Friday, October 18, 2019

အသိပညာဉာဏ်ဖြင့်ယှဉ်ကာ တွေးဆကြဖို့



နည်းပညာများ အလွန်တိုးတက်ထွန်းကားလာသောခေတ်ဖြစ် သည့်အတွက် နယ်ပယ်အသီးသီးမှာရှိသည့် ဘယ်လိုကိစ္စ၊ ဘယ်လို သတင်းနှင့် အဖြစ်အပျက်၊ ဘယ်လိုပြဿနာ၊ ဘယ်လိုခေါင်းစဉ်မျိုး မဆို ချက်ချင်းဆိုသလို လူထုကြားထဲ ပျံ့နှံ့ရောက်ရှိသွားလေ့ ရှိချေသည်။
ကုန်လွန်ခဲ့သော တစ်ခေတ်တုန်းကဆိုလျှင် သတင်းရရှိရေး ဆိုသည်မှာ နိုင်ငံရေးမှာဖြစ်စေ၊ စီးပွားရေးမှာဖြစ်စေ၊ လူမှုရေးမှာ ဖြစ်စေ အလွန်အရေးကြီးသည့် လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ထိုသို့သော သတင်းများရရှိဖို့ကို တစ်ဦးနှင့်တစ်ဦး လက်တို့ သတင်းပေးကြရသည်။ အထူးသဖြင့် နိုင်ငံရေးသတင်းများနှင့် စီးပွားရေးသတင်းများ။
နိုင်ငံရေးစိတ်ဝင်စားသည့် လူကြီးလူရွယ် လူငယ်များမှာ အချင်းချင်း လက်သိပ်ထိုး သတင်းပေးကြရသည်။ ထိုသတင်းတို့ကို လျှို့လျှို့ဝှက်ဝှက် အချင်းချင်းဖလှယ်ကြရသည်။ ပေါက်ကြားသည် ဆိုသည်နှင့် စစ်ကြောရေးစခန်း ရောက်သွားမည်ဆိုသည့် ခြိမ်းခြောက်မှုက ကြီးကြီးမားမားရှိနေသည်။
သည်လို အန္တရာယ်ရန်စွယ်များကြားမှာ သတင်းစကားအမှန် လေးများရဖို့ တစ်ဦးနှင့်တစ်ဦး စိတ်ချရသူချင်း ဖလှယ်ကြသည် ဆိုသည်မှာ တကယ့် ရဲဘော်ရဲဘက်စိတ်များနှင့် လုပ်ခဲ့ကြရခြင်း ဖြစ်ပါသည်။ သည်လိုကြားက စစ်ကြောရေးစခန်း ရောက်သွားသူ များက ရှိနေသည်ကိုး။
ထိုထဲတွင် စီးပွားရေးသတင်းဆိုသည်ကတော့ စီးပွားရေး သမားအချင်းချင်းပင် လက်မတို့ အသိမပေးဘဲ ပိုသိသူ ပိုအကွက် အကွင်းရ ပိုစီးပွားရေးလမ်းကြောင်းဖြောင့် ဖြစ်ကြသည့်ခေတ် ဖြစ်ပါသည်။ အာဏာရှိသူတို့၊ လုပ်ပိုင်ခွင့်ကြီးသူတို့ ချမ်းသာ ကြီးပွားရသည့်အထဲတွင် ထိုသို့သောသတင်းများကို ဘယ်သူ အရင်သိသလဲဆိုသည်က အဓိကကျသည်ဟု ထင်မြင်ပါသည်။
သည်နေ့ခေတ်ကဖြင့် တော်ရုံသတင်းနှင့် အဖြစ်အပျက်များက စစ်ကြောရေးရန်နှင့် ဝေးသည်ကတစ်ကြောင်း၊ နည်းပညာတို့၏ အံ့မခန်းတိုးတက်လာမှုတို့က တစ်ကြောင်းတို့ကြောင့် လူထုကြား မှာ တွင်တွင်ကျယ်ကျယ် ဖြစ်လာပါသည်။ အချို့သော ဖြစ်ပျက်မှု များတွင် ငွေကြေးအင်အား၊ အာဏာအင်အားသုံးကာ ဖုံးဖို့ဖိဖို့ ကြိုးစားနေသည့်ကြားက လူတကာပါးစပ်ဖျား ရေပန်းစားသွား သည်အထိ ဖြစ်ရသည်တို့က မနည်းလှ။ တချို့ဆိုလျှင် ဖုံးဖိရန် ကြိုးစားသည်ကြောင့်ပင် ပို၍ပို၍ ပျံ့နှံ့သွားသည့် အတွေ့အကြုံ များကလည်း အများအပြား။
သည်၍ သည်မျှ ပျံ့နှံ့လွယ်၊ ပေါက်ရောက်လွယ်လာသည့်အခါ တွင် မသမာမှုများ ရောပါလာသလို မဟုတ်မမှန်သတင်းများကို ရောနှောပြင်ဆင် ထုတ်လွှင့်လာမှုတို့ကလည်း ပါဝင်လာလေသည်။ အထက်တွင် ဆိုသကဲ့သို့ နည်းပညာများက အံ့မခန်းတိုးတက်နေ လေရာ အရုပ်များ၊ အသံများကအစ ပြင်ဆင်ပြုပြင်ကာ အတုလုပ် သည်တို့ကလည်း ရှိလာလေသည်။
ယခုလို နည်းပညာအပံ့အပိုးတို့ဖြင့် သတင်းပျံ့နှံ့မှု မြန်ဆန် ခေတ်ဖြစ်လာသည့်အခါ၊ နယ်ပယ်အသီးသီးက အဖြစ်အပျက်များ နှင့် ပတ်သက်၍ သင်ယူလိုက်နာစရာများ၊ တွေးတောဆင်ခြင်စရာ များ၊ အဆုံးဖြတ်ပေးစရာများတို့ကို ချင့်ချိန်စိစစ်ကြရန် လိုအပ် ပါသည်။ အခြေခံအားဖြင့် သတင်းဆိုင်ရာ အမှားအမှန်ကို တွေးဆ နိုင်သည့် သတင်း၏မူလရင်းမြစ်ကို အကဲခတ်ရန် ဉာဏ်ပညာရှိဖို့ လိုအပ်လာသည်။ သတင်းနှင့် အချက်အလက်တို့အပေါ် တည်မှီ ကာ ဆုံးဖြတ်ရသည်များ ရှိလာသည့်အခါ ထိုသတင်းနှင့် အချက် အလက်များ မည်မျှမှန်ကန်သည်ဆိုတာ အရေးကြီးသကဲ့သို့ သတင်းဖြန့်ချိမှု၏ ပြည်သူနှင့် နိုင်ငံအပေါ်ထားရှိသော စေတနာ ကိုပါ အကဲခတ်ကြရပါလိမ့်မည်။
အချုပ်ကို ဆိုရပါမူ အမှားအမှန် ခွဲခြားသိမြင်မှုတွင် အသိပညာ ဉာဏ်ပါသည်။ စေတနာတွင် အသိပညာဉာဏ်ပါဖို့လိုသည်။ ယုံကြည်မှုတွင် အသိပညာဉာဏ်ပါရန်လိုမည်။ ဆုံးဖြတ်ချက်များ တွင် အသိပညာဉာဏ်ပါရန်လိုမည်။ မည်မျှကြီးကျယ်သည့် ကိစ္စရပ်များတွင်မဆို အသိပညာဉာဏ်ပါရန်လိုမည်။ တိုးတက် ခေတ်မီလာသောခေတ်တွင် နိုင်ငံသားတို့ ပို၍နိုးကြားကြဖို့ ပို၍ အသိပညာဉာဏ်ဖြင့်ယှဉ်ကာ တွေးဆကြဖို့လိုပါမည်ဟူ၍ နှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:

Post a Comment