောင်များပါဝင်သော အဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အသင်းနှစ်သင်း ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်ရေးနှင့် ယဉ်ကျေးမှုဖလှယ် ရေးတို့ကို ဆွေးနွေးကာ အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။
HD Bank ဖွင့်လှစ်
ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Melia ဟိုတယ် Inya Ballroom ခန်းမ၌ ကျင်းပသည့် HD ဘဏ် မြန်မာရုံးခွဲ ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံမှ တာဝန်ရှိသူများက အဖွင့် အမှာစကားများ ပြောကြားကြပြီး ဗီယက်နမ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် နှင့် HD Bank မှ တာဝန်ရှိသူများက HD Bank မြန်မာရုံးခွဲကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။
HD Bank သည် ဗီယက်နမ် နိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်က စတင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ယခု မြန်မာ နိုင်ငံ၌ ပထမဆုံးရုံးခွဲအဖြစ် လာရောက်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
အမှတ်တရလက်ဆောင်ပေးအပ်
ထို့နောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် Meliaဟိုတယ် Function 6 ၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကာ အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။
ပြန်လည်ထွက်ခွာ
ယင်းနောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် အဖွဲ့ဝင်များ သည် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ဗီယက်နမ် နိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်း၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment