Friday, November 15, 2019

အယ်ဒီတာ့ အာဘော်
==============

သတိမူကြိုတင်ပြင်ဆင်ရမည့် ငလျင်
========================

မုန်တိုင်းကျရောက်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ရေကြီးရေလျှံခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို လူတိုင်း လူတိုင်း ယခုတိုင် မတွန်းလှန်နိုင်သေးပေ။ မတွန်းလှန်နိုင်သော်လည်း သဘာဝဘေးကျရောက်နိုင်သည့် အကြောင်းခြင်းရာများကို သိရှိထားရန်နှင့် သိရှိထားမှသာ အန္တရာယ်မှ ကာကွယ်ရှောင်တိမ်းနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ ရစ်ချ်တာ စကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၅၄ မိနစ် ၃၁ စက္ကန့်အချိန်က လှုပ်ခတ်ခဲ့ သောအခါ ရန်ကုန်မြို့နေပြည်သူများ ငလျင်အန္တရာယ်မှ မည်သို့ကာကွယ် ရှောင်တိမ်းရမည့် အသိများနိုးထလာကြပြီဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ်အကြီးမားဆုံး နိုင်ငံများစာရင်းတွင်ပါဝင်နေပ​ြီး ပမာဏကြီးမားပြီး အဓိကကျသည့် မြေငလျင်ကြောကြီးငါးခုရှိသည့်အပြင် ပြတ်ရွေ့ကြောများစွာရှိနေသော ကြောင့် ငလျင်အန္တရာယ်ကို မပေါ့မဆသတိပြုရမည် ဖြစ်သည်။ လတ်တလောတွင် ငလျင်နှင့်ပတ်သက်၍ ကြုံတွေ့ခံစားရမှု​​​ ​ဝေးနေသေး သဖြင့် မိမိတို့ အဆောက်အအုံခိုင်ခံ့သည်ဖြစ်စေ၊ မခိုင်ခံ့သည်ဖြစ်စေ ပေါ့ပေါ့ဆဆ နေထိုင်သည့်သဘောရှိနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။

ရန်ကုန်မြို့သည် ၁၉၈၈ ခုနှစ်လွန်ကာလမှစ၍ အထပ်မြင့်အဆောက် အအုံများ ပေါ်ပေါက်လာသည်။ သက်တမ်းအားဖြင့် ဆယ်စုနှစ် နှစ်ခု၊ သုံးခု မကရှိလာပြီဖြစ်သော အထပ်မြင့်အဆောက်အအုံဟောင်းများ၏ ကြံ့ခိုင်မှု သည် ယခုရန်ကုန်ငလျင်လှုပ်ခတ်ပြီးနောက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ရန်ကုန်မြို့ရှိအဆောက်အအုံအချို့ တိမ်းစောင်းမှုရှိသည်ဆိုရာ၌ ငလျင်လှုပ်သောကြောင့်ဖြစ်စေ၊ အဆောက် အအုံအောက်ခြေခိုင်ခံ့မှု မရှိသောကြောင့်ဖြစ်စေ တစ်ခုခုကြောင့်ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ထို့ထက် ငလျင်ပြင်းအားပမာဏများပါက အဆောက်အဦဟောင်းများ၊ မခိုင်ခံ့သောအဆောက်အဦများအတွက် အန္တရာယ်ရှိသည်မှာသေချာသည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသ မြစ်ဝကျွန်းပေါ် နှင့် ရန်ကုန်ဒေသဝန်းကျင်သည် နုန်းတင်မြေနုရပ်ဝန်းဒေသဖြစ်သည်။ မြေအောက်တွင် အမျိုးအမည်မသိသော ပြတ်ရွေ့များ များစွာရှိသည်။ နုန်းမြေ၊ မြေပျော့များအောက်မှ ငလျင်လှုပ်ခတ်သောအခါ အင်အားအနည်းငယ် ပင်ရှိသော်လည်း ပိုမိုပြင်းထန်စွာခံစားရသည်ဟု ငလျင်ပညာရှင်များက အသိပေးထားသည်။
ရန်ကုန်မြို့တွင် ၁၉၂၇ ခုနှစ်က ပြင်းအား ၇ ဒသမ ၃ အဆင့် လှုပ်ခဲ့ဖူးသည်။ ထိုစဉ်က အဆောက်အအုံကြီးကြီးမားမား မရှိသဖြင့် ထိခိုက်မှုနည်းသည်။ ၁၉၇၈ ခုနှစ်က ပြင်းအား ၅ ဒသမ ၇ လှုပ်ခဲ့ဖူးသည်။ အဆောက်အအုံကြီးကြီးမားမား မရှိသေး၍ ပြဿနာကြီးကြီးမားမားမရှိချေ။ သို့သော် ရန်ကုန်တွင် ငလျင်လှုပ်ခတ်တိုင်း ရွှေတိဂုံစေတီတော်ကြီး၏ ထီးတော်၊ စိန်ဖူးတော်တို့ အနည်းနှင့်အများ ထိခိုက်မှုရှိသည့် သမိုင်းမှတ်တမ်း များရှိသည်။ ငလျင်လှုပ်ခြင်းသည် ကြီးမားသည့်အဆောက်အဦများနှင့် ခိုင်ခံ့မှုအားနည်းသည့် အဆောက်အဦများ၌ သက်ရောက်မှုရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ယနေ့ကာလတွင် ရန်ကုန်မြို့၌ အထပ်မြင့်တိုက်တာအဆောက်အအုံ များ ပြည့်နှက်နေပ​ြီဖြစ်သည်။ ရန်ကုန်မြို့နှင့် သဘာဝဘေးတွင် ငလျင် အန္တရာယ်သည် အရေးအကြီးဆုံးအချက်ဖြစ်သည်။ ငလျင်ပြင်းအား အနည်းအများအလိုက် ပျက်စီးဆုံးရှုံးမှုအနည်းအများဖြစ်မည်။ ထို့ကြောင့် ငလျင်အန္တရာယ်မှ လျော့ပါးသက်သာရေးအတွက် အဆောက်အဦကြံ့ခိုင်မှု ဆောင်ရွက်ရေးနှင့် ငလျင်မလှုပ်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ ငလျင်လှုပ်စဉ်၊ ငလျင်လှုပ်ပြီးဆောင်ရွက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တို့နှင့် မြို့နေပ​ြည်သူလူထု ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ငလျင်သဘာဝဘေးမှာ လုံးဝကြိုတင်တွက်ဆ၍ မရနိုင်သော အန္တရာယ်ဖြစ်ရာ ထိုအရေးကို ပေါ့ပေါ့ဆဆသတိမမူ မနေမိဘဲ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်၊ ငလျင်လှုပ်ပြီး ကြိုတင်ပြင်ဆင် အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း ။ ။

No comments:

Post a Comment