Sunday, October 27, 2019

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ၆/၂၀၁၉ အစည်းအဝေး ကျင်းပ

Image may contain: 1 person, table and indoor 


ရန်ကုန် အောက်တိုဘာ ၂၆


ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှု အဖွဲ့ (Broadcasting Governing Body-BGB) ၆/၂၀၁၉ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေး၌ ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့် အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေး၌ စက်မှုပိုင်းဆိုင်ရာ၊ ငွေရေး ကြေးရေးဆိုင်ရာ၊ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပြီးခဲ့သည့် ၅/၂၀၁၉ အစည်းအဝေးမှတ်တမ်းအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။
ထိုကိစ္စများကိုမဆွေးနွေးမီ ပထမဦးစွာ မီဒီယာများအနေဖြင့် မိမိတို့၏ အစီအစဉ်များကို ရေးသားထုတ်လွှင့် ဖော်ပြကြသည့်အခါ မီဒီယာကျင့်ဝတ်များ ကို မိမိတို့အသိနှင့်လိုက်နာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ပါကြောင်း၊ တည်ဆဲဥပဒေများနှင့် နိုင်ငံတော်အစိုးရချမှတ်ထားသည့် မူဝါဒများကို ဆန့်ကျင် သည့် သဘောမသက်ရောက်စေရန် သတိထားဆင်ခြင်ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ ဒီမိုကရေစီလူ့ဘောင်တွင် မီဒီယာလုပ်ငန်းကို နိုင်ငံပိုင်မီဒီယာတစ်ခု တည်းက လုပ်ဆောင်၍ မရပါကြောင်း၊ မီဒီယာပေါင်းစုံ ရှင်သန်ရပ်တည်နိုင်ရေး အတွက် မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ ချောမွေ့ အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အမုန်းတရားများ တားဆီးကာကွယ်ရေးအပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များ၊ ငွေကြေးပေးသုံးမှုကိစ္စရပ်များ၊ စာချုပ်များပြင်ဆင်ရေးကိစ္စရပ်များ၊ ရှမ်းပြည်နယ် ဂုတ်တွင်း၌ ချယ်ရီ FM ထုတ်လွှင့်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ္တညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဇေယျာမင်းက ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေး ၅/၂၀၁၉ ၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စက်မှုဌာနခွဲနှင့် စီမံခန့်ခွဲရေးဌာနခွဲတို့မှ တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် FM ရေဒီယို အသံလွှင့်လုပ်ငန်းများနှင့် ရုပ်မြင်သံကြားထုတ်လွှင့်သည့် ကုမ္ပဏီများမှ တာဝန်ရှိ သူများက ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို(၁)အတွင်း လှည့်လည်ကြည့်ရှုသည်။


သတင်းစဉ်

No comments:

Post a Comment