Tuesday, December 3, 2019

လွှတ်တော်ရေးရာ
===========
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏နှစ်ပတ်လည်အစီအရင်ခံစာနှင့်စပ်လျဉ်း၍ ဖတ်ကြားတင်ပြ
Image may contain: 1 person
နေပြည်တော် ဒီဇင်ဘာ ၂
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒသမနေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်းနှင့် နှစ်ပတ်လည်အစီရင်ခံစာ သုံးခု ဖတ်ကြားတင်ပြခြင်းတို့ ဆောင်ရွက်ကြသည်။
ဖာပွန်မြို့ လျှပ်စစ်ဓာတ်အား သွယ်တန်းနိုင်ရေးစီမံကိန်းကို ADB ချေးငွေစီမံကိန်းဖြင့် ဆောင်ရွက်ပေးသွားရန်
ထည့်သွင်းလျာထားပြီးဖြစ်
အစည်းအဝေးတွင် ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၏ ဖာပွန်မြို့ လျှပ်စစ်ဓာတ်အားသွယ်တန်းနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ကရင်ပြည်နယ် ဖာပွန်မြို့နယ်အား နိုင်ငံတော်ဓာတ်အားစနစ် ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ ကေဗွီ သထုံ-ဝါးတော-ကမမောင်း-ကတိုင်ထိ- ဖာပွန်ဓာတ်အားလိုင်း ၉၂ မိုင် တည်ဆောက်ခြင်း၊ ဖာပွန်မြို့တွင် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက် ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖာပွန်မြို့ လျှပ်စစ်ဓာတ်အား သွယ်တန်းနိုင်ရေးစီမံကိန်းကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ADB ချေးငွေစီမံကိန်း Loan No.3748-MYA (COL) Power Network Development Project (Distribution) ဖြင့် ဆောင်ရွက်ပေးသွားရန် ထည့်သွင်းလျာထားပြီးဖြစ်ပါ ကြောင်း။
အဆိုပါ ADB ချေးငွေစီမံကိန်းအတွက် International Consultant ရွေးချယ်ရန် တင်ဒါခေါ်ယူစိစစ်ခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် Draft Bidding Document ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ချေးငွေစီမံကိန်းအတွက် ရေးဆွဲထားသော Project Schedule အရ ပစ္စည်းဝယ်ယူရေး နိုင်ငံတကာတင်ဒါခေါ်ယူခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း များကို ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝယ်ယူမည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများသည် ၂၀၂ဝ ပြည့်နှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းရောက်ရှိလာပြီး တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးဆောင် ရွက်နိုင်ရန် လျာထားစီစဉ်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်၏ ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာ အုပ်စု ဖိုင်ပါဆန်ဆည်ရေတားဆည်တမံအသစ်တစ်ခုနှင့် ဆည်ရေသွင်းမြောင်း အား ပြန်လည်ပြုပြင်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စု ရန်းဆော်ကျေးရွာအနီး နမ့်လိန်ချောင်းပေါ်တွင် ဒေသခံတောင်သူများအစီအစဉ်ဖြင့် သစ်၊ ဝါးများအသုံးပြု၍ ယာယီရေလွှဲဆည် တစ်ခု တည်ဆောက်ထားပါကြောင်း၊ အဆိုပါယာယီရေလွှဲဆည်၏ ရေသွယ် မြောင်းမှတစ်ဆင့် မိုးစပါးစိုက်ဧက ၅၆၀ ခန့်အတွက် စိုက်ပျိုးရေ ရယူလျက်ရှိ ပါကြောင်း၊ အဆိုပါရေလွှဲဆည်သည် မိုးရာသီတွင် ချောင်းရေတိုက်စားစီးဆင်းမှု ကြောင့် ကျိုးပေါက်ပျက်စီးတတ်သည့်အတွက် နှစ်စဉ်ပြုပြင်ဆောင်ရွက်ရသည့် အပြင် စိုက်ပျိုးရေအခက်အခဲများလည်း ဖြစ်ပေါ်လျက်ရှိကြောင်းကို သိရှိရ ပါကြောင်း။
ယာယီရေလွှဲဆည်အား အခိုင်အမာတည်ဆောက်ပေးရန် ဖြစ်မြောက်နိုင် စွမ်းရှိ၊ မရှိ အခြေအနေကို ကွင်းဆင်းစစ်ခဲ့ရာတွင် တည်ဆောက်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက် လုပ်ငန်းခွင်အဝင်၊ အထွက်လမ်းအတွက် လမ်းမြေ များအား ဖြတ်သန်းဖောက်လုပ်ရမည်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ လယ်မြေ များ ထိခိုက်ပျက်စီးနိုင်သည့်အပြင် လုပ်ငန်းခွင်အရောက် သယ်ယူစရိတ် များပြားစွာကုန်ကျမည်ဖြစ်သည့်အတွက် အခိုင်အမာရေလွှဲဆည်တည်ဆောက် ရန် သင့်လျော်မှုမရှိကြောင်းကို တွေ့ရှိရပါကြောင်း။
လက်ရှိ စိုက်ပျိုးရေရယူနေသည့် နမ့်လိန်ချောင်းရေသည် တောင်သူများ ယခုတည်ဆောက်ထားသည့် ယာယီရေလွှဲဆည်၏ အထက်ဘက် ပေ ၃၀၀ ခန့် အကွာရှိ သဘာဝရေတံခွန်မှ အစပြုစီးဆင်းနေခြင်းဖြစ်ပါကြောင်း၊ ရေတံခွန်မှ စီးဆင်းရေကို ရှစ်လက်မ အချင်း သံမဏိပိုက်ရေတံလျှောက်ဖြင့် ရေသွယ်မြောင်း အတွင်းသို့ တိုက်ရိုက်ရေသွယ်ယူပြီး စိုက်ပျိုးရေပေးဝေခြင်းနည်းလမ်းက ပိုမို သင့်လျော်မှုရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ အလျား ပေ ၂၀၀၊ အချင်း ရှစ်လက်မရှိသည့် ရေတံလျှောက်တည်ဆောက်ခြင်းနှင့် ရေသွယ်မြောင်း၏ လိုအပ်သည့်အပိုင်းများကို ကျောက်စီမြေထိန်းနံရံများ ထည့်သွင်းတည်ဆောက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ဒေသခံတောင်သူများ၏ အခက် အခဲကုန်ကျစရိတ်ကို ထိရောက်စွာ ကျော်လွှားနိုင်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ် သန်း ၆၀ ကုန်ကျမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်အတွင်း ဦးစားပေးလုပ်ငန်းအစီအစဉ်များအရ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ၏ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေလျာထားမှုအပေါ်မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါတင်ပြသည့်နှစ်အတွင်း ရန်ပုံငွေခွဲဝေရရှိခြင်း မရှိခဲ့ပါက နောင်ဘဏ္ဍာနှစ်များတွင် ဆက်လက်တင်ပြတောင်းခံ စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ စည်ပင်သာယာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မလွတ်ကင်းသော ထရန်စဖော်မာများ၊ လျှပ်စစ် မီးတိုင်များ အချိန်မီရွှေ့ပြောင်းနိုင်ရန်အတွက် မည်သူက တာဝန်ယူဆောင်ရွက် မည်၊ မည်သည့်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ကို မူဝါဒ၊ လုပ်ထုံးလုပ်နည်းတစ်ရပ် တိတိကျကျ ချမှတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိမေးခွန်း၊ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ စဉ့်ဝင်ကျေးရွာအုပ်စု စေတီဖြူရွာနှင့် ရွာသစ်ကျေးရွာသို့ သွယ်တန်းဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားများ အပြည့်အဝအသုံးပြုရန်နှင့် နောင်ခမ်းကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဆက်လက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်တို့ကို သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကလည်းကောင်း၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ မြေပုံမြို့နယ် ကုက္ကိုကျေးရွာအုပ်စု ထုံးကျိန် လွင်ပြင်လယ်သမားတာပြီးမြောက်ရေးအတွက် မည်သို့ကူညီဆောင်ရွက်ပေး မည်ကိုသိလိုခြင်း မေးခွန်း၊ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော်၏ မိုင်းခတ်မြို့နယ် မိုင်းနုံးကျေးရွာအုပ်စုရှိ (ခမ်းနွဲ့)ရေသွယ်မြောင်း ပေ ၁၁၅၀ နှင့် ဝမ်ခုတ်ကျေးရွာ အုပ်စုရှိ (ဖိုင်တင်း) ပေ ၁၀၃၀ ရေသွယ်မြောင်းတို့ကို စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ကျောက်စီနံရံထိန်းရေသွယ်မြောင်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၏ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ (၁၂)ကို ဖောက်ဖျက်ကျူးလွန်သူများအား ဥပဒေအရ အပြစ်ပေးနိုင်ရန်အလို့ငှာ နည်းဥပဒေကို ပြင်ဆင်ခြင်းနည်း သို့မဟုတ် တရားစွဲဆို မည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တာဝန်ပေးအပ်ခြင်းနည်း နှစ်မျိုးမှ တစ်မျိုးမျိုးကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးလှကျော်ကလည်းကောင်း ရှင်းလင်းဖြေကြားသည်။
အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြု
ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က ဥပဒေကြမ်းကော်မတီက အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့်အချက် ၁၀ ချက်၊ ထပ်မံပြင်ဆင်ရန် တင်ပြချက် သုံးချက်၊ အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက် များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက်အတိုင်း ထားရှိမည့် အချက် လေးချက်တို့ကိုတင်ပြပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ သဘောထားရယူ၍ လွှတ်တော်၏အဆုံးအဖြတ် ရယူ အတည်ပြုသည်။
ယင်းနောက် အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသော အချက် ခုနစ်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ရယူသင့်ပါကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သဘောကွဲလွဲသည့် အချက် ခုနစ်ချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးသိန်းတန်က ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါနှစ်ပတ်လည်အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည်အစီအရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးအောင်စိုးက ကော်မတီဝင်များသည် ဥပဒေပြုရေး၊ အပြန်အလှန် ထိန်းကျောင်းရေး၊ ကိုယ်စားပြုရေး ဟူသည့် တာဝန်များကို ကြိုးစားထမ်းဆောင် ခဲ့ကြပါကြောင်း၊ ကော်မတီဆိုင်ရာ လုပ်ငန်းဆောင်တာအတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူလူထုအကျိုးစီးပွားနှင့် ပြည်သူ့လွှတ်တော်၏ ဂုဏ်သိက္ခာ မြင့်မားစေရန် တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါနှစ်ပတ်လည်အစီရင် ခံစာနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးအုန်းလွင်က ကော်မတီသည် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ဆက်စပ်သည့်ဥပဒေများအား ရေးဆွဲပြဋ္ဌာန်းရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်း၊ ထိန်းညှိခြင်းတို့အပြင် နိုင်ငံတော်၏ဘတ်ဂျက်များအား စိစစ်ခြင်းဖြင့် ကော်မတီ ၏တာဝန်များကို ကျေပွန်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းလိုအပ်ချက် အခက်အခဲများနှင့် ပြည်သူလူထု ထိခိုက် နစ်နာမှုများရှိခဲ့လျှင်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းလိုအပ်ချက် အခက်အခဲများကို ကူညီဆောင်ရွက်ပေးမည့်အပြင် အဆိုပါလုပ်ငန်းများကြောင့် ပြည်သူလူထုထိခိုက်နစ်နာမှုများရှိခဲ့လျှင်လည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တာဝန်ပေးအပ်လာသည့် ကိစ္စရပ် များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေကြမ်းများ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အစီရင်ခံအပ်ပါကြောင်း ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါနှစ်ပတ်လည်အစီရင် ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment