Friday, November 22, 2019

အယ်ဒီတာ့ အာဘော်

=============

မြန်မာနိုင်ငံအကျိုးစီးပွားကာကွယ်
======================


ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ စွပ်စွဲချက်များ၊ ဖိအားများ၊ အရေးယူမှုများ အကြိမ်ကြိမ်အခါခါအထပ်ထပ် ပြုလုပ်နေသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ မည်သို့ပင်စွပ်စွဲဖိအားပေးသော်လည်း မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံ၏ မှန်ကန်သော လုပ်ကိုင်ဆောင်ရွက်ချက်များဖြင့် ရှင်းလင်းတုံ့ပြန်လျက်ရှိသည်။

မကြာသေးမီရက်ပိုင်းက ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ) အစည်းအဝေး တွင် မြန်မာနိုင်ငံအပါအဝင် ငါးနိုင်ငံတို့နှင့်သက်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအား ဦးတည်ချမှတ်သော ဆုံးဖြတ်ချက်အဆို (မူကြမ်း) ငါးခုကို အရေးယူ ဆောင်ရွက်ခဲ့သည်။

အိုအိုင်စီနှင့် အီးယူတို့ပူးတွဲတင်သွင်းသော နိုင်ငံရေးအရ ဖိအားပေးသည့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသော ဆုံးဖြတ်ချက်အဆို (မူကြမ်း)ကို အရေးယူ ဆောင်ရွက်ခြင်းမပြုမီ အထွေထွေမိန့်ခွန်းနှင့် မဲခွဲဆုံးဖြတ်ပြီးနောက် မဲရလဒ်အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ မြန်မာ သံအမတ်ကြီးက ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ဖိအားပေးပစ်မှတ်ထားသည့် ယင်းဆုံးဖြတ်ချက်အဆိုကို ပြတ်ပြတ်သားသား တုံ့ပြန်ကန့်ကွက် ပြောကြား ခဲ့သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက် ၍ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ တရားစွဲဆိုခဲ့သည်။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည် ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်၍ ထိုအရေးကိုဖြေရှင်းရမည်ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေ ကြီးများအား ငှားရမ်းထားပြီး ဖြစ်သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မြန်မာနိုင်ငံ ၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန် အတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့သို့စေလွှတ်မည့် အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ဦးဆောင်သွားရောက်ရန်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရအနေဖြင့် စုံစမ်း စစ်ဆေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးကိစ္စများကို တစိုက် မတ်မတ်လုပ်ဆောင်နေပြီး လုပ်ဆောင်နိုင်စွမ်းလည်းရှိသလို တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိသည်။ ယင်းအနေအထားကို နိုင်ငံတကာသို့ ရှင်းလင်း ပြသလျက်ရှိသော်လည်း လောလောဆယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ရန် အသင့်လုပ်ထားသည့် မြန်မာနိုင်ငံဘက်သို့ အပြစ်ဖို့ခြင်းဖြင့် ပြဿနာမွေးနေသကဲ့သို့ဖြစ်နေသည်။ မည်သို့ပင်ရှိစေကာမူ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သည်။

နိုင်ငံတကာ၏ဖိအားပေးမှုများ၊ အရေးယူမှုများ တိုးမြှင့်လုပ်ဆောင် လာနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကိုယ်ခံအားကောင်းရေးလုပ်ဆောင် ကြရန်လိုအပ်ပေသည်။ ယခု မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင် သွားရောက်ဖြေရှင်းမည်ဖြစ်ရာ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် နိုင်ငံရေးအရ စည်းလုံးညီညွတ်သော ကိုယ်ခံအားကောင်းများဖြင့် ဝန်းရံကြရန် လိုပေသည်။

ICJ သည် မြန်မာနိုင်ငံအား တစ်ဖက်သတ်အမြင်ဖြင့် စွပ်စွဲခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပကတိအမှန်တရားနှင့် ညီညွတ်မှုစွမ်းပကားများကို ပြသနိုင်ရန်လိုအပ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် ဖိအားအမျိုးမျိုးပေးနေ သည့် စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရချိန်တွင် ပြည်တွင်းစည်းလုံးညီညွတ်မှု သည်သာ တောင့်တင်းခိုင်မာသော ကိုယ်ခံအားတစ်ရပ် ဖြစ်သည်။
သို့ဖြစ်ရာ ခံယူချက်များ မည်မျှကွဲပြားစေကာမူ မတူကွဲပြားမှုများကို အသိအမှတ်ပြု၍ ညီညွတ်မှုကို လက်တွေ့ပြသခြင်းဖြင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ဝိုင်းဝန်းကာကွယ်ရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment