Wednesday, October 23, 2019

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ရေးသားနိုင်ရေး အကြံပြုညှိနှိုင်းအစည်းအဝေး ကျင်းပ




Image may contain: 4 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၂



 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ရေးသားနိုင်ရေး အကြံပြုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် I-20 ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင် တက်ရောက်၍ အမှာ စကားပြောကြားသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးအေးသာ အောင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်း ပဋိပက္ခနှင့် ပတ်သက်၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ အချက်အလက်များကို ရယူခဲ့ပါကြောင်း၊ ရယူခဲ့ သည့် အချက်အလက်များအပေါ်တွင် အခြေခံ၍ အတွင်း ရေးမှူးကို အစီရင်ခံစာမူကြမ်းရေးသားရန်အတွက် တာဝန် ပေးခဲ့ပါကြောင်း၊ ထိုမူကြမ်းကို ယနေ့အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပါကြောင်း၊ ထိုမူကြမ်းကို ကော်မတီဝင်များ အနေဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်စရာရှိပါ က ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်နိုင်ပါကြောင်း၊ ကော်မတီ ဝင်များ ပြင်ဆင်ဖြည့်စွက်ခဲ့သည့် ဒုတိယမူကြမ်းကို ရေးဆွဲ ပြီး ထပ်မံအစည်းအဝေးခေါ်ယူ၍ တတိယမူကြမ်းကို ပြင်ဆင်မည်ဖြစ်ပါကြောင်း၊ တတိယမူကြမ်းကို အချော ရရှိပါက အတည်ပြုပြီး ကော်မတီဝင်များအားလုံး လက်မှတ် ရေးထိုး၍ အစီရင်ခံစာကို တင်သွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့် က အစီရင်ခံစာမူကြမ်းအား တစ်ပိုဒ်ချင်းစီ ပရိုဂျက်တာ ဖြင့် ရှင်းလင်းပြသသည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များက အဆိုပါမူကြမ်း အား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည့် အချက်တို့ကိုဆွေးနွေးသုံးသပ်ခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က နိဂုံးချုပ်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေး အထောက်အကူပြု ကော်မတီဒုတိယဥက္ကဋ္ဌ(၁) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဥက္ကဋ္ဌ (၂) ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေး‌မောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါက်တာ ညီလှငယ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ တို့ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment