Friday, November 15, 2019

ပါလီမန်တွင် အငြင်းပွားမှုဖြစ်ပြီးနောက် ကူဝိတ်အစိုးရအဖွဲ့နုတ်ထွက်
Image may contain: 2 people
ကူဝိတ်စီးတီး နိုဝင်ဘာ ၁၄
ဝန်ကြီးများနှင့် ၎င်းတို့၏ စွမ်းဆောင်ချက်များ ကို ဝေဖန်သူတို့အကြား အငြင်းအခုံ ဖြစ်ပွားပြီး နောက် ကူဝိတ်နိုင်ငံဝန်ကြီးချုပ်သည် ၎င်း၏ အစိုးရအဖွဲ့နှင့်အတူ ကြာသပတေးနေ့က နုတ်ထွက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဝန်ကြီးချုပ် ရှိတ်ဂျာဘာ မူဘာရတ် အယ်လ်ဆာဘာသည် အစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်ခွင့်ရရန် စော်ဘွားထံသို့ အစိုးရအဖွဲ့၏ နုတ်ထွက်စာကို တင်သွင်းခဲ့ ကြောင်း အစိုးရပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တာရတ်အယ်လ်မာဇရမ်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြသည်။
ပြည်သူ့ရန်ပုံငွေ ကိုင်တွယ်သုံးစွဲမှုညံ့ဖျင်း ကြောင်းနှင့် ၎င်းတို့၏ဝန်ကြီးဌာနများ စီမံခန့်ခွဲ မှု ညံ့ဖျင်းကြောင်း ဝေဖန်ခံရသဖြင့် ဘဏ္ဍာရေး ဝန်ကြီး နာယပ်ဖ်အယ်လ်ဟာဂျရပ်နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဝန်ကြီး ဂျီနန်ဘူရှီဟရီတို့သည် ယခုလအတွင်း နုတ်ထွက်ခဲ့ကြသည်။ အင်္ဂါနေ့ကလည်း ပါလီမန် သည် ပြည်ထဲရေးဝန်ကြီး ရှိတ်ခါလဒ်အယ်လ် ဂျာရားကို အလားတူစွဲချက်များဖြင့် ဖိအားပေး စစ်ဆေးခဲ့သည်။
တစ်သီးပုဂ္ဂလပါလီမန်အမတ် ဆာလတ် အာရှိုက အဆိုပါဝေဖန်ချက်များအပါအဝင် အစိုးရ၏ လက်ရှိဖွဲ့စည်းမှုအပေါ် ဝန်ကြီးများ အကြား အငြင်းပွားမှုသည် အစိုးရအဖွဲ့၏ နုတ်ထွက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။ ပါလီမန်ဥက္ကဋ္ဌ မာရဇော့အယ်လ်ဂါနမ်က ပြဿနာသည် အစိုးရအဖွဲ့အတွင်း၌ တည်ရှိ သည်ဟု ပါလီမန်အမတ်အများစုက ယုံကြည် ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရအဖွဲ့ သည် တစ်သားတည်းမရှိသောကြောင့် ဖြစ်ကြောင်း သတင်းထောက်များကို ကြာသပတေးနေ့က ပြောကြားသည်။
ကူဝိတ်သည် အပြည့်အဝရွေးကောက် တင်မြှောက်သည့် ပါလီမန်စနစ်ရှိသည့် တစ်ခု တည်းသော ပင်လယ်ကွေ့နိုင်ငံဖြစ်ကာ အစိုးရ ကို ကူဝိတ်နိုင်ငံအုပ်ချုပ်သူ မိသားစုက ထိန်းချုပ် သည်။ ဥပဒေပြုအမတ်များနှင့် အစိုးရအကြားဆယ်စုနှစ်တစ်ခုကျော်ကြာအောင် နိုင်ငံရေး အငြင်းပွားမှုများ ဖြစ်ပွားခြင်းကြောင့် ရေနံ ကြွယ်ဝသည့် ကူဝိတ်နိုင်ငံသည် မတည်မငြိမ် ဖြစ်ခဲ့ရပြီး ပါလီမန်နှင့် အစိုးရအဖွဲ့ကို မကြာခဏ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-အောင်ဇော်လင်း

No comments:

Post a Comment