Sunday, October 20, 2019

ဒုတိယဝန်ကြီး ဦးအောင်ထူး ဂျပန်မူပိုင်ခွင့်ရှေ့နေများ အစည်းအရုံးနှင့် ဂျပန်ဉာဏပစ္စည်းဥစ္စာပိုင်ဆိုင်မှုအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး



နေပြည်တော် အောက်တိုဘာ ၁၉




စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးသည် ဂျပန်မူပိုင်ခွင့်ရှေ့နေများ အစည်းအရုံး(JPAA)မှ ဥက္ကဋ္ဌ Mr. Yoshihiro Shimizu နှင့် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ တွေ့ဆုံ သည်။
တွေ့ဆုံစဉ် အသင်း၏ ဖွဲ့စည်းမှု၊ တီထွင်မှုနှင့် မူပိုင်ခွင့် ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၌ မူပိုင်ခွင့်အသင်း‌ ဖွဲ့စည်းထားမှုများနှင့် နှစ်နိုင်ငံအသင်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ညှိနှိုင်း ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဂျပန်ဉာဏပစ္စည်း ဥစ္စာပိုင်ဆိုင်မှုအသင်း(JIPA)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြီး JIPA ၏ ဆောင်ရွက်နေမှုများ၊ ပစ္စည်းအတုအပများ အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများကို ဆွေးနွေး ခဲ့သည်။
ဂျပန်ဉာဏပစ္စည်းဥစ္စာပိုင်ဆိုင်မှုအသင်း(JIPA)သည် ဂျပန်နိုင်ငံရှိ Honda, Yonex နှင့် Toshiba အစရှိသည့် နာမည်ကျော် ကုန်ပစ္စည်းအမှတ်တံဆိပ် ကုမ္ပဏီများ ပါဝင်သည့်အသင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment