Wednesday, November 27, 2019

အနောဖလိခြင်မနှင့် ငှက်ဖျားရောဂါ

Image may contain: plant, nature and outdoor

ယုဝတီခင်ဦး
နောက်ဆုံးနှစ် ဆေးတက္ကသိုလ်ကျောင်းသူဖြစ်သည့် တူမလေး နွယ်နီသည် စာအုပ်ချိုင်းကြားညှပ်၍ သူ့ကြီးဒေါ်ထံ သဇင်ပန်းခိုင် တမြိုင်မြိုင်ဖြင့် ရောက်လာ သည်။
"ကြီးမေ…. နွယ်နီလေ ငှက်ဖျားရောဂါအကြောင်းကို လေ့လာနေတယ်။ ငှက်ဖျားရောဂါဟာ ကလေးတွေ၊ မိခင်တွေကို အရမ်းဒုက္ခပေးတာပဲနော်။ ငှက်ဖျားဖြစ်စေတဲ့ အနောဖလိခြင်မကလည်း ညဘက် ၇ နာရီက ၁၀ နာရီ လောက်မှာမှ လူတွေဆီကသွေးစုပ်ဖို့ အစာရှာထွက်လာတဲ့ အချိန်နဲ့ ကလေးတွေ TV ကြည့်ချိန်၊ အိပ်ချိန်၊ လူကြီးတွေ ဘုရားရှိခိုး၊ တရားထိုင်ချိန်နဲ့ ကိုက်နေတာပဲ ကြီးမေရယ်"
"ကဲ… ဆက်ပြောစမ်းပါဦး သမီး "
ကြီးဒေါ်နှင့် တူမသည် သစ်ခွပန်းရနံ့၊ စံပယ်ပန်းရနံ့ သင်းနေသော မာလာမြိုင်ခြံထဲရှိ ခုံတန်းရှည်ဖြူဖြူလေး ပေါ်တွင် ထိုင်မိကြသည်။
"ငှက်ဖျားရောဂါကြောင့် နို့စို့အရွယ်ကလေးတွေနဲ့ တစ်နှစ်အောက်ကလေးတွေမှာ ခုခံအားမရှိသေးတော့ သေဆုံးမှုပိုများရတာပေါ့နော် ကြီးမေ။ အာဟာရချို့တဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ငှက်ဖျားရောဂါ ပိုပြီးကူးစက်နိုင်တာပဲနော် "
" ဟုတ်တယ် သမီး၊ ကြီးမေ ကလေးဆရာဝန်ကြီး အနေနဲ့ ကလေးအထူးကုဆေးရုံကြီးတွေမှာ တာဝန် ထမ်းဆောင်တုန်းကဆိုရင် အပြင်းဖျားပြီး တက်တဲ့ ကလေးတွေ၊ သွေးအားနည်းပြီးပိန်နေတဲ့ ကလေးတွေ၊ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်သွားလို့ အသက်ဆုံးရှုံးရတဲ့ ကလေးတွေ၊ ငှက်ဖျားပိုးကြောင့်ဖျားပြီး ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်နေတဲ့ ကလေးတွေ၊ ပြီးတော့ ဖျားပြီး ဆီးမည်းမည်းတွေ သွားနေတဲ့ ကလေးတွေကို တွေ့ခဲ့ရတာပါပဲ"
"ကိုယ်ဝန်ဆောင်မိခင်တွေရော ဘယ်လိုငှက်ဖျား ရောဂါခံစားပြီး ရောက်လာသလဲ ကြီးမေ "
"ချမ်းစိမ့်စိမ့်ဖြစ်ပြီး ကိုယ်ပူလာတာတို့၊ ချမ်းတုန်ပြီး ရက်ခြားဖျားတာ၊ သွေးအားနည်းပြီး အင်အားချို့တဲ့လာ တာ၊ ဖျားပြီး မျက်စိဝါ၊ ကယောင်ကတမ်းပြော၊ သတိလစ်၊ ပေါင်မပြည့်တဲ့ကလေးတွေမွေး၊ ကလေးပျက်ကျတာတို့ တွေ တွေ့ခဲ့ရတာပေါ့ "
" တောင်ပေါ်ဒေသတို့၊ တောထူထပ်တဲ့နေရာတို့ မှာပဲ ငှက်ဖျားဖြစ်သလား။ တခြားနေရာ မြေပြန့်တွေမှာရော"
" သမီးရယ် ငှက်ဖျားက ကူးစက်တတ်တဲ့ရောဂါပဲ။ တောတောင်ရေမြေသဘာဝကြောင့် ငှက်ဖျားရောဂါ အဖြစ်များတဲ့ဒေသတွေမှာတော့ ငှက်ဖျား ပိုပြီးအဖြစ်များ တာပေါ့။ ဒါပေမယ့် ခေတ်မီတိုးတက်လာတာနဲ့အမျှ တစ်ရွာနဲ့ တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့ ကူးသန်းရောင်းဝယ်သွားလာတဲ့ အခါ၊ တာဝန်ဝတ္တရားတွေကြောင့် ငှက်ဖျားပေါများတဲ့နေရာကို ရောက်သွားရတဲ့အခါ အနောဖလိခြင်မရန်ကို မခုခံ မကာကွယ်နိုင်ရင် တစ်ယောက်နဲ့တစ်ယောက် ရောဂါ ကူးစက်တော့တာပဲပေါ့"
" ဟုတ်တယ်နော် ကြီးမေ။ ဒီအနောဖလိခြင်မရန်ကို ကာကွယ်နှိမ်နင်းဖို့က ပိုအရေးကြီးတယ်နော်"
" ဟုတ်တယ် သမီး။ ငှက်ဖျားရောဂါဟာ 'ခြင်မ'ကိုက် လို့ ဖြစ်တဲ့ရောဂါ။ စမ်းရေချိုးလို့၊ စမ်းရေသောက်မိလို့၊ ငှက်ပျောသီးစားလို့ ငှက်ဖျားဖြစ်တာ မဟုတ်တဲ့အကြောင်း မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ကျန်းမာရေးပညာ များများပေးရမယ်"
တူမလေး နွယ်နီသည် ခုံတန်းလေးပေါ်တွင် တင်ထား သော နို့ဆီခွက်ထဲမှ ပဲများ၊ ဆန်စေ့များကို လက်ဖြင့်ဆုပ်ယူ ပက်ပြီး မြက်ခင်းစိမ်းစိမ်းပေါ်မှ ခိုနှင့် ချိုးငှက်ငယ်များကို အစာကျွေးနေပြန်သည်။ နံနက်ခင်း ဆောင်းတွင်း၏ ချိုသင်းသော ပန်းရနံ့များကြောင့် တူဝရီးနှစ်ယောက် လန်းဆန်းလျက် ရှိပေသည်။
" ငှက်ဖျားရောဂါမဖြစ်ရအောင် ကာကွယ်ရေး၊ နှိမ်နင်းရေးက အရေးအကြီးဆုံးပဲ နွယ်နီ။ ခြင်မပေါက်ပွားရ အောင် ပိုးလောက်လမ်းဘဝကို နှိမ်နင်းရမယ်၊ မြက်တွေ၊ ချုံတွေ ခုတ်ထွင်ရှင်းလင်းပြီး ရေဝပ်တဲ့နေရာတွေ မြေဖို့ ရမယ်၊ ရေစီးဖို့ မြောင်းဖောက်ပေးရမယ်၊ ရေလှောင်တဲ့ စည်ပိုင်းတို့၊ စဉ့်အိုးတို့ကိုလည်း ဆေးကြောရမယ်။ အဲဒီလို ပတ်ဝန်းကျင်သန့်ရှင်းဖို့ ဆောင်ရွက်ပေးမှ ခြင်မပေါက်ပွား နိုင်တော့ဘူးပေါ့။ ပြီးတော့လည်း ခြင်ထောင်နဲ့အိပ်ဖို့ရယ်၊ ခြင်ဆေးထွန်းညှိဖို့၊ ညနေဘက် မီးခိုးငွေ့ပေးဖို့တွေလည်း လုပ်ရမယ်။ ငှက်ဖျားရောဂါပေါများတဲ့ဒေသကို သွားမယ် ဆိုရင်လည်း မသွားခင် တစ်ပတ်အလို ကာကွယ်ဆေး "ကလို ရိုကွင်း" သောက်သွားရမယ်။ ငှက်ဖျားရောဂါရှိတဲ့ ဒေသမှာနေစဉ်အတွင်း အပတ်စဉ်ကာကွယ်ဆေးသောက်ရ မယ်။ ငှက်ဖျားဒေသကပြန်လာရင်လည်း ရက်သတ္တ လေးပတ်ကြာအောင် ကာကွယ်ဆေးကို ဆက်သောက် ရမယ်လေ။ ကိုယ်ဝန်ဆောင်စဉ်မှာ ငှက်ဖျားရောဂါ ကာကွယ်ကုသနိုင်တဲ့ ဆေးကလည်း "ကလိုရိုကွင်း" ပဲ နွယ်နီ။ အဲဒီငှက်ဖျားရောဂါကာကွယ်တဲ့ ဆေးပြားတွေကို ကျန်းမာရေးဝန်ထမ်းတွေဆီက ရရှိနိုင်တယ်လေ တူမလေးရဲ့"
"ဟုတ်တယ် ကြီးမေ။ ကိုယ်ကိုယ်တိုင် ငှက်ဖျားရောဂါမကူးစက်အောင် နေထိုင်တတ်ရမယ်။ သူတစ်ဖက်သားကိုလည်း ငှက်ဖျားရောဂါမကူးစက်အောင် အားလုံးနားလည်ပြီး ဆောင်ရွက်မှ ငှက်ဖျားရောဂါကို ကာကွယ်နိုင်မှာနော်။ ငှက်ဖျားရောဂါဖြစ်နေတဲ့သွေးကို သွေးစုပ်ကောင် အနောဖလိခြင်မက စုပ်ယူလိုက်ပြီး အဲဒီခြင်မကိုယ်ထဲက ငှက်ဖျားရောဂါပိုးက ခြင်ကိုက်ခံရတဲ့ သူကို ဆေးထိုးအပ်နဲ့ ထိုးသွင်းလိုက်သလိုဝင်သွားပြီး ငှက်ဖျားဖြစ်စေတာပဲ။ ဒါကြောင့် သွေးသွင်းတဲ့အခါလည်း အိတ်ချ်အိုင်ဗွီပိုး ပါမသွားဖို့လည်း အရေးကြီးသလို ငှက်ဖျားရောဂါပိုးပါတဲ့သွေး မသွင်းမိဖို့လည်း အရေးကြီး တာပဲနော်"
" ဟုတ်တယ် နွယ်နီ။ အထူးသဖြင့် သွေးစုပ်ကောင် ဖြစ်တဲ့ အနောဖလိခြင်မ အစာရှာထွက်တဲ့ နေဝင်ရီတရော အချိန်၊ နံနက်ခင်းအရုဏ်တက်ချိန်တို့မှာ အိမ်ပြင်ထွက် ရင်လည်း လုံလုံခြုံခြုံဝတ်စားဖို့၊ ခြင်ကိုက်မခံရအောင် သတိထားဖို့အရေးကြီးတယ်။ ဒီလိုကျန်းမာရေးပညာတွေကို အမျိုးသမီးထုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ သိနားလည် အောင်လည်း ပညာပေးဖြန့်ဖြူးရမယ် သမီးလေး။ ဒါမှ အားလုံး ဒီငှက်ဖျားရောဂါအန္တရာယ်ကို နားလည်ပြီး စုပေါင်းညီညာကာကွယ်နိုင်မှာ။ အဲဒီလို ကျန်းမာရေးပညာ တွေ နားလည်ထားရင် ငှက်ဖျားဒဏ်ကာကွယ်နိုင်ပြီး မိခင်၊ ကလေးသေဆုံးမှုနှုန်းတွေ ကျဆင်းသွားမယ်။ ကျန်းမာတဲ့မိခင်ကမှ ကျန်းမာတဲ့ရင်သွေးကိုမွေးမယ်။ အဲဒီတော့မှ ကာယ၊ ဉာဏ၊ စိတ္တစွမ်းအား၊ ဗလအင်အားနဲ့ ပြည့်စုံတဲ့ မျိုးဆက်သစ်တွေ မွေးထုတ်ရှင်သန်ထက်မြက်ပြီး နိုင်ငံတော်ကြီးလည်း အစဉ်ထာဝရဖွံ့ဖြိုးတိုးတက်နေမှာ"
"ဟုတ်တယ် ကြီးမေ။ ကြီးမေပြောတာ သိပ်မှန်တာပဲ။ သမီးတော့ ဖြစ်လေရာဘဝမှာ သူများကိုဒုက္ခပေးတဲ့ အနောဖလိခြင်မ မဖြစ်ပါရစေနဲ့လို့ ဆုတောင်းတယ်။ ကြည့်စမ်းပါဦး ကြီးမေရေ။ ချိုးကလေးတွေ အာဟာရပြည့်လို့ ပျော်မြူးနေလိုက်ကြတာ ချစ်စရာနော်။ သမီးလည်း ဆာပြီ၊ အိမ်ထဲမှာ လိမ္မော်သီး သွားယူစားလိုက်ဦးမယ်နော်"
ပေါ့ပါးရွှင်လန်းစွာ အိမ်ထဲဝင်ပြေးသွားသော တူမလေးအား ချစ်ခင်စွာငေးကြည့်မိပြီး နွယ်နီ တစ်ယောက် တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့ ဆရာဝန်မလေး တစ်ယောက်အမြန်ဖြစ်ပါစေဟု ဆုတောင်းမိပါသည်။ ။

No comments:

Post a Comment