Friday, December 20, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား၊ မာန်အောင်မြို့ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ




Image may contain: 8 people, people smiling, people standing and outdoor
မာန်အောင် ဒီဇင်ဘာ ၁၉



နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရခိုင် ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး ဒေသခံပြည်သူများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဦးတင်လတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာကြရာ ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများက သံတွဲလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး မာန်အောင်မြို့သို့ရောက်ရှိကြရာ ရခိုင်ပြည်နယ်ဝန်ကြီး များနှင့်တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မာန်အောင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကား‌ပြောကြားသည် ။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏အမှာစကားကို စာမျက်နှာ- ၇၊ ၈ တွင် သီးခြားဖော်ပြထားပါသည်။)
လေ့လာဆန်းစစ်မှုများပြုလုပ်
ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားတိုးတက်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသော်လည်း မာန်အောင်မြို့နယ် သည် ကျွန်းမြို့ဖြစ်သည့်အတွက် ဓာတ်အားပေးနိုင်မည့် နည်းလမ်းများကို ကြိုးစားရှာဖွေခဲ့ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ POSCO International Corporation တို့ ပူးပေါင်းပြီး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ Hybrid System- ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ်(ESS- Energy Storage System) သည် အသင့်တော်ဆုံးနည်းလမ်း ဖြစ်သည်ကို သိရှိခဲ့ရသဖြင့် POSCO International Corporation နှင့် ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ဆောင်ရွက်ခဲ့ပါကြောင်း။
ယခု နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိမှုကြောင့် မာန်အောင် မြို့နယ်အတွင်းရှိ လူမှုစီးပွားဘဝများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးများ၌ အထောက်အကူဖြစ်မည်ဖြစ်ပြီး ဒေသထွက်ပစ္စည်းများ အခြေခံ၍ အသေးစား အလတ်စား စက်မှုလုပ်ငန်းများလည်း ထူထောင်နိုင်မည်ဖြစ်ကာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခရီးသွားလုပ်ငန်း အပါအဝင် အခြားကဏ္ဍများအတွက်လည်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ဓာတ်အားဖြန့်ဖြူးနိုင်ရေးဆောင်ရွက်
ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့် အညီ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ခြင်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဓာတ်အားရရှိ သုံးစွဲနိုင်ခြင်းမရှိသေးသည့် ဒေသများကို ဓာတ်အား ဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့် မာန်အောင်မြို့နယ် တစ်ခုလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အဆင့်လိုက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် POSCO International Corporation မှ Chief Executive Officer Mr. Kim Young Sang က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မာန်အောင်မြို့နယ် ပြည်သူများကိုယ်စား မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်က ယနေ့သည် မိမိတို့ မာန်အောင်ကျွန်း ပေါ်တွင် နေထိုင်ကြသည့် ပြည်သူများအတွက် အိပ်မက် တစ်ခု အကောင်အထည်ပေါ်လာသည့်နေ့တစ်နေ့ဖြစ်ပါ ကြောင်း၊ မိမိတို့ တစ်ရက်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိခဲ့ သည့်နေ့ တစ်ရက်မှ မရှိခဲ့ပါကြောင်း၊ မိမိတို့မှာ ရေနံဆီမီး ခွက်ဖြင့် ကြီးပြင်းခဲ့ရသူများဖြစ်ပါကြောင်း၊ ယခု ၂၄ နာရီ လျှပ်စစ်မီးရရှိမည်ဖြစ်သည့်အတွက် မိမိတို့ သား၊ သမီး၊ မြေး၊ မြစ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်လူမှုဘဝများ မြင့်မားလာကြမည်ဖြစ်ပါကြောင်း၊ ထို့အတွက် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးသည့်အတွက် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
စက်ခလုတ်နှိပ်၍ ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာနှင့် POSCO International Corporation မှ Chief Executive Officer Mr. Kim Young Sang တို့က မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေရောင်ခြည်စွမ်းအား ရယူပြီး လျှပ်စစ်ဓာတ်အားထုတ်ရန် တပ်ဆင်ထားသည့် Solar ပြားများအား ကြည့်ရှုသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာနှင့် POSCO International Corporation မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယခုဖွင့်လှစ်သည့် မာန်အောင်မြို့ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် POSCO International Corporationမှ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ လူမှုတာဝန်သိ အစီအစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း အကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ဒီဇယ်ဓာတ်အားပေးစက်များနှင့် အချိန်ပိုင်း ဖြန့်ဖြူးပေးနေသည့် မာန်အောင်မြို့ပေါ် (၅)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာ သုံးရွာရှိ အိမ်ထောင်စု ၁၄၃၅ စုအား ယခုဖွင့်လှစ်သည့် ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှု ပေါင်းစပ်စနစ်ဖြင့် အချိန်ပိုမို၍ ဓာတ်အားပေးသွားနိုင်မည် ဖြစ်သည်။
ပထမဆုံး အသုံးပြုဆောင်ရွက်ခြင်းဖြစ်
လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုရှိသည့် မာန်အောင် မြို့နယ်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဖြစ်နိုင်မည့် နည်းလမ်းများအား ဆန်းစစ်ကြည့်ရာတွင် အကောင်းဆုံးနှင့် အသင့်တော်ဆုံးနည်းလမ်းဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရွေးချယ်ခဲ့ကာ ယခုစီမံကိန်းမှာ အဆင့် (၁)ဖြစ်ပြီး Solar Panelအရေအတွက် ၁၄၁၁ ခု၊ ဘက်ထရီ ၇၂၀ တပ်ဆင်ထားပြီး ဝ ဒသမ ၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင် ပြီး Energy Storage System ၂ နာရီ သိုလှောင်နိုင်စွမ်း ရှိကြောင်း၊ ယခုစီမံကိန်းတွင် အသုံးပြုသည့် Energy Storage System နှင့် Diesel Hybrid System မှာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြုဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ စီမံကိန်းအဆင့်(၂)ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီး ဌာန၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှု လက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲ နိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်း များ၊ ဓာတ်အားခွဲရုံများတည်ဆောက်၍ ဓာတ်အားဖြန့်ဖြူး နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းထိ နိုင်ငံတော်ဓာတ်အား စနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ လျှပ်စစ် ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများရှိပြီး ဓာတ်အား စနစ်နှင့် ဝေးကွာသော ဒေသများသို့လည်း လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ဓာတ်အားပေးခြင်း၊ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်များ၊ လေစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်များ၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိ ကြောင်း။
ဒီအတိုင်းပဲ နိုင်ငံတစ်နိုင်ငံမှာဆိုရင် တစ်စိတ်တစ်ပိုင်း ကနေပြီးတော့ အဆင်မပြေရင် ကျွန်မတို့နိုင်ငံ တစ်နိုင်ငံ လုံးကို ထိပါတယ်။ အဲဒီလိုထိတယ်ဆိုတဲ့ စိတ်ဓာတ်လည်း ထားရမယ်။ အထူးသဖြင့် ဒီလိုစိတ်ဓာတ်မျိုးကို ရခိုင် ပြည်နယ်လို တည်ငြိမ်မှုရှိသင့်သလောက် မရှိတဲ့နေရာတွေ မှာ ဒီလိုစိတ်ဓာတ်ကို ပြည်သူလူထု တစ်ယောက်ချင်း တစ်ယောက်ချင်းက ထားဖို့လိုပါတယ်။ ငါ့ထိမှ ထိတာ မဟုတ်ဘူး။ အခြားသူတွေထိရင်လည်း ငါ့ကိုထိတယ်။ ငါတို့မြေပေါ်မှာနေတဲ့ အေးအတူပူအမျှ၊ တစ်လှေတည်း စီးတဲ့သူတွေထဲက တစ်ယောက်ထိရင် ငါတို့အားလုံးကို ထိတယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားဖို့လိုပါတယ်။
ကျွန်မစောစောတုန်းကလည်း ပြောသွားပါတယ်။ လက်နက်အင်အားနဲ့ အပြောင်းအလဲလုပ်ဖို့ ကြိုးစားတယ် ဆိုတာကို ကျွန်မ အရင်ကပြောဖူးပါတယ်။ ဉာဏ်ပညာ အမြော်အမြင်နည်းလို့လည်း ဖြစ်နိုင်တယ်။ သတ္တိနည်း လို့လည်း ဖြစ်နိုင်တယ်။ စေတနာနည်းလို့လည်း ဖြစ်နိုင် တယ်။ နိုင်ငံအပေါ်မှာ စေတနာရှိရင် နိုင်ငံကို ထိမယ့်ကိစ္စကို ဘယ်တော့မှမလုပ်ဘူး၊ ဒါပထမပဲ။ ဒုတိယက ဒီနိုင်ငံဟာ အပြောင်းအလဲလိုအပ်တယ်ဆိုရင်၊ ကိုယ့်မှာ ဉာဏ်ပညာ ရှိရင် ဘယ်လိုနည်းနဲ့ ဒီအပြောင်းအလဲကို တည်တည် ငြိမ်ငြိမ်နဲ့ လုပ်မလဲဆိုတာ စဉ်းစားပြီးတော့ အဖြေရှာလို့ ရရမယ်။ ဒီအဖြေမရှာနိုင်ရင် ကိုယ့်မှာ ဉာဏ်ပညာအမြော် အမြင်နည်းလို့ပဲ။ ဒီလို ဘယ်လိုနည်းနဲ့ ရအောင်လုပ်ရမလဲ ဆိုတာသိရက်နဲ့ အဲဒီနည်းကို လိုက်နိုင်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ မရှိဘူးဆိုတာလည်း ဒါသတ္တိမရှိတာဘဲ။
ဖြောင့်မတ်တဲ့အင်အားနဲ့ စည်းရုံး
ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံကို ပြောင်းလဲချင်ရင် ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတွေအများကြီး ကျွန်မတို့ ပေးထားတယ်။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲမှာဆိုရင် ကျွန်မတို့ ဘယ်ပါတီကိုမှ အသာစီး ပေးတာမဟုတ်ဘူး။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင် ဘယ်တုန်းကမှ အသာစီးပေးတာ မခံခဲ့ရ ဘူး။ ဖိနှိပ်တာသာ အများကြီးခံရတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ဟာ ငြိမ်းချမ်းတဲ့၊ အကြမ်းမဖက်တဲ့လမ်းစဉ်ကနေ သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတဲ့အတိုင်း အဲဒီ အတိုင်းပဲ ကျွန်မတို့ သွားခဲ့တယ်။ အဲဒီအတိုင်းသွားတဲ့အခါ ကျွန်မတို့ပြည်သူလူထုကို ဘယ်လို စည်းရုံးမလဲ၊ ကျွန်မ တို့ရဲ့ ပါတီဟာ လက်နက်အင်အားလည်း မရှိဘူး။ ဓန အင်အားလည်း မရှိဘူး။ ဒီတော့ ကျွန်မတို့ ဘယ်လိုအင်အား နဲ့ စည်းရုံးသလဲဆိုရင် ဖြောင့်မတ်တဲ့အင်အားနဲ့ စည်းရုံး တယ်။ ပြည်သူအပေါ်မှာ စေတနာထားတဲ့ အင်အားနဲ့ စည်းရုံးတယ်။ ပြည်သူကို အလေးထားတဲ့ အင်အားနဲ့ စည်းရုံးတယ်။
ပြည်သူကို လေးစားတဲ့အခါကျတော့ စည်းရုံးတဲ့ အခါမှာ ပြည်သူကို ကိုယ်နဲ့တန်းတူညီတူ တန်ဖိုးထား ပြီးတော့ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့ရဲ့ ပန်းတိုင် တွေဟာ ဘာလဲဆိုတာ သေသေချာချာရှင်းပြတယ်။ အဲဒီလို ရှင်းပြပြီးတဲ့အခါမှာ သဘောပေါက်လို့ ပြည်သူက ကျွန်မ တို့ကို ထောက်ခံလို့ ကျွန်မတို့အစိုးရတစ်ခု ဖွဲ့နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီ စနစ်အောက်မှာဆိုရင် အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထု တစ်ဦးချင်းတစ်ဦးချင်းဟာ ဆင်ခြင်တုံတရားရှိမှ ဒီနိုင်ငံဟာ တိုးတက်မှာပါ။ ဒီတော့ ဆင်ခြင်တုံတရားဆိုတာ ဘာလဲဆိုတာကို စဉ်းစားပါ။ ဆင်ခြင်တုံတရားဆိုတာဟာ ဒီလောကကြီးမှာ ငါတစ်ယောက်တည်းမရှိဘူးဆိုတဲ့ အသိနဲ့ စရမယ်။ ဒီလောကကြီးမှာ ငါတစ်ယောက်တည်းသာရှိတယ်၊ ငါသာ အဓိကပဲ၊ ငါ့အတွက်သာ အဓိကပဲဆိုရင် အဲဒီကတည်းက စပြီးတော့ ဆင်ခြင်တုံတရားဟာ လမ်းမှာ တစ်ခါတည်း ပိတ်သွားပြီပဲ။ အဲဒီတော့ ဒီလောကကြီးမှာ ငါတစ်ယောက် တည်းရှိတာမဟုတ်ဘူး ငါ့အပြင် အများကြီးရှိသေးတယ်။ အများကောင်းစားမှ ငါလည်းကောင်းစားချင်တယ်ဆိုတဲ့ စိတ်ရှိမှသာလျှင် ဒါဆင်ခြင်တုံတရားရမှာဖြစ်ပါတယ်။
ဒါကို ပိုပြီးချဲ့လိုက်ရင် ငါတစ်ယောက်တည်းရှိတာ မဟုတ်ဘူး။ ငါ့အဖွဲ့တစ်ခုတည်းရှိတာ မဟုတ်ဘူး။ ငါ့လူမျိုး တစ်ခုတည်းရှိတာ မဟုတ်ဘူး။ ငါ့ရဲ့လိုအပ်ချက်ဆိုတာပဲ ရှိတာမဟုတ်ဘူးဆိုတာကို နားလည်ရမယ်။ ကိုယ်နဲ့မတူတဲ့ သူတွေ၊ ကိုယ်နဲ့ အတွေးအခေါ်ချင်းမတူတဲ့သူတွေကို လည်း လက်ခံနိုင်ရမယ်။ အတွေးအခေါ်ချင်းကို ဖလှယ်နိုင် တဲ့ အင်အားရှိရမယ်။ ကိုယ်ကနေပြီးတော့ တစ်ဖက်က အတွေးအခေါ်တွေက မှားနေတယ်ဆိုရင်၊ မှားနေတယ် လို့ထင်ရင်၊ မှားနေကြောင်းကို တစ်ဖက်က နားလည်အောင် လို့ ဖျောင်းဖျနိုင်တဲ့ ဉာဏ်ပညာအစွမ်းကိုယ့်မှာ မွေးယူပါ။ တစ်ခါတည်း ငါနဲ့ သဘောထားချင်းမတူရင် ရိုက်လိုက် မယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ဉာဏ်ပညာအမြော်အမြင်မရှိတဲ့ လူတွေရဲ့ စိတ်ဓာတ်ပဲ။ တကယ်ဆိုရင် သတ္တိမရှိတဲ့ လူတွေ ရဲ့ စိတ်ဓာတ်ပဲ။ ဉာဏ်ပညာကို သုံးပြီးတော့ ကိုယ်လိုချင် တဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့ဆိုတာ အင်မတန်မှ ပင်ပန်းပါတယ်။ ဒီပင်ပန်းဒဏ်ကို မခံနိုင်လို့ ဖြတ်လမ်းနဲ့ သွားချင်ရင်တော့ အင်အားသုံးကြတာပေါ့၊ အကြမ်းဖက်တဲ့ နည်းတွေ သုံးကြတာပေါ့။ အဲဒီဟာတွေကို အဓိကခံနေ ရတာက ကျွန်မတို့ရဲ့ ပြည်ထောင်စုထဲမှာ အခုအချိန်မှာ တော့ ရခိုင်ပြည်နယ်က ပြည်သူတွေဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုဆိုတာ
အခု မာန်အောင်ကျွန်းလိုနေရာဆိုတာ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ရင် အလားအလာတွေ အင်မတန်မှ ကောင်းပါ တယ်။ ဒီကောင်းတဲ့ အလားအလာတွေကို အပြည့်အဝ ပြည်သူတွေ ခံစားနိုင်အောင်လို့ ကျွန်မတို့ကြိုးစားသွားမှာ ပါ။ ကြိုးစားသွားဖို့ဆိုတာက နံပါတ်တစ် အဓိကကတော့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်မတို့ လိုပါတယ်။ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့ ရဲ့ ပန်းတိုင်ကို ရောက်နိုင်တာပါ။ ဒါကြောင့် ရေရှည် စဉ်းစားပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ တာဝေးအပြေးပြိုင်ပွဲတစ်ခုလိုပဲ။ ခံနိုင်ရည်ရှိရတယ်။ အချိန် ယူနိုင်ရတယ်။ ရေတိုအချိန်အတွင်းမှာ ပြီးမယ့်ကိစ္စမဟုတ် ဘူး။ ရေတိုအချိန်အတွင်းမှာပြီးမယ့်ကိစ္စလို့ သဘောထား ပြီးတော့ ရှိသမျှအင်အားတွေ သုံးလိုက်ရင် ရေရှည်ခရီးက မပြီးခင် လမ်းမှာ လဲပါလိမ့်မယ်။
ဒါကြောင့် ကျွန်မတို့က ဆင်ဆင်ခြင်ခြင်နဲ့ ဘယ်အချိန် မှာ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်တယ်ဆိုတာကို သေသေ ချာချာ စဉ်းစားရပါတယ်။ ဘယ်တော့မှလည်း တစ်နေရာ တည်းအတွက်၊ တစ်ဖွဲ့တည်းအတွက်၊ တစ်စုတည်းအတွက် စဉ်းစားလို့လည်း မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ ရခိုင်ပြည်နယ်က ပြည်သူလူထုက ဒီဟာတွေအားလုံးကို သေသေချာချာ လေ့လာစေချင်ပါတယ်။ ဆင်ခြင်စေချင် ပါတယ်။ သုံးသပ်စေချင်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ငြိမ်းချမ်းခြင်းဆိုတာဟာ ကိုယ့်နိုင်ငံငြိမ်းချမ်းမှ ဖြစ်မယ် ဆိုတာကိုလည်း သဘောပေါက်စေချင်ပါတယ်။
ဒီမိုကရေစီအခွင့်အရေး
အခု ကျွန်မခရီးသွားရင် အလုပ်ကိစ္စတွေရှိလို့ သွားတာပါ။ ဒါပေမယ့် ရောက်တဲ့နေရာမှာ ပြည်သူတွေနဲ့ တွေ့ဆုံမှုကို ကျွန်မတို့ အမြဲပဲကြိုးစားပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ပြည်သူတွေရဲ့အသံကို ကြားချင်လို့၊ နောက်ပြီးတော့လည်း ပြည်သူတွေဟာ တာဝန်သိသိနဲ့ ဒီမိုကရေစီစနစ်ထဲမှာ ဘယ်လိုဆက်ဆံရမလဲဆိုတာကို နားလည်စေချင်လို့ပါ။ တချို့တွေက ဒီလိုအခွင့်အရေးတွေ ကို အလွဲသုံးစားလုပ်တဲ့ သူတွေလည်းရှိတယ်။ ဒီမိုကရေစီ အခွင့်အရေးဆိုတာ ဘယ်အခွင့်အရေးနဲ့မှ မကွာခြားဘူး။ အလွဲသုံးစားလုပ်ရင် အန္တရာယ်ပဲ။ မှန်မှန်ကန်ကန် သုံးရင်တော့ အင်အားပဲ။ အဲဒီတော့ ကျွန်မတို့ ဒီလို ပြည်သူ တွေနဲ့ စုဝေးပြီးတော့ တွေ့တဲ့အခါမှာ ကိုယ့်ရပ်ကိုယ့်ရွာ အတွက် တကယ်အကျိုးရှိမယ့် ကိစ္စတွေကို တင်ပြစေချင် တယ်။ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ တချို့ဆိုရင် ပုဂ္ဂိုလ်ရေးအရ တင်ပြတာတွေရှိတယ်။ ကျွန်မ ဖြေနိုင်သလောက်ဖြေတယ်။ ဒါပေမယ့် ကျွန်မအမြဲပဲ ထောက်ပြတယ်။ ပုဂ္ဂိုလ်ရေးအရက ပုဂ္ဂိုလ်ရေးအရပဲ။ ကိုယ့်ရပ်ကိုယ့်ရွာ အများကောင်းကျိုးအတွက်သာ ကိုယ်က တင်ပြသင့်တယ်ဆိုတာ အမြဲပဲသတိပေးပါတယ်။ အခုဆိုရင် ကျွန်မတို့ အချိန်ရသရွေ့ ပြည်သူလူထုရဲ့ တင်ပြချက်တွေ၊ မေးမြန်းချက်တွေကို ဖြေဖို့ စီစဉ်ထားပါတယ်” ပြောကြား သည်။
ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း
ယင်းနောက် တွေ့ဆုံပွဲတွင် ကြိုတင် တင်ပြထားသည့် မာန်အောင်မြို့နယ် ကမ်းနားရပ်ကွက်မှ ဦးထွန်းမြင့်ဇော်က မာန်အောင်ကျွန်းပတ်လမ်း ကတ္တရာခင်းရန် ကျန်ရှိနေ သည့် ၁၁ မိုင်အား ဆက်လက်ဆောင်ရွက်ပေးရေး၊ ပလင် ကျေးရွာအုပ်စုမှ ဦးမောင်ဝင်းလှိုင်က ပလင်၊ ကအီး၊ ကံတိုင်း အုပ်ကျေးရွာများရှိ ပြည်သူများ သောက်သုံးရေ ရရှိရေး အတွက် လျှိုပိတ်ဆည်တစ်ခု တည်ဆောက်ပေးရေး၊ ကျီးညိုကျေးရွာအုပ်စုမှ ဦးပုဖြူက ပြည်သူများက လက်ပြင်-ကျီးညို-ကန်စွန်းကျေးရွာ အုပ်စုများအတွက် သောက်သုံးရေးရရှိရန် ဆည်မှတစ်ဆင့် ရေပိုက်သွယ်တန်း ပေးရေး၊ စမုံတဲကျေးရွာအုပ်စုမှ ဦးတင်ရွှေက မာန်အောင် မြို့နယ် ကျွန်းဖြတ်လမ်းအား ကျောက်ချောလမ်း ဆောင်ရွက်ပေးရေးနှင့် သိမ္ဗလကျေးရွာအုပ်စုမှ ဦးခင်မောင် ကြီးက မာန်အောင် - ရမ်းဗြဲ ဇက်ရေယာဉ်ပြေးဆွဲပေးရေး မေးခွန်းတို့ကို လည်းကောင်း၊ မဏ္ဍပ်အတွင်းမှ မဲစနစ်ဖြင့် ကိုယ်တိုင်ကိုယ်ကျမေးမြန်းလာသည့် ညောင်ကုန်းကျေးရွာ မှ ဒေါ်သီတာဝင်းက ညောင်ပင်လှ-ညောင်ကုန်းကျေးရွာ ချင်းဆက်လမ်း ဖောက်လုပ်ပေးရေး၊ ကင်းတဲကျေးရွာမှ ဦးချစ်အေးက မြို့နှင့် ပတ်ဝန်းကျင် (၃)မိုင် အကွာအဝေး ရှိသည့် ဒေသများ လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရေး၊ ကျီးညိုကျေးရွာမှ ဦးမြင့်ရွှေက ကျီးညို၊ လက်မဲ၊ ကန်းစွန်းကျေးရွာများအတွက် လူနာတင်ယာဉ် တစ်စီး ကူညီပေးနိုင်ရေး၊ မိမ္မကြွယ်ကျေးရွာမှ ဦးခင်မောင်ဝင်းက မိမ္မကြွယ်ကျေးရွာရှိ သောက်သုံးရေကန် ပြုပြင်ပေးရေးနှင့် သစ်ပုံကျေးရွာမှ ဦးဝင်းမြင့်သိန်းက သစ်ပုံကျေးရွာမြေအသုံးပြုထားသည့် MPT ဆက်သွယ် ရေးတိုင်အတွက် မြေအသုံးပြုခရရှိရေး မေးခွန်းတို့ကို လည်းကောင်း မေးမြန်းကြရာ ဒုတိယဝန်ကြီး ဦးကျော်မျိုး နှင့် ကဏ္ဍအလိုက်သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ချက်ချင်းဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ရေရှည် ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်အသုံးပြု
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား သတိပေးပြောကြားလိုပါကြောင်း၊ အလုပ်တစ်ခုဆောင်ရွက်မည်ဆိုပါက ပြည်သူလူထုအား အသိပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက ဆောင်ရွက် လိုသည့်ကိစ္စကို ဆောင်ရွက်ပါက ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် အချက်များကိုပါ လေးလေး စားစားဖြင့် သေသေချာချာရှင်းပြစေလိုကြောင်း၊ မိမိတို့ ပြည်သူများမှာ နားလည်မှုနှင့် တုံ့ပြန်တတ်ပါကြောင်း၊ ပြည်နယ်အစိုးရနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများမှ ပြည်သူ များအား မရှင်းပြခဲ့မှုများအပေါ် မိမိအနေဖြင့် တောင်းပန် ပါကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူလူထုဆိုသည်မှာ တာဝန် ရှိသလို လုပ်ပိုင်ခွင့်ရှိသည်ကိုလည်း သဘောပေါက်ကြ စေလိုကြောင်း၊ လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်အသုံးပြုပြီး တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်စေလိုပါကြောင်း၊ အစိုးရရော၊ ပြည်သူရော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သေသေချာချာကိုင်စွဲသွားပါက မိမိတို့နိုင်ငံမှာ တိုးတက်မှု နှုန်းမြန်မည့် နိုင်ငံဖြစ်ပါကြောင်း၊ ယင်းကို မှန်မှန်ကန်ကန် အသုံးပြုရန်မှာ အရေးကြီးပါကြောင်း၊ မာန်အောင်မြို့နယ် နှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒပြည့်၀ကြစေရန် ဆုတောင်းပေးလိုက်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မဏ္ဍပ်အပြင်၌ စောင့်ဆိုင်းနေကြသည့် ဒေသခံပြည်သူ များအား ရင်းနှီးခင်မင်စွာလိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ သည် မာန်အောင်မြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာကြရာ သံတွဲမြို့သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်း တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment