Thursday, October 24, 2019

လူသားတို့နှင့် ကမ္ဘာလုံးဆိုင်ရာပြဿနာ


မြန်မာ့အလင်းအယ်ဒီတာအာဘော်



ယခုနှစ်တွင် ကမ္ဘာကြီးပေါ်တွင် လူဦးရေ ၇ ဒသမ ၇ ဘီလီယံကျော် (သန်းပေါင်း ခုနစ်ထောင့်ခုနစ်ရာကျော်) ရှိသွားပြီဟု ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၁၉၈၀-၂၀၁၅ ကာလအတွင်း အကြမ်းဖျင်းခန့်မှန်းတွက်ချက်မှုများအရ ငါးနှစ်လျှင် လူဦးရေသန်း ၄၀ဝ ခန့်တိုးလာ၏။ ၂၀၁၅-၂၀၁၉ အတွင်းတွင် တစ်နှစ် လျှင် သန်း ၁၀၀ နီးပါး တိုးပွားလာသည်ကို တွေ့ရပါသည်။
ထိုသို့သော လူဦးရေတိုးတက်မှုကိုအခြေခံ၍ ခန့်မှန်းတွက်ဆမှုအရ ၂၀၂၃ တွင် သန်းပေါင်း ရှစ်ထောင်၊ ၂၀၃၇ တွင် သန်းပေါင်း ကိုးထောင်၊ နောက်နှစ် ၄၀ ခန့် ၂၀၅၇ တွင် ကမ္ဘာ့လူဦးရေမှာ သန်းပေါင်းတစ်သောင်း အထိ ရောက်ရှိလာလိမ့်မည်ဟု တွက်ချက်ထားပါသည်။
ယခုလက်ရှိတွင် လူဦးရေအများဆုံးမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ဖြစ်၏။ တရုတ်နိုင်ငံတွင် လူဦးရေသန်းပေါင်း ၁၄၃၀ ကျော်ရှိပြီး အိန္ဒိယနိုင်ငံတွင် သန်းပေါင်း ၁၃၇၀ ကျော်ရှိနေသည်။ အိန္ဒိယနိုင်ငံ၏ လူဦးရေတိုးပွားမှုနှုန်းက ပိုမိုမြန်ဆန်နေသည့်အတွက် မကြာမီကာလ တွင် အိန္ဒိယနိုင်ငံက လူဦးရေပိုမိုများပြားလာဖွယ်ရာရှိနေသည်။
ယခုကဲ့သို့သော ကမ္ဘာ့လူဦးရေ တိုးပွားပေါက်ကွဲမှုနှုန်းက အထူး များပြားလာနေသည်ကြောင့် တွေ့ကြုံရမည့် ပြဿနာများ၊ အခက်အခဲ များကလည်း စောင့်ကြိုနေသည်ဖြစ်ပါ၏။ ဦးဆုံးအနေဖြင့် သောက်သုံး ရေနှင့် အစားအစာမလောက်ငမှုက အကြီးမားဆုံး အကျပ်အတည်းဖြစ် လာနိုင်သည်ဟု ပညာရှင်တို့က ဆိုကြ၏။ အစားအသောက်ထုတ်လုပ်မှုနှင့် ရေရရှိနိုင်မှုထက် လူဦးရေတိုးပွားမှုက ပိုမိုမြန်ဆန်နေသည်ဟု ဆိုပါသည်။
ထို့ပြင် သဘာဝသယံဇာတနှင့် စွမ်းအားအရင်းအမြစ်များကို သုံးစွဲ မှုကလည်း လူဦးရေတိုးပွားမှုနှုန်းကို အမီမလိုက်နိုင်။ အခြားတစ်ဖက် တွင် လူတို့က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့်လုပ်ရပ် များက ခုထိတိုင် များပြားနေဆဲဖြစ်သည်။ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုသည်ကို အမှန်တကယ်လိုက်နာဆောင်ရွက်သည်က များစွာအရှိန်နည်းပါးနေဆဲဖြစ်၏။
လူတို့၏ နေထိုင်သည့် ခေတ်သစ်ပုံစံနှင့် သဘာဝအရ မြေထု၊ ရေထု၊ လေထုအတွင်းသို့ ရောက်ရှိလာမည့် ညစ်ညမ်းမှုများကလည်း များစွာ တိုးမြင့်လာပေဦးမည်။
၂၀၁၄ ခုနှစ် ကာလများက သိပ္ပံပညာရှင်များ၏ အတွက်အဆ များတွင် ကမ္ဘာကြီး၏ လူဦးရေဆိုင်ရာ ခံနိုင်ရည်ရှိမှုကို အမျိုးမျိုး တွက်ကြသည်။ ထိုတွက်ချက်မှုများအရဆိုလျှင် ဤကမ္ဘာကြီးက လူဦးရေ သန်းပေါင်းတစ်သောင်းသည် အမြင့်ဆုံး ခံနိုင်ရည်ရှိမည့် အရေအတွက် ဖြစ်နိုင်သည်ဟူ၏။ နောက်နှစ် ၄၀ ခန့်အကြာတွင် အမြင့်ဆုံးခံနိုင်ရည်ကို ရောက်ပြီဟု ခန့်မှန်းထားခြင်းဖြစ်လေရာ ကမ္ဘာ့ လူသားတို့ အကျပ်အတည်းအခက်အခဲများကြားတွင် အလွန်အကျူး မခံစားရရေးသည် အရေးကြီးသည့်ပြဿနာ ဖြစ်လာနေပြီ။
ဤသည်ကို ဖြေရှင်းနိုင်ရန်မှာ ယနေ့ရှင်သန်နေသည့် လူသား အားလုံးက ပြဿနာကို ပြဿနာအဖြစ် နားလည်မှုရှိကြရေးက ပထမဆုံး လိုအပ်ချက်ဖြစ်ပါမည်။ ထိုသို့ နားလည်သဘောပေါက်ကြပြီး သည့်နောက်တွင် လူတစ်ဦးချင်းစီက သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ရေးတွင် အလေးဂရုပြု ပါဝင်ဆောင်ရွက်နိုင်ကြဖို့လိုသလို ကမ္ဘာတစ်ခု လုံးနှင့် ခြုံငုံရှုမြင်ကာ အမြင်ကျယ်ကျယ် အတွေးနက်နက်ဖြင့် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ကြရန်လည်း လိုပါမည်။
စစ်ပွဲများရပ်ဆိုင်းနိုင်ရေး၊ ငြိမ်းချမ်းရေးအမြင်၊ မေတ္တာလွှမ်းခြုံ သောအမြင်တို့ဖြင့် လူအချင်းချင်း ချစ်ကြည်စွာဆက်ဆံနိုင်ကြရေး တို့လည်း အမှန်တကယ်လိုအပ်ပါမည်။
အနာဂတ်မျိုးဆက်ဟူသည် ယနေ့လူသားတို့၏ သားသမီးမြေးမြစ် များသာဖြစ်ပြီး ဤမျိုးဆက်၏ အနာဂတ်မှာ ယနေ့ လူသားတို့၏လက်ထဲ တွင် လုံးလုံးလျားလျား မူတည်နေပါသည်။ ယနေ့မျိုးဆက်တို့ ရှင်သန် နေထိုင်ကြမည့် အချိန်ကာလအတွင်းမှာပင် လူဦးရေ တိုးပွားပေါက်ကွဲ မှု၏ ပြဿနာအရပ်ရပ်ကို စတင်တွေ့မြင်ကြရတော့မည်ကဲ့သို့လည်း ဖြစ်နေသည်ကို သတိပြုသင့်ကြပြီ။
ကမ္ဘာလုံးဆိုင်ရာ ပြဿနာဆိုသည်မှာ မည်သူမျှ၊ မည်သို့မျှ ရှောင်လွှဲ၍ရမည် မဟုတ်သကဲ့သို့ တကယ်တမ်းကြုံတွေ့လာပြီဆိုလျှင် လည်း မိမိတို့လက်ထဲတွင်ရှိနေသည်ဆိုသော၊ သို့မဟုတ် မိမိတို့ ရှာဖွေ စုဆောင်းနေကြသော ငွေကြေးဓနဥစ္စာ လောကီစည်းစိမ်ချမ်းသာ အားလုံးမှာ အဓိပ္ပာယ်မဲ့ဖြစ်ချေမည်ဆိုခြင်းကို နားလည်ကြရင်း မိမိတို့၏ ကမ္ဘာကြီးတစ်ခုလုံးနှင့် သက်ဆိုင်သော ပြဿနာများကို ဝိုင်းဝန်း စဉ်းစား ပါဝင်ကြဖို့လိုမည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment