Saturday, November 16, 2019

အယ်ဒီတာ့ အာဘော်
==============

တရားမျှတ၊ သဟဇာတရှိရေး ကျင့်ကြံ
========================

မျက်မှောက်ကာလတွင် တွေ့ကြုံနေရသော အမုန်းတရားများ၊ အာဃာတ များ၊ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ မရပ်နားဘဲ ဆက်ကာဆက်ကာ ဖြစ်ပွားနေရခြင်း အကြောင်းရင်းများတွင် ဆိုင်ရာဆိုင်ရာ ဘာသာ တရားများ၏ အဆုံးအမဩဝါဒများနှင့်အညီ လိုက်နာကျင့်ကြံအားထုတ်မှု အားနည်းသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။

ဘာသာတရားအားလုံးတို့သည် မေတ္တာတရားကို အခြေခံထားသည့် သဘောကို ဘာသာတိုင်းက လက်ခံကြမည်ဖြစ်သည်။ မေတ္တာတရားသည် သတ္တဝါများအပေါ်တွင်ထားရှိသည့် ကောင်းမွန်သောစိတ်ထားဖြစ်သည်။ မည်သူမဆို ၊ မည်သူ့အပေါ်တွင်မဆို မေတ္တာတရားထားရှိသည်နှင့် စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်လာပြီး စိတ်၏ငြိမ်းချမ်းခြင်းကို ပေးစွမ်းနိုင်သည်သာမက လူမှုပတ်ဝန်းကျင်ကိုပါ ငြိမ်းချမ်းစေသည်။

မေတ္တာတရားကိုအခြေခံသည့် ဘာသာတရားအဆုံးအမများသည် တရားမျှတမှုနှင့် သဟဇာတဖြစ်မှုတို့ကို ပိုမိုထွန်းကားစေသည်။ ထို့ကြောင့် ဘာသာတရားအဆုံးအမနှင့် သွန်သင်မှုများသည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကောင်းကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် လမ်းညွှန်ချက်များအဖြစ် ခံယူထားကြသည်။

ယင်းနှင့်စပ်လျဉ်း၍ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သည့် အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေး ဝိုင်းတွင် သဟဇာတဖြစ်မှုနှင့် တရားမျှတမှုတို့သည် ဘာသာတရားအများ အပြား၏ အဆုံးအမဩဝါဒများအနက် အခြေခံအကျဆုံး သဘောတရား များပင်ဖြစ်ပါကြောင်း၊ အဆုံးအမဩဝါဒများအတိုင်း နာခံကျင့်ကြံကြခြင်း ဖြင့် မိမိတို့မြန်မာနိုင်ငံ၌ အဆုံးတစ်နေ့တွင် တရားမျှတမှုနှင့်သဟဇာတဖြစ်မှု တို့ ထွန်းကားလာမည်မှာသေချာပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘာသာကြီးလေးမျိုး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရမည်ဖြစ်သည်။ သို့သော် ကောင်းမြတ်သော ဆိုင်ရာဘာသာတရားအဆုံးအမများအပေါ်တွင် အလေးအနက်ခံယူ လိုက်နာကျင့်သုံးမှုမရှိသူအချို့ကြောင့် အဖျက်သဘော ဆောင်သော အင်အားစုများတိုးပွားပြီး လူ့ဘောင်လောက ငြိမ်းချမ်းသာယာ မှုကို ထိခိုက်နေသည်။

ထို့ကြောင့် မိမိတို့ ဘာသာတရားအဆုံးအမများကိုအလေးအနက်ခံယူပြီး မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများ အကြား အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်နားလည်မှုတို့ တိုးတက် ဖြစ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ခြင်းဖြင့် လူ့ဘောင်အဖွဲ့အစည်း အတွင်း ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာမည်ဖြစ်သည်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)က နယူးယောက်မြို့ အခြေစိုက်သည့် ငြိမ်းချမ်းရေးအတွက် ကိုးကွယ်ရာဘာသာများအဖွဲ့ကြီး နှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ တစ်ကမ္ဘာလုံး လွှမ်းခြုံပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြား ပေါင်းကူးတံတားသဖွယ် ရပ်တည်နိုင်မည်ဖြစ်သည်။ လူသားဖွံ့ဖြိုးရေးမြှင့်တင်ရာတွင်လည်းကောင်း၊ ကမ္ဘာကြီးအားကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ တရားမျှတ ပြီး သဟဇာတရှိသောလူ့အဖွဲ့အစည်းအဖြစ် မြှင့်တင်ရာတွင်လည်းကောင်း အထောက်အကူပြုမည်ဖြစ်သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရာ၌ ငြိမ်းချမ်း ရေး၏အရေးကြီးပုံကို မြန်မာနိုင်ငံသူနိုင်ငံသားများ သိရှိနားလည် ထားကြသည်။ ငြိမ်းချမ်းရေးထွန်းကားခြင်းမရှိပါက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမရနိုင်သလို တရားမျှတမှုနှင့် သဟဇာတဖြစ်မှုတို့လည်းရရှိလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဘာသာတရားတိုင်းတွင် အခြေခံသည့် မေတ္တာတရားများလွှမ်းခြုံကာ တရားမျှတမှု၊ သဟဇာတဖြစ်မှုတို့ ထုံမွမ်း စေသည့် အဆုံးအမများကို လိုက်နာကျင့်သုံးကြရမည်ဖြစ်သည်။



သို့ဖြစ်ရာ တရားမျှတသည့်၊ သဟဇာတရှိသည့် ငြိမ်းချမ်းသာယာ ၀ပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် ဘာသာတရားအဆုံးအမဩဝါဒများအတိုင်း နာခံကျင့်ကြံ ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment