Thursday, November 21, 2019

အယ်ဒီတာ့ အာဘော်
=============

အမျိုးသားအောင်ပွဲ
============

ယနေ့သည် ၂၀၁၉ ခုနှစ် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ မြန်မာနိုင်ငံသားတိုင်း အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားနေ့ အနှစ်သာရကို သိရှိထားသင့်သည်။ အမျိုးသားအောင်ပွဲနေ့ ဟူသည် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ ပြည့်နှစ်၌ ဗြိတိသျှအစိုးရက ကြေညာခဲ့၍ ထိုဥပဒေကိုမကျေနပ်သဖြင့် ပထမဆုံးကန့်ကွက်သည့် ကျောင်းသား သပိတ်ဆင်နွှဲသည့်နေ့ဖြစ်သည်။

နယ်ချဲ့အစိုးရကို ပထမဆုံးအန်တုထိုးနှက်ခဲ့သော မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့သွားသည့် ကျောင်းသားလှုပ်ရှားမှုကြီးကြောင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာရာ တစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်း ၁၄၅ ကျောင်းအထိ ရှိလာခဲ့သည်။ နယ်ချဲ့အစိုးရကို ပထမဆုံးဆန့်ကျင်ကန့်ကွက်ခဲ့သည့် ကျောင်းသားသပိတ်မှောက်သည့်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးသဖြင့် အမျိုးသားနေ့အဖြစ်သတ်မှတ်ရန် ၁၉၂၁ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့် ဂျီစီဘီအေ နဝမကွန်ဖရင့်၌ အဆိုတင်သွင်း ခဲ့ပြီးနောက် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင်ကျင်းပသည့် ဂျီစီဘီအေ အထူးကွန်ဖရင့်က တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

အမျိုးသားနေ့ပေါ်ပေါက်လာပုံကို ရှေးလူတို့ ထဲထဲဝင်ဝင် သိရှိကြသော် လည်း နှောင်းလူတို့အနေဖြင့် အကြမ်းဖျင်းသာ သိရှိကြပေလိမ့်မည်။ တစ်ဖန် ထိုသပိတ်မှောက်သောနေ့ကို အမျိုးသားနေ့လား၊ အမျိုးသားအောင်ပွဲနေ့လား ကွဲကွဲပြားပြား သိရှိထားသူများလည်း နည်းပေလိမ့်မည်။ ထို့ကြောင့် အမျိုးသားနေ့၊ အမျိုးသားအောင်ပွဲနေ့၊ ပထမဆုံးသပိတ်မှောက်သည့်နေ့ စသည်တို့ကို ခွဲခြားမှတ်သားလေ့လာသင့်သည်။ မိမိတို့နိုင်ငံ၏ ထင်ရှားသော သမိုင်း ကြောင်းများကို ရေရေရာရာသိပါမှ မိမိနိုင်ငံအကျိုးကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် ပထမအကြိမ် ကျောင်းသားသပိတ်ကိုအကြောင်းပြုသည့် အမျိုးသားနေ့သည် ၁၉၂၂ ခုနှစ်ရောက်မှ အတည်ပြုပေါ်ပေါက်လာသည်။ ကျောင်းသားသပိတ်မှောက်သည့်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ် လိုက်ပြီးနောက် ထိုနေ့နီးလာသည်နှင့် ကျောင်းသားဟောင်းကြီးများက အမျိုးသားကျောင်းရှိသောမြို့များတွင် အမျိုးသားလှုပ်ရှားမှုများ ပြုလုပ်ရန် နှိုးဆော်ခဲ့သည်။

ပထမဆုံးအမျိုးသားနေ့ကို ခရစ်နှစ် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ တွင် ကျင်းပခဲ့သည်။ အမျိုးသားနေ့စတင်ကျင်းပစဉ်က ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်မဟုတ်။ အမျိုးသားကျောင်းများက အမျိုးသားနေ့ကျင်းပစဉ် အစိုးရကျောင်းများက စာသင်မပျက်။ ၁၉၃၄ ခုနှစ် ဒေါက်တာဘမော် ပညာရေးဝန်ကြီးဖြစ်လာမှ အမျိုးသားနေ့တွင် ကျောင်းများအားလုံးပိတ်ကာ မျက်နှာမငယ်သောအမျိုးသားနေ့ ဖြစ်လာသည်။ သို့သော် အစိုးရလခစား ဆရာများအုပ်ချုပ်မှုအောက်တွင် ကျင်းပသဖြင့် အမျိုးသားကျောင်းများနှင့် မတူကွဲပြားနေသည်။ ၁၉၃၇ ခုနှစ် ဒေါက်တာဘမော် ဝန်ကြီးချုပ်ဖြစ်လာမှ အမျိုးသားနေ့ကို အများပြည်သူရုံးပိတ်ရက်သတ်မှတ်ပြီး မြန်မာတစ်မျိုးသားလုံး စုပေါင်းကျင်းပလာနိုင်ခဲ့သည်။

ထိုမှ အမျိုးသားနေ့ရောက်သည်နှင့် ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ ကျောင်းသား ကျောင်းသူများ၏ ပဒေသာကပွဲ၊ ဆရာကြီးဦးရာဇတ်၏ အစီအစဉ်ဖြင့် စက္ကူဒေါင်းအလံလေးများ ရောင်းချရငွေဖြင့်ပြုလုပ်သည့် နိဗ္ဗာန်ဈေးပွဲ စသည့် ပျော်ပွဲရွှင်ပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲ တစ်နိုင်ငံလုံးဆင်နွှဲသည့် အမျိုးသား အောင်ပွဲနေ့ ဖြစ်လာသည်။ ကျွန်ပညာရေးစနစ်၊ ကျွန်အုပ်ချုပ်ရေးစနစ်အောက်မှ လွတ်မြောက်ရေးအတွက် မြို့တွင်းလှည့်လည်ကြွေးကြော်ကြသည့် အမျိုးသား အောင်ပွဲနေ့ အစစ်အမှန်ဖြစ်လာသည်။
အချုပ်အားဖြင့်ဆိုရလျှင် အမျိုးသားနေ့သည် သာမန်နေ့ထူးတစ်နေ့ မဟုတ်၊ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြား ထက်သန်စေသည့် အနှစ်သာရများ လွှမ်းခြုံထားသော မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားအောင်ပွဲနေ့ဖြစ်ပါသည်။ ။



No comments:

Post a Comment