Wednesday, November 27, 2019

မတူကွဲပြားမှု ယဉ်ကျေးမှုဖလှယ်

အယ်ဒီတာ့အာဘော်
-----------------------

၂၁ ရာစုတွင် ရင်ဆိုင်ဖြေရှင်းနေရသော အရေးကိစ္စများမှာ မတူကွဲပြားမှုများမှ ပေါ်ပေါက်လာသော ဝိရောဓိများ၊ စိန်ခေါ်မှုများ၊ အမုန်းတရားများပင် ဖြစ်သည်။ ထိုအရေးကို ထိတွေ့ဆက်ဆံဖြေရှင်းရာ၌ အရေးပါထိရောက်သောလုပ်ငန်း တစ်ခုမှာ အနုပညာယဉ်ကျေးမှုလုပ်ငန်းဖြစ်သည်ကို ပြည်သူများအနေဖြင့် သိရှိနားလည်လက်ခံထားကြသည်။
ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံ - ကိုရီးယားယဉ်ကျေးမှုဆိုင်ရာ တီထွင် ဆန်းသစ်မှုထိပ်သီးအစည်းအဝေးတွင် "Growing with Art" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာ၌ " မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းအသီးသီးအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ယဉ်ကျေးမှုလုပ်ငန်းများဟာ ကမ္ဘာတစ်ဝန်းမှာ ယဉ်ကျေးမှုဖလှယ်ခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မျှမျှတတဆောင်ရွက် နိုင်ဖို့အတွက် အရေးပါတဲ့အနေအထားမှာရှိပြီး မတူကွဲပြားတဲ့ယဉ်ကျေးမှုများ အကြား အပြန်အလှန်လေးစားမှုကို ဖြစ်ထွန်းစေကာ ငြိမ်းချမ်းစွာနေထိုင်တဲ့ အလေ့အကျင့်ကောင်းများကို ထွန်းကားစေပါတယ်" ဟု ပြောကြားခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် ရင်ဆိုင်ဖြေရှင်းနေရသော ပြဿနာများတွင် အသွင်မတူသည့် လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု၊ မတူကွဲပြားသည့် နယ်ပယ် တစ်ခုနှင့်တစ်ခုတို့အကြား ပေါ်ပေါက်လာသော အမုန်းတရားများ၊ အာဃာတများ၊ ပဋိပက္ခများ၊ ယုံကြည်ချက်ကွဲလွဲမှုများ၊ စိန်ခေါ်မှုအမျိုးမျိုး တို့ကြောင့် ကြုံတွေ့နေရသော ပြဿနာများဖြစ်သည်။ ထိုပြဿနာများ ပြေလည်ရေး အဖြေရှာရာ၌ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်သည့် ဖြေရှင်း၍မဆုံးသော ပြဿနာများဖြစ်နေသည်။
လူအများ၏စိတ်နှလုံးသားအခံတွင် ဖြစ်ပေါ်နေသောခံစားချက်များကို ပြေပျောက်နိုင်ရန်အတွက် ညှိနှိုင်းဖြေရှင်းယူရသည့်အလုပ်မှာ အပြောလွယ် သလောက် အလုပ်ခက်ပေသည်။ အပြောကောင်းသလောက် အလုပ်ကောင်း ဖြစ်ဖို့ မလွယ်ကူလှပေ။ လူအများ၏စိတ်နှလုံးသားကို ပျော့ပျောင်းတိမ်းညွတ် စေသည့် အလုပ်တစ်ခုမှာ ပြောင်မြောက်သော ယဉ်ကျေးမှုအနုပညာနယ်ပယ် မှ ဆွဲဆောင်စည်းရုံးနိုင်ခြင်း၏ အကျိုးသက်ရောက်မှုပင်ဖြစ်သည်။
သာဓကအားဖြင့် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လေးနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ကယားပြည်နယ်မှ တိုင်းရင်းသား လူငယ်လေးများတင်ဆက်သော "မငြိမ်းချမ်းလို့ မဖြစ်ဘူး" တေးဂီတသံစဉ် တေးသွားဖျော်ဖြေတင်ဆက်မှုသည် နားဆင်သူတိုင်းရင်းသား ပြည်သူပရိသတ် အားလုံး၏စိတ်နှလုံးဘဝင်ကို ရိုက်ခတ်တုန်လှုပ်စေပြီး ငြိမ်းချမ်းရေးကိုရယူ လို သည့် ပြင်းပြဆန္ဒများ ထိုသံစဉ်နားဆင်ရင်းမှ ကိုယ်စီကိုယ်စီဖြစ်ပေါ်ခဲ့သည် ဆိုလျှင် လက်ခံကြမည်ဖြစ်သည်။ ကယားတိုင်းရင်းသားလူငယ်များ၏ ဂီတ အနုပညာတီထွင်ဆန်းသစ်ဖန်တီးမှုသည် ငြိမ်းချမ်းရေးအတွက် အထောက် အပံ့ကောင်းများဖြစ်စေသည်။
မကြာသေးမီကာလက ဂျာမနီနိုင်ငံတွင်ကျင်းပခဲ့သည့် ဂန္ထဝင်သံစုံ တီးဝိုင်းတစ်ခုတွင် ဖျော်ဖြေတင်ဆက်ခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖော်ကျူးသီဆိုမှုများ၌ ရာသီလေးလီ တယောဖျော်ဖြေတင်ဆက်မှုသည် အလွန်ဆန်းသစ်ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိအမြင်တိုးပွားရေးနှင့် ပြုပြင်ပြောင်းလဲလုပ်ကိုင်ရေးအတွက် များစွာအကျိုးသက်ရောက်မှုဖြစ်စေ သည်။ ဂီတအနုပညာသည် နားဆင်ကြသူများအပေါ်တွင် များစွာလွှမ်းမိုးမှု ရှိသည်။ စိတ်နှလုံးဘဝင် ဆွဲငင်လှုပ်ကိုင်နိုင်မှုရှိသည်။ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုလူ့အသိုက်အမြုံကြားမှ အတားအဆီးများကို ကျော်လွှားပြီး ပေါင်းစည်းမှုကိုဖြစ်စေသည်။
သို့ဖြစ်ပေရာ မတူကွဲပြားသည့် လူ့အဖွဲ့အစည်းအသီးသီးအပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် ယဉ်ကျေးမှုအနုပညာလုပ်ငန်းများသည် ကမ္ဘာ တစ်ဝန်းမှ လူ့အဖွဲ့အစည်းအသိုက်အဝန်းများအကြား ယဉ်ကျေးမှုအနုပညာဖြင့် ဆွဲဆောင်စည်းရုံးကာ မငြိမ်းချမ်းမှုများ၊ စိန်ခေါ်မှုများပြေလျော့စေခြင်းမှ ငြိမ်းချမ်းသာယာသော လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ။

No comments:

Post a Comment