Thursday, October 17, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် အမှာစကားပြောကြား




Image may contain: 1 person, flower
နေပြည်တော် အောက်တိုဘာ ၁၆




၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ သူရ ဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် များအဖွဲ့၊ အမျိုးသားအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ တက္ကသိုလ်ဆရာသမဂ္ဂများမှ ဆရာ ဆရာမကိုယ်စားလှယ်များ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ များမှ ကျောင်းသား ကျောင်းသူကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ယခုလို မြန်မာ့ပညာရေး အတွက် ထူးခြားလေးနက်ပြီး အနှစ်သာရ ပြည့်ဝတဲ့ ပညာ ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားမှာ အဖွင့်အမှာစကား ပြောကြားရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ မျက်မှောက်ကာလ နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည် ဆောက်ရာမှာ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီ ထွေဖြစ်တဲ့အပြင် အမှန်တကယ်လိုအပ်နေတဲ့ မူဝါဒတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းစဉ်တွေကိုချမှတ်ပြီး အဘက်ဘက် က အားသွန်ခွန်စိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ အသိ ပညာရှင်၊ အတတ်ပညာရှင်တွေ အမြောက်အမြားလိုအပ် ပါတယ်။ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြ ရမယ့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံးရဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဟာ အခြေခံ ကျတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍ မှာ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ နိုင်ငံတကာအဆင့်မီစေဖို့ ကြိုးပမ်းဆောင် ရွက်နေရခြင်း ဖြစ်ပါတယ်။
စာတမ်း(၁၁) စောင်ဖတ်ကြား
ပညာရေးဝန်ကြီးဌာနအနေနဲ့ အရည်အသွေးရှိတဲ့ အမျိုးသားပညာရေးစနစ်ကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂ဝ၁၆-၂ဝ၂၁)ကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသလို ပညာရေးမြှင့်တင်မှုတွေ ဆောင်ရွက်ရာ မှာ အထောက်အကူဖြစ်စေဖို့အတွက် ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ပညာ ရေးနှီးနှောဖလှယ်ပွဲမှာ စာတမ်း(၁၁) စောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး ဖတ်ကြားဆွေးနွေးခဲ့ကြတဲ့ စာတမ်းများအရ ရှေ့ဆက်ဆောင်ရွက်ရမယ့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။
ရလဒ်ကောင်းတွေကို ဖော်ဆောင်
ဒီနှစ်မှာလည်း အဆင့်မြင့်ပညာကဏ္ဍရဲ့ နယ်ပယ် ပေါင်းစုံနဲ့ သက်ဆိုင်တဲ့စာတမ်းပေါင်း(၁၆)စောင် တင်သွင်း ဖတ်ကြားပြီး၂ဝ၁၉-၂ဝ၂ဝ ခုနှစ်အတွင်း ဦးစားပေးအကောင် အထည်ဖော်ရမယ့် လုပ်ငန်းစဉ်များ ရရှိရေးအတွက် ပူးပေါင်းညှိနှိုင်း ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။ ဒီနှစ်ဖတ်ကြားတင်သွင်းမယ့်စာတမ်းတွေဟာလည်း ယခင် နှစ်တွေက ဖတ်ကြားခဲ့တဲ့ စာတမ်းများလိုပဲ ရှေ့လုပ်ငန်းစဉ် များကိုချမှတ်ပြီး အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင် လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လူသားတစ်ယောက်အတွက် ပညာရေးဆိုတာ ဘဝ တစ်လျှောက်လုံး စဉ်ဆက်မပြတ်သင်ယူရမယ့် အရာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ကျတဲ့ အရင်းအနှီးတစ်ရပ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ၂၁ ရာစု နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ လူသားအရင်းအမြစ် ဟာ အထူးအရေးကြီးလှပါတယ်။ ဒါကြောင့် အဆင့်မြင့် ပညာအနေနဲ့ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်မယ့်၊ ခေတ်မီ လူ့ စွမ်းအားအရင်းအမြစ် ဈေးကွက်တွေမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့၊ကျွမ်းကျင်မှုအရည်အသွေး၊ အရည်အချင်းတွေပြည့်ဝ တဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ အထူးပဲအရေးကြီး ပါတယ်။
အရည်အသွေးအာမခံစနစ်တစ်ရပ်ထားရှိ
ကမ္ဘာ့အဆင့်အတန်း မီတဲ့ပညာရေးစနစ် ဖြစ်လာစေဖို့ သုတေသနလုပ်ငန်းတွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ အသက် မွေးဝမ်းကျောင်းပညာတွေကို အားပေးပြီးဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။ အမျိုးသားပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မြင့်မားစေဖို့အတွက် ပညာရေးကဏ္ဍ အသီးသီးမှာ အရည်အသွေးအာမခံစနစ်တစ်ရပ်ထားရှိရမှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ အမျိုးသားပညာရေး အရည်အသွေးကို အဆင့် မြင့်မားလာစေပြီး သင်ကြား၊ သင်ယူမှုအပိုင်းကို တိုးတက် မြင့်မားစေဖို့အတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာရှင်များ၊ ပညာရေးစီမံခန့်ခွဲသူများ၊ ကျောင်းများ၊ သင်တန်းများနဲ့ တက္ကသိုလ်များက ဦးဆောင် သူများရဲ့ အရည်အသွေးကို မြှင့်တင်ပေးမယ့်အစီအစဉ် တွေကိုလည်း အလေးပေးဆောင်ရွက်သွားကြရမှာ ဖြစ်ပါ တယ်။
အရေအတွက်ထက် အရည်အသွေးမြင့်မားဖို့လို
အဆင့်မြင့်ပညာမှာ အဓိကကျတဲ့ လုပ်ငန်းတစ်ရပ် ကတော့ သုတေသနလုပ်ငန်းပဲ ဖြစ်ပါတယ်။ အဆင့်မြင့် ပညာကဏ္ဍက ဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသား တွေဟာ မိမိတို့ စိတ်အားထက်သန်ရာ၊ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ သုတေသနလုပ်ငန်းတွေကို တစိုက် မတ်မတ်လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်။ သုတေသန လုပ်ငန်းအသီးသီးက ရရှိလာတဲ့ရလဒ်တွေကလည်း စီးပွား ရေးဖွံ့ဖြိုးမှု၊ လူမှုအဆင့်ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အကျိုးပြုနိုင်မယ့်ရလဒ်တွေဖြစ်ဖို့ လိုအပ် ပါတယ်။ သုတေသနလုပ်ငန်းတွေ၊ ပရောဂျက်တွေကလည်း အရေအတွက်ထက် အရည်အသွေးမြင့်မားပြည့်ဝဖို့ လိုပါ တယ်။ ဒါ့အပြင် ကျွန်မတို့နိုင်ငံအခြေအနေနဲ့ ကိုက်ညီ တဲ့ဘာသာရပ်တွေ၊ ကိစ္စရပ်တွေကို အလေးထားဆောင် ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။ အရင်နှစ်က ကျွန်မပြော ခဲ့သလိုပဲ၊ သုတေသနလုပ်ငန်းတွေမှာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းပိုင်းက ပံ့ပိုးကူညီမှုတွေရအောင် လုပ်ကြပါလို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။
ထိန်းကျောင်းပေးဖို့ လိုအပ်
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "အဆင့်မြင့်ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ သာမက လူသားပီသတဲ့ နိုင်ငံသားကောင်းတွေ၊ ကမ္ဘာသူ ကမ္ဘာသားကောင်းတွေ ဖြစ်လာစေရေးကိုလည်း ပဲ့ကိုင် ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ဖို့အတွက် စီးပွားရေးအဖွဲ့အစည်းတွေ၊ စက်မှု လက်မှုလုပ်ငန်းတွေမှာ လိုအပ်နေတဲ့ အရည်အချင်းပြည့်မီ တဲ့ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ် သလို အမြော်အမြင်ကြီးမားပြီး စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ နိုင်ငံသူ နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ဖို့ လည်း လွန်စွာအရေးကြီးပါတယ်။ နိုင်ငံသူနိုင်ငံသား ကောင်းတွေကသာ ငြိမ်းချမ်းသာယာပြီး အတူတကွ လက်တွဲနေထိုင်နိုင်မယ့် ပြည်ထောင်စုကြီးကို တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားကောင်းတွေကပဲ ကမ္ဘာတစ်ဝန်းမှာ လူသားဆန်တဲ့၊ လူပီသတဲ့ကမ္ဘာသူ ကမ္ဘာသားကောင်းတွေဖြစ်လာမှာ ဖြစ်ပါတယ်။
ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်း
အဲဒီလိုဖြစ်လာဖို့ဆိုရင် ကျောင်းသူကျောင်းသားတွေ ကို စာသင်ခန်းအတွင်းမှာသာမက ဘက်စုံဖွံ့ဖြိုးတိုးတက် လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပညာ သင်ယူမှုကို စာသင်ခန်းထဲမှာပဲ ကန့်သတ်မထားဘဲ မိမိ ပတ်ဝန်းကျင်၊ မိမိဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ တစ်သားတည်း ဆက်စပ်ဖြစ်ထွန်းအောင် လေ့ကျင့်ပျိုးထောင်ပေးကြရမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်လာစေရေးအတွက် စာဖတ်စွမ်းရည်အလေ့အကျင့်တွေ၊ စာပေပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ အား ကစားပွဲတွေကိုလည်း အားပေး ဆောင်ရွက်သွားဖို့ လိုအပ်ပါ တယ်။ အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်ပြီး ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ လူ့အခွင့် အရေးကို တန်ဖိုးထားလိုက်နာတတ်တဲ့ လူငယ် လူရွယ်တွေ ကို မွေးထုတ်ပေးနိုင်ဖို့ ဦးတည်ဆောင်ရွက်ပေးဖို့ လိုအပ်ပါ တယ်။
အကျိုးရှိစွာအသုံးချနိုင်ရေး ရည်ရွယ်လုပ်ဆောင်
လက်တွေ့ကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ နည်းပညာနဲ့ အသက် မွေးဝမ်းကျောင်းဆိုင်ရာ ပညာတွေကိုလည်း အလေးထား ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားလူမျိုးစုများရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးနဲ့ တိုင်းရင်း သားဘာသာစကားများ ရေရှည်တည်တံ့ရေးဆောင်ရွက်မှု များကိုလည်း ဟန်ချက်ညီညီ ဖြည့်ဆည်းပေးသွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာ စေဖို့အတွက် ဒေသတစ်ခုချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပဓာနကျတာနဲ့အမျှ ဒေသအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက် မှုနဲ့ ဒေသတွင်းမှာရှိတဲ့ သယံဇာတအရင်းအမြစ်များနဲ့ ဆက်စပ်ပြီး ထိထိရောက်ရောက် အကျိုးရှိစွာအသုံးချနိုင်ရေးတို့ကို ရည်ရွယ်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
အရည်အသွေးမြင့်မားတဲ့ ပညာရေးကသာ မွေးထုတ်ပေးနိုင်
အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက် ရာမှာ ပြည်ထောင်စုကြီးအဘက်ဘက်က ဖွံ့ဖြိုးတိုးတက် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် စွမ်းရည်ထက်မြက်တဲ့လူငယ် မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်များရဲ့ အခန်းကဏ္ဍ ဟာ အလွန်အရေးကြီးပါတယ်။ ဒီလို စွမ်းရည်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အရည်အသွေးမြင့်မားတဲ့ ပညာရေးကသာ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲက တစ်ဆင့် နိုင်ငံတော်က လိုအပ်လျက်ရှိတဲ့ အရည်အသွေး မြင့်မားတဲ့ အဆင့်မြင့်ပညာရေးကို ဖော်ဆောင်ရာမှာ ဖြည့် ဆည်းပေးနိုင်မယ့် လုပ်ငန်းစဉ်တွေချမှတ်နိုင်ဖို့ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးအကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။
ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်
ယခုကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကထွက်ပေါ်လာမယ့် ရလဒ်ကောင်းတွေကတစ်ဆင့် ပညာရေးမြှင့်တင်မှု လုပ်ငန်း တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မညီမျှမှု များ၊ မတည်ငြိမ်မှုများ ကင်းဝေးပပျောက်ပြီး တရားဥပဒေ စိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို နိုင်ငံ သားတိုင်းတန်းတူညီမျှဖြစ်မှုတို့အတွက် မိမိတို့ ကျရာနေရာ ကနေ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်အဝနဲ့ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါလို့ တိုက်တွန်း လိုပါတယ်။
စုပေါင်းဆောင်ရွက်တဲ့စိတ်ဓာတ်
နိဂုံးချုပ်အနေနဲ့ ကျွန်မပြောလေ့ပြောထရှိတဲ့ စကား တချို့ကို ပြန်ပြောချင်ပါတယ်။ ကျွန်မတို့အားလုံးအတွက်
အရေးကြီးတာကတော့ ပူးပေါင်းဆောင်ရွက်ရေးပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မ ပညာရေးလောကမှာရော၊ ကျွန်မ တို့ရဲ့ နိုင်ငံရေးလောကမှာရော အခုဆိုရင် သိပ်ခေတ်စား နေတဲ့ ခေါင်းဆောင်ဖြစ်မှုဆိုတာကို အလေးမထားဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်ပါတယ်။ စုပေါင်းပြီးဆောင်ရွက်မှသာ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ ကျွန်မတို့အခုဒီနှစ်တွေအတွင်းမှာဆိုရင် ကျွန်မတို့ နိုင်ငံ တွင်သာမက ကမ္ဘာတစ်ဝန်းလုံးမှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ သင်ကြားရေးနှီးနှောဖလှယ်ပွဲတွေ ခဏခဏ လုပ်တာကို သတိပြုမိပါတယ်။ အားလုံးက ခေါင်းဆောင် ချည်းပဲ လုပ်ချင်ကြတယ်။ လူငယ်ခေါင်းဆောင်၊ အမျိုးသမီး ခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင်၊ အားလုံးက ခေါင်း ဆောင်လုပ်ရင် ဘယ်သူကနောက်ကလိုက်မှာလဲ။ အရေး ကြီးတာက စုပေါင်းပြီး အစုအဖွဲ့အနေနဲ့ လုပ်ဆောင်ဖို့ပဲ။ အင်္ဂလိပ်လိုပြောရင် Teamwork ပါ။ ဒီလိုအစုအဖွဲ့တစ်ခု အနေနဲ့လုပ်ရင် ဦးဆောင်မှုပေးနိုင်တဲ့ လူတွေက သူတို့ အလိုလို သူတို့ရဲ့ဆောင်ရွက်ချက်အရ ပေါ်လာပါမယ်။ ဒါပေမယ့် ဒီလိုဦးဆောင်မှုပဲ ပေးတဲ့နေရာမှာ တခြားလူ တွေနဲ့ တန်းတူညီတူဖြစ်တယ်ဆိုတာလည်း သူတို့ သဘော ပေါက်ပြီးတော့မှ ထွက်လာတဲ့ခေါင်းဆောင်တွေမို့လို့ ပိုပြီး တော့ ထိရောက်မယ်၊ ပိုပြီးတော့ နိုင်ငံကို အကျိုးပြုမယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုအားလုံးကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ကျွန်မတို့အားလုံးဟာ စုပေါင်းဆောင် ရွက်တဲ့စိတ်ဓာတ်ကို ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်စေချင်ပါတယ်။ ကိုယ်တစ်ယောက်ကပဲ ရှေ့ကနေမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့မဟုတ်ဘဲနဲ့ အားလုံးနဲ့ ပူးပေါင်း ဆောင် ရွက်ခြင်းအားဖြင့် ကိုယ့်ရဲ့အားနည်းချက်တွေဆိုရင် ပြုပြင် နိုင်မယ်။ အားသာချက်တွေကို အများအတွက် သုံးနိုင်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွား စေချင်ပါတယ်။ ဒါကြောင့်မို့ နှီးနှောဖလှယ်ပွဲမှာ ဒီဟာကို ဦးတည်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။ အားလုံး က ပူးပေါင်းပြီးတော့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆောင် ရွက်ဖို့ ကိုယ်တစ်ယောက်တည်း ရှေ့ကနေဖို့ မဟုတ်ဘဲ နဲ့ ကိုယ်တတ်နိုင်တဲ့နေရာကနေ ပံ့ပိုးပေးဖို့ ဒါဟာ ပါမောက္ခ ချုပ်များတင်မက ဆရာ ဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ ပြည်သူများအားလုံးမှာ တာဝန်ရှိပါတယ် ပြောရင်း နဲ့ နိဂုံးချုပ်ပါတယ်” ဟု ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်များ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးက ပါမောက္ခချုပ်များ ကော်မတီအနေ ဖြင့် တက္ကသိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ် များ ကော်မတီအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကို ဆက်လက် ကျင်းပရာ Myanmar British Council မှ Country Direc-tor Dr. Richard Sunderland က National Institiute for Higher Education Development (NIHED) project စာတမ်းကို လည်းကောင်း၊ Central European University မှ Senior Program Manager Mr.Oleksandr Shtokvych က Towards University Autonomy in Myanmar: Policies, Planning and Implementation စာတမ်းကို လည်းကောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာထင်ဇော်စိုးက မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ (၂၀၁၉)ပြီးစီးမှုနှင့် အားသာချက် အားနည်းချက်များ စာတမ်းကို လည်းကောင်း။
ပြန်လည်ဆွေးနွေး
မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စိုးဝင်း က မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ဘဏ္ဍာရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုစာတမ်းကို လည်းကောင်း၊ အဆင့်မြင့် ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် e- Payment စနစ် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး စာတမ်းကို လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာမီမီသက်သွင်က ICT လုပ်ငန်းကော်မတီ ၏ လုပ်ငန်းစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှု စာတမ်းကို လည်းကောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောပြုံးနိုင်က ပညာရေးကောလိပ်များရှိ (၂)နှစ်သင်တန်း အစီအစဉ်များကို (၄)နှစ်သင်ပညာရေး အထူးပြုဘွဲ့အစီအစဉ်များသို့ အဆင့်မြှင့်တင်ခြင်း စာတမ်း ကိုလည်းကောင်း၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က Good Practice Guidelines of University Governance and Manage-ment စာတမ်းကို လည်းကောင်း၊ မန္တလေးအဝေးသင် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်စိုးက အဝေးသင်အနီးကပ်သင်တန်းများ ပြုပြင်ပြောင်းလဲရေး စာတမ်းကို လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဓာတုဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ မျိုးမင်းက အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာ ဆရာမများ၏ လူမှုဘဝအခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ စာတမ်းကိုလည်းကောင်း ဖတ်ကြားကြရာ တက်ရောက်လာ ကြသူများက ပြန်လည်ဆွေးနွေးကြသည်။
ဆက်လက်ကျင်းပသွားမည်
ယခု နှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး စာတမ်းရှင်(၈)ဦးမှ စာတမ်း(၈)စောင်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖတ်ကြားဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာန (၈)ခုအောက်၌ တက္ကသိုလ်ပေါင်း (၁၇၄)ခု ဖွင့်လှစ်ထားရှိပြီး တက္ကသိုလ် (၁၆၄) ခုမှာ ပါမောက္ခချုပ်များ ကော်မတီတွင်အဖွဲ့ဝင် အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment