Wednesday, November 27, 2019

ပြည်သူ့ဘဏ္ဍာကို အကျိုးရှိရှိ အသုံးချနိုင်ရေး


အယ်ဒီတာအာဘော်



မြန်မာနိုင်ငံက နှစ်ကာလရှည်လျားလှစွာ နောက်ကျကျန်နေရစ် ခဲ့ရာမှသည် လူထုဒီမိုကရေစီအင်အား၊ အစိုးရနှင့် ပြည်သူ့ကိုယ်စား လှယ်တို့၏ အင်အားများဖြင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီသို့ အားကုန်သုတ် ရုန်းကန်နေရသည့်အချိန် ဖြစ်သည့်အားလျော်စွာ တိုးတက်ရေးလုပ်ငန်းများစွာ၊ စီမံကိန်းများစွာတို့ကို အကောင် အထည်ဖော်ကြရပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်လည်းကောင်း၊ အစိုးရဝန်ကြီးဌာနအသီးသီးတို့တွင်လည်းကောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများစွာတို့ကို ထိရောက်အကျိုးရှိမည့် စီမံကိန်းများ ရေးဆွဲကြရ၊ အရည်အသွေးပြည့်မီကောင်းမွန်သည့် ရလဒ်ကောင်း များ ပေါ်ထွက်ရေးကို အကောင်အထည်ဖော်ကြရ၊ လုပ်ကိုင် ဆောင်ရွက် နေကြရလေသည်။
ထိုသို့ စီမံကြ ၊ အကောင်အထည်ဖော်ကြရာတွင် ပြည်သူ့ဘဏ္ဍာ ငွေများကို သုံးစွဲကြရသည့်အားလျော်စွာ ပြည်သူ့ဘဏ္ဍာငွေ အလေအလွင့်နည်းပါးရေး၊ စီမံမှုအလွဲများ မဖြစ်စေရေး၊ အဂတိနှင့် အလွဲသုံးစားမှုများ မပေါ်ပေါက်ရေးတို့ကို အထူးသတိပြု လုပ်ကိုင် ကြရမည် ဖြစ်ပါသည်။
ဤသို့သော အကြောင်းကြောင့်ပင် အစိုးရဌာနများက မည်သို့ သော လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည် ဖြစ်စေ များပြားသော ငွေကြေးပမာဏဖြစ်ပါက ပွင့်လင်းမြင်သာ သည့် တင်ဒါစနစ်ခေါ်ယူရသော စည်းမျဉ်းစည်းကမ်းရှိပါသည်။ လုပ်ငန်း၏ပမာဏ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးရမည့် အချိန်ကာလ၊ ပြီးစီးလုပ်ငန်း၏ အရည်အသွေး စသည့်တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လိုသော ပုဂ္ဂလိကလုပ်ငန်းရှင်များကို ခေါ်ယူတာဝန်ပေးရပါသည်။ သည်လို တင်ဒါခေါ်သည့် လုပ်ငန်းအဆင့်ဆင့်ကို ယခင့်ယခင်ကာလများက လက်သင့်ရာ သို့မဟုတ် မိမိ၏သားသမီးများ၊ ဆွေမျိုးမိတ်သင်္ဂဟ များ၊ တံစိုးလက်ဆောင်ပေးကာ လာဘ်ပေးလာဘ်ယူနည်းဖြင့် လုပ်ငန်းရယူလိုသူများတို့ကိုသာ လုပ်ကွက်ချပေးခြင်းဖြင့် ပြည်သူ့ ဘဏ္ဍာငွေများ မည်မျှထိခိုက်ဆုံးရှုံးနစ်နာခဲ့သည်မှာ သမိုင်းနှင့်ချီ၍ မှတ်တမ်းဝင်ခဲ့ပြီးလည်း ဖြစ်ချေသည်။
လုပ်ပိုင်ခွင့်ရှိသူများ၊ အာဏာကိုင်ထားသူများ၊ လုပ်ငန်းနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေး ဆောင်ရွက်ခဲ့သူအများစု၏ ကြွယ်၀ ချမ်းသာမှုများက သက်သေများပင် ဖြစ်ပါသည်။
ယင်းသို့ ခေတ်နှင့်ချီကာ ယိုယွင်းလာခဲ့သည့် ပြည်သူ့ဘဏ္ဍာ ကို မလျော်မကန်သုံးစွဲမှု အစဉ်အလာ လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲနိုင်ရန်၊ တိုးတက်အောင် ပြုပြင်ကြရန်အလို့ငှာ ပွင့်လင်း မြင်သာသည့် တင်ဒါစနစ်ကို ထိထိရောက်ရောက် ချမှတ်အကောင် အထည်ဖော်ရေးကို ဗဟိုမူဝါဒအနေဖြင့် သုံးစွဲကိုင်တွယ်နေသည် ကိုလည်း အားရဖွယ်တွေ့ရှိရပါသည်။ ထိုနည်းတူစွာ ထိုသို့သော ပြည်သူ့ဘဏ္ဍာနှင့် ပတ်သက်သော လေးနက်သည့် မူဝါဒများကြောင့် ယခင်ကနှင့် နှိုင်းစာလျှင် မြောက်မြားလှစွာသော ပြည်သူ့ငွေကြေး တို့ကို ထိန်းသိမ်းကာကွယ်နိုင်သည့် နမူနာများစွာကိုလည်း ကြားသိ နေရပါသည်။
ဤသို့သောစနစ်များဖြင့် ဆောင်ရွက်ကြရာတွင် ပြည်သူ့ဘဏ္ဍာ ငွေ အလေအလွင့်နည်းပါးရေးဟူသည်ထက် ပြည်သူ့ဘဏ္ဍာငွေကို ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချနိုင်ရေး မူဝါဒဟုဆိုပါက ပိုမိုသင့်လျော်မည်ဟု ယူဆပါသည်။ အချို့သောလုပ်ငန်းရပ်များတွင် ငွေကြေးသက်သာရေးကို အာရုံထားကာ စိစစ်ရွေးချယ်မှုများကြောင့် အရည်အသွေးလျော့ပါးမှုများဖြစ်ပေါ်ကာ စီမံကိန်းပြီးစီးပြီး နှစ်မကူး ခင် ယိုယွင်းမှုများ ဖြစ်ပေါ်လာသောကြောင့် ပြန်လည်ပြင်ဆင်ရသည့် စရိတ်များ၊ အသစ်ထပ်မံပြုလုပ်ရသည့် စရိတ်များက လိုအပ်သည် ထက် များစွာနစ်နာဆုံးရှုံးမှုများ ဖြစ်တတ်သည်ကို သတိပြုသင့်ပါ သည်။ မူလကတည်းက စနစ်တကျအသုံးပြုသင့်သည့် ပမာဏကို မသုံးဘဲ သက်သာသည်ဟူသော ဆန်ခါတစ်ခုတည်းဖြင့် စိစစ်သည့် အခါ ပြည်သူ့ငွေ အကုန်အကျသက်သာသွားပြီဟု ယူဆလို့မရနိုင်ပြီ။ မှန်ကန်သည့် အရည်အသွေးအတွက်၊ မှန်ကန်သည့် လိုအပ်ချက် အတွက် အမှန်တကယ် အကုန်အကျခံ အသုံးပြုသင့်သည့် ပမာဏ ထက် သက်သာသည်ဆိုတိုင်း ပြည်သူ့ဘဏ္ဍာငွေကို စိစိစစ်စစ် သုံးစွဲ သည်ဟူသော အဓိပ္ပာယ်မရောက်ဆို သည်ကို သတိပြုသင့်ပါသည်။
လိုအပ်ချက်ကို တိကျစွာ သိရှိဆုံးဖြတ်နိုင်မှု၊ လိုအပ်သည့် အရည်အသွေးနှင့် စံကို ကြိုတင်သတ်မှတ်နိုင်မှု၊ ဒီဇိုင်းနှင့် နည်းစနစ် ဆိုင်ရာများ အတည်ပြုရာတွင် ပညာရှင်များနှင့်တကွ သက်ဆိုင်သူ များ ပါဝင်မှု၊ သတ်မှတ်သည့် ထိုလိုအပ်ချက်များနှင့် ကိုက်ညီမှု၊ အရည်အသွေး အဆင့်အတန်းမီမှု၊ သင့်တင့်လျောက်ပတ်သော ကုန်ကျစရိတ်၊ ရေရှည်ထိန်းသိမ်းမှုစနစ် စသည်တို့ကို ဘက်စုံထောင့်စုံ က ဆန်းစစ်ခြင်း၊ နားလည်ကျွမ်းကျင်သူများ၏ အကူအညီကို တောင်းခံရယူခြင်းတို့ဖြင့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်သာ ပြည်သူ့ဘဏ္ဍာငွေကို အကျိုးရှိစွာ အသုံး ချသည့် အစီအမံများ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment