Monday, December 2, 2019

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ

Image may contain: 11 people, people smiling, people standing
ရန်ကုန် ဒီဇင်ဘာ ၁
ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက် ရေးနေ့အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အဖွင့်မိန့်ခွန်း ပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား ယခုလို ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက် များမှာ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လက်ရှိအခြေအနေ အား ပြည်သူကိုအသိပေးပြီး မပေါ့ဆရန် အသိပေး ပြောကြားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လုပ်ဆောင်မှုများကို အသိပေးရှင်းလင်းတင်ပြရန် ဖြစ်ကြောင်း။
အောင်မြင်နိုင်မည်
ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Communities make the difference” “အေအိုင်ဒီအက်စ် ရောဂါကင်းဝေးရေး လူထုအားလုံး ပါဝင်ပေး” ဆိုသည်နှင့် အညီ အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် အမျိုးသမီးများ၊ လူငယ်များ၊ လူထုကျန်းမာရေးလုပ်သားများ၊ လူထုအခြေပြုအဖွဲ့အစည်း များအပြင် ပြည်သူများပါဝင်ဆောင်ရွက်မှ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများမပါဝင်လျှင် မည်သည့်ကျန်းမာရေးလုပ်ငန်းမှ ထိရောက်အောင်မြင်နိုင် မည် မဟုတ်ကြောင်း။
အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် လူမှုရေး၊ စီးပွားရေးနှင့် နှီးနွှယ်သည့်အချက်အလက်အကြောင်း အရာများ၊ လူငယ်များ၏အသိအမြင်နှင့် ခံယူချက်၊ ပြည်သူ များ၏ ရောဂါနှင့်ပတ်သက်သော အသိပညာဗဟုသုတများ နှင့် များစွာဆက်စပ်နှီးနွှယ်နေသောကြောင့် ကျွမ်းကျင်မှုနှင့် အတတ်ပညာဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုတစ်ခုတည်းဖြင့် မလုံလောက်ကြောင်း။
စဉ်းစားသုံးသပ်လုပ်ဆောင်ရန် အရေးကြီး
ဤရောဂါသည် လူမှုရေးနှင့် များစွာဆက်စပ်နေသော ရောဂါ (social disease) တစ်မျိုးဖြစ်ကြောင်း၊ စီမံချက် မန်နေဂျာအပါအဝင် သက်ဆိုင်သူအားလုံးသိရှိရန် အထူး အရေးကြီးကြောင်း၊ ဒီနေ့လိုအခမ်းအနားပြီးစီးသွားပါက တစ်ဦးချင်း၊ NGO များ၊ INGO များ၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ တစ်ဖွဲ့ချင်းစီက မိမိတို့ ဘာဆက်လုပ်သင့်သည်၊ ဘယ်လိုလုပ်သင့်သည်၊ မိမိတို့၏ခံယူချက်၊ အသိအမြင် မှန်မမှန်၊ မိမိတို့၏ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများကို ဘာတွေပြောသင့်သည်၊ ပြောရမည်တို့ကို စဉ်းစားသုံးသပ် လုပ်ဆောင်ရန် အရေးကြီးကြောင်း။
ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် အနေဖြင့်လည်း မိမိတို့၏ဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ပြီး ထူးခြားဆန်းသစ်သော အတွေးအခေါ်ဆောင်ရွက် မှုများ (Out of the box thinking ၊ innovative thinking)ဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေးနှင့် ပြုစု ကုသစောင့်ရှောက်ရေးလုပ်ငန်းများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း {National Strategic Plan for HIV/AIDS(2016-20)} နှင့် အညီ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၅ အတွက်လည်း ရေးဆွဲလျက်ရှိကြောင်း။
တိုးချဲ့ဆောင်ရွက်လျက်ရှိ
မိမိတို့ဝန်ကြီးဌာနအနေဖြင့် အိပ်ချ်အိုင်ဗွီ/အေအိုင် ဒီအက်စ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေး အသွင်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး အိပ်ချ်အိုင်ဗွီပညာပေးလုပ်ငန်း၊ အခမဲ့ကွန်ဒုံး ဖြန့်ဝေပေးခြင်းလုပ်ငန်း၊ ကာလသားရောဂါ ရှိ/မရှိ စမ်းသပ် စစ်ဆေးပြီး ကုသပေးခြင်းလုပ်ငန်း၊ မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများကြား အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရမှုအန္တရာယ် လျှော့ချရေးလုပ်ငန်း၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရခြင်း ရှိ/ မရှိ သွေးစစ်ဆေးခြင်းလုပ်ငန်း၊ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီ ပိုးကူးစက်မှုမှ ကာကွယ်ရေးလုပ်ငန်း(PMTCT)၊ အေအာတီ ဆေးဖြင့် ကုသခြင်း(Antiretroviral Therapy) လုပ်ငန်း များကို တစ်နိုင်ငံလုံးလွှမ်းခြုံမှုရရှိအောင် တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူ ဦးရေ ၂၃၇၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ သုည ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းတွက်ချက်မှုအရသိရှိရပါ ကြောင်း။
အလားတူ အိပ်ချ်အိုင်ဗွီရောဂါအသစ်ကူးစက်ခံရမှု သည် ၂၀၀၀ ပြည့်နှစ်တွင် ၂၉၀၀၀ ခန့်နှင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၁၀၀၀၀ ကျော်အထိ ကျဆင်းလာခဲ့ပါ ကြောင်း၊ ရောဂါပိုးအသစ်ကူးစက်ခံရမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်သည် မူးယစ်ဆေးထိုးသွင်းသူများ (PWID)၊ အမျိုးသမီးလိင်လုပ်သားများ(FSW)နှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ(MSM)စသည့် အန္တရာယ်ရှိသော ဦးတည်အုပ်စုများအတွင်းဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ဦးတည်အုပ်စုများကို ဦးစားပေးအလေးထား၍ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများအား ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
အိပ်ချ်အိုင်ဗွီပိုးအသစ်ကူးစက်ခံရမှုသည် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်မားဆုံးဖြစ်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ တွေ့ရှိရကြောင်း။
၂၀၁၅ ခုနှစ် အစတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ နှစ်သိန်းကျော်အနက် လူနာ ၈၅၀၀၀ ကျော်ကိုသာ ဘဝ တစ်သက်တာသောက်ရမည့် အေအာတီဆေး (Lifelong ART)ဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင် လူနာပေါင်း ၁၇၅၀၀၀ ကျော် နှစ်ဆကျော်ထိ တိုးမြှင့် ကုသမှုပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
လွှဲပြောင်းလက်ခံ ကုသပေးနေ
၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ လူနာပေါင်း ၁၃၀၀၀၀ ကျော်ကို အစိုးရကျန်းမာရေးဌာနများတွင် ကုသမှုပေးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ၏ ဆေးခန်းများတွင် ကုသမှုခံယူ နေသူများကိုလည်း တဖြည်းဖြည်း လွှဲပြောင်းလက်ခံရယူပြီး ကုသပေးနေပြီဖြစ်ကြောင်း။
အေအာတီဆေးတိုက်ကျွေးကုသခြင်း အိပ်ချ်အိုင်ဗွီ ကူးစက်နေသည့် လူနာများကို ဘဝအရည်အသွေးပြည့်ဝစွာ ဖြင့် နေနိုင်စေရုံသာမက အိပ်ချ်အိုင်ဗွီပိုးကူးစက်ပြန့်ပွား မှုကိုလည်း ကာကွယ်မှုပေးသည်ဆိုသည့်အချက်ကိုလည်း သိစေချင်ကြောင်း။
အေအာတီဆေးဖြင့် တိုးချဲ့ကုသပေးနိုင်မှုကြောင့် လူနာများသည် ပိုမိုအသက်ရှည်စွာနေနိုင်လာကြပြီး နောက်ဆက်တွဲပြဿနာအနေနှင့် သွေးတိုး၊ ဆီးချို စသည့် မကူးစက်တတ်သောရောဂါများ ပိုမိုဖြစ်ပွားလာနိုင်ပြီး ရေရှည်၌ထည့်သွင်းစဉ်းစားရမည့် ကျန်းမာရေးပြဿနာ တစ်ခုအဖြစ် တွေ့မြင်လာရကြောင်း။
အန္တရာယ်ရှိသည့် အပြုအမူ
အိပ်ချ်အိုင်ဗွီပိုးကူးစက်ဖြစ်ပွားမှု အခြေအနေနှင့် အန္တရာယ်ရှိသည့် အပြုအမူကျင့်သုံးမှုအခြေအနေများ ပုံမှန် ဆန်းစစ်ခြင်း(IBBS- 2017) စစ်တမ်းအရ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူပေါင်း ၉၃၀၀၀ ခန့်ရှိပြီး ၂၀၁၇ စစ်တမ်းအရ မူးယစ်ဆေးဝါး အကြောတွင်းထိုးသွင်းသူများ တွင် အိပ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်း ၃၄ ဒသမ ၉ ရာခိုင်နှုန်း အထိရှိကြောင်း။
ကိုယ်ဝန်ဆောင်မိခင်များတွင် အိပ်ချ်အိုင်ဗွီဖြစ်ပွားမှု နှုန်းသည် ၂၀၁၁ ခုနှစ်တွင် သုည ဒသမ ၈၄ ရာခိုင်နှုန်းရှိခဲ့ ရာမှ ၂၀၁၈ ခုနှစ်တွင် သုည ဒသမ ၅၇ ရာခိုင်နှုန်းအထိ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာ နိုင်ငံအနေနှင့် လာမည့် ၂၀၂၅ ခုနှစ်တွင် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုလုံးဝကင်းစင်ပပျောက်သွားသည် အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းလည်း အသိပေးပြောကြားလိုကြောင်း။
လုံးဝပပျောက်သွားစေရန်
ယနေ့အခမ်းအနားတွင် အထူးမှာကြားလိုသည်မှာ အမျိုးသမီးလိင်လုပ်သားများ (FSW)နှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ (MSM)၊ ပြည်သူလူထု အခြေပြုအဖွဲ့ အစည်းများအပါအဝင် ပြည်သူများကိုယ်တိုင် ဦးဆောင်ပြီး အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရန် အထူးအရေးကြီး ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်မှ လုံးဝပပျောက် သွားစေရန်အတွက် လူတိုင်းအသိစိတ်ဓာတ်ရှိစွာဖြင့် ပြည်သူလူထုအားလုံး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြား ခြင်း၊ UNAIDS အဖွဲ့မှ Country Director, Mr. Oussama Tawil က UNAIDS မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ U.S Embassy မှ Deputy Chief of Mission, Deborah C. Lynn က ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်သော အမှာစကား ပြောကြားခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမှ ပေးပို့ သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ အိပ်ချ်အိုင်ဗွီရောဂါ နှင့် နှီးနွှယ်ခံစားနေရသော လူထုကိုယ်စား မြန်မာနိုင်ငံ အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာဝင်း က ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိပ်ချ်အိုင်ဗွီကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွ လှုပ်ရှားမှုထူးချွန်ဆုရ မြို့နယ်များအား လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်း အဆင့် ပန်းချီ ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား လည်းကောင်း၊ ဉာဏ်စမ်းဗဟုသုတ ပြိုင်ပွဲများတွင် ထူးချွန်ဆုရ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းဝင်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ အား လည်းကောင်း၊ ပညာပေးပြခန်း အကောင်းဆုံးပြင်ဆင် နိုင်မှုဆုအား လည်းကောင်း ချီးမြှင့်ပေးခဲ့ကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက်လာသော ဧည့်သည်တော်ကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းငယ် များအား လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံ အိပ်ချ်အိုင်ဗွီ နှင့်နေထိုင်နေသူများ၊ ဦးတည်အုပ်စုများဖြစ်သော အမျိုးသားချင်း လိင်တူချစ်သူများ၊ အမျိုးသမီးလိင်လုပ် သားများနှင့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများအား အားပေးစကားများ ပြောကြားခဲ့သည်။
ဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗဟန်း မြို့နယ်ရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအက်စ်ကျော်လှနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ တွင် အမြဲနေထိုင်ခွင့်(PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသား အဖြစ်ခံယူထားသော မူလမြန်မာနိုင်ငံဖွား အထူးကု ဆရာဝန်များနှင့် ဆရာဝန်များနှင့်ပတ်သက်သော ကန့်သတ် အထွေထွေဆေးကုသခွင့်လိုင်စင်နှင့် ကန့်သတ်အထူး ဆေးကုသခွင့်လိုင်စင်များ ဖြေလျှော့ပေးနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး
မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အက်စ်ကျော်လှက ပြည်ထောင်စုဝန်ကြီး လွှတ်တော်တွင် ဖြေကြားခဲ့သည့်အတိုင်း အမြဲနေထိုင်ခွင့်(PR) ရရှိပြီးသူ များနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသော မူလမြန်မာ နိုင်ငံဖွားဆရာဝန်များကို ဆေးကုသခွင့်လိုင်စင်များ ထုတ်ပေးရာတွင် ပြည်ထောင်စုဝန်ကြီး ပြည်သူ့လွှတ်တော် တွင် ရှင်းလင်းဖြေကြားထားသကဲ့သို့ ဖြေလျှော့မှုများကို ဆောင်ရွက်ပေးသွားရန် မိမိတို့ အလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် အစည်းအဝေးပြုလုပ်၍ သဘောတူ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုင်စင်ကြေးနှုန်းထား သတ်မှတ်ချက်များကို လျှော့ချ၍ ကောက်ခံသွားမည့်အပြင် ယခင်ကကဲ့သို့ တစ်ကြိမ်လျှင် သုံးလစာ စုပေါင်းသွင်းရခြင်း မျိုးမဟုတ်ဘဲ တစ်လချင်း လိုအပ်ချက်နှင့်အညီ ပေးသွင်း သွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် မိမိတို့ ကောင်စီအနေဖြင့် လူနာဘေး ကင်းလုံခြုံရေးနှင့် ပြည်သူများ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး ရည်ရွယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment