Tuesday, October 29, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံ NHK ရုပ်သံဌာနအား ကြည့်ရှုလေ့လာပြီး တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Image may contain: 6 people, people smiling

တိုကျို အောက်တိုဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့ သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ကမာကူရ ရုပ်ရှင်ပြတိုက်သို့ ရောက်ရှိ ကြပြီး ရုပ်ရှင်ဆိုင်ရာ စာအုပ်စာစောင် များ ခင်းကျင်းပြသထားမှုကို ကြည့်ရှု လေ့လာကြသည်။
အဆိုပါပြတိုက်သည် ရုပ်ရှင် ဆိုင်ရာ စာအုပ်၊ စာစောင်များ ခင်းကျင်း ပြသထားမှုအပြင် ရုပ်ရှင်အထူးပွဲများ ပြသခြင်း၊ ရုပ်ရှင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ဖြင့် ရုပ်ရှင်အနုပညာ အသိုက်အဝန်း အတွက် ဝန်ဆောင်မှုပေးရန်ဖြစ် ကြောင်း၊ ရုပ်ရှင်ရုံဆိုသည် ချစ်ကြည် ရင်းနှီးမှုနှင့် နားလည်မှုတည်ဆောက် ရန်အတွက် အကောင်းဆုံးကြားခံ နေရာတစ်ခုအဖြစ် ယုံကြည်လက်ခံ ကြသည့် ကမာကူရမြို့ခံ Nagamasa နှင့် Kashiko Kawaichita စုံတွဲတို့ နေထိုင်ခဲ့သည့် နေအိမ်ကို ဂုဏ်ပြု၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ယနေ့ နံနက် ၉ နာရီတွင် တိုကျိုမြို့ရှိ IMAGICAB Lab ကုမ္ပဏီသို့ သွားရောက်ကြပြီး ရုပ်ရှင်ထုတ်လုပ် ရေးအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း (Post Product-ion) ဆောင်ရွက်မှုကို ကြည့်ရှုလေ့လာ ကြသည်။
IMAGICAB Lab ကုမ္ပဏီသည် ရုပ်ရှင်လုပ်ငန်းအတွက် နည်းပညာ ဆိုင်ရာ အထောက်အပံ့များ ဝန်ဆောင် မှုပေးခြင်းနှင့် မှတ်တမ်းတင်ထိန်းသိမ်း ခြင်းကို ၁၉၃၅ ခုနှစ်မှစ၍ ဆောင်ရွက် ခဲ့ပြီး ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ကြော်ငြာ၊ မိုဘိုင်းဖုန်းမှစ၍ ဂိမ်းကစားနည်းများ အထိ ကြိုတင်ပြင်ဆင်မှု၊ ဝန်ဆောင်မှု နှင့် ထုတ်လုပ်ဖြန့်ချိမှုများကို ဆောင် ရွက်နေကြောင်း၊ 2k နှင့် 4k အရည်အသွေးရှိသော ရုပ်ရှင်မှတ်တမ်း နှင့် ဒစ်ဂျစ်တယ်ပြုလုပ်ခြင်း၊ Scan ဖတ်ခြင်းနှင့် Metadata စီမံခန့်ခွဲစနစ် စသည့် အစိတ်အပိုင်းများစွာအတွက် ဝန်ဆောင်မှုပေးနေကြောင်း သိရ သည်။
ထို့နောက် Shochiku Otaami Library သို့ သွားရောက်ကြပြီး ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်ညွှန်းများ၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံနှင့် မှတ်တမ်းများကို ကြည့်ရှု လေ့လာကြသည်။ ၎င်းစာကြည့်တိုက် ကို Shochiku Co.Ltd ကို တည်ထောင် ခဲ့သူတစ်ဦးဖြစ်သည့် Otaami Takejino က ယဉ်ကျေးမှုဆိုင်ရာ ဆုတံဆိပ်ချီးမြှင့်ခံရပြီး နောက်တစ်နှစ် ၁၉၅၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတွင် စာအုပ် စာစောင်နှင့် ဓာတ်ပုံမှတ်တမ်း စုစုပေါင်း လေးသိန်းနှစ်သောင်းကျော် စုဆောင်းထားရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် Shochiku Co,Ltd သို့ သွားရောက်ကြပြီး ရုပ်ရှင် နှင့် ရုပ်သံဇာတ်လမ်းတွဲများ၊ မီဒီယာ ဆော့ဖ်ဝဲများ ထုတ်လုပ်ခြင်း၊ ဝယ်ယူ ရောင်းချခြင်းနှင့် ဖြန့်ချိခြင်းတို့ကို ကြည့်ရှုလေ့လာကြသည်။
၎င်းကုမ္ပဏီကို Mr. Takejino Otani နှင့် Matusjino Shirani တို့က ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံတွင် ရောင်စုံရုပ်ရှင်ကို ပထမဆုံးထုတ်လုပ်နိုင်ခဲ့သည့်အပြင် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ရုပ်သံ ဇာတ်လမ်းတွဲများကိုလည်း ဖန်တီး ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ အသံစနစ်၊ တေးဂီတမူပိုင်ခွင့်လိုင်စင်၊ ကဇာတ်ရုံ အပြင်အဆင်နှင့် ငှားရမ်းခြင်း၊ စီမံ ခန့်ခွဲခြင်း တို့အပြင် အိမ်ခြံမြေဆိုင်ရာ ရှင်းလင်းခြင်းများကိုလည်း ဆောင် ရွက်နေကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် NHK ရုပ်သံ ဌာနသို့ သွားရောက်ကြပြီး ပြည်တွင်း/ ပြည်ပ သတင်းများအား ဂျပန်နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်လွှင့် နေမှု၊ မသန်စွမ်းသူများနှင့် ကလေး သူငယ်များအတွက် သတင်းထုတ်လွှင့် ရန် စီစဉ်ဆောင်ရွက်ထားမှု၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းများ ထုတ်လွှင့်ပေးနေမှုတို့ကို ကြည့်ရှု လေ့လာကြသည်။
NHK သတင်းဌာနကို ၁၉၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တိုကျို ရုပ်သံသတင်းဌာနအဖြစ် တည်ထောင် ခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် ဂျပန်ရုပ်သံ ထုတ်လွှင့်မှုကော်ပိုရေးရှင်း (Japan Broadcasting Corporation – NHK) အဖြစ် ပြောင်းလဲခဲ့သည့် ဂျပန်နိုင်ငံပိုင် ရုပ်သံသတင်းဌာနဖြစ်ကြောင်း သိရ သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် တိုကျိုမြို့တော် မင်နာတိုမြို့ရှိ Roppongi Theater ၌ ကျင်းပသည့် တိုကျိုနိုင်ငံတကာရုပ်ရှင် ပွဲတော် (Tokyo International Film Festival) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး နိုင်ငံတကာမှ လာရောက်ပြသကြသည့် ရုပ်ရှင် ဇာတ်ကားများကို ကြည့်ရှုကြသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်သည် ၁၉၈၅ ခုနှစ်မှစ၍ ၁၉၉၁ ခုနှစ်အထိ နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ရာမှ နောက်ပိုင်းတွင် နှစ်စဉ်ကျင်းပလာခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာရုပ်ရှင် ထုတ်လုပ်သူများ ဖက်ဒရေးရှင်းမှ အသိအမှတ်ပြုထားသည့် အာရှဒေသ ၏ ထင်ရှားသော ရုပ်ရှင်ပွဲတော်များ တွင် ပါဝင်ကြောင်း၊ ၎င်းပွဲတော်မှ အကောင်းဆုံးရုပ်ရှင်၊ အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး အမျိုးသား နှင့် အမျိုးသမီး ဇာတ်ဆောင်ထူးချွန် ဆုများကိုလည်း ချီးမြှင့်ပေးလျက် ရှိကြောင်းနှင့် ပွဲတော်ကို အောက်တို ဘာ ၂၈ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာမှ ရုပ်ရှင် ဇာတ်ကားပေါင်း ၂၀၀ ကျော် ပြသမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment