Wednesday, October 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်



Image may contain: 12 people, people smiling, suit
တိုကျို အောက်တိုဘာ ၂၂




ဂျပန်နိုင်ငံ တိုကျိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည် ရေးအသင်းဥက္ကဋ္ဌ Mr. Ichiro Aisawa အား ယနေ့ နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် The Imperial Hotel ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ သီလဝါစက်မှုဇုန်အပါအဝင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတွင် ပါဝင်အထောက် အကူပြုရေး၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်း မှ ဦးစီး၍ မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် ချယ်ရီပင်များ စိုက်ပျိုးခဲ့သည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck နှင့် ခေတ္တတည်းခိုသည့် The Imperial Hotel ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ထိန်းသိမ်းရေးကိစ္စရပ် များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက် ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်တို့ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် တိုကျိုမြို့ ဘုရင့် နန်းတော်၌ ကျင်းပသည့် ဂျပန် ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ထီးနန်းတက်ပွဲ အခမ်းအနားတွင် ဂျပန်ဧကရာဇ် နာရူဟီတိုက မိန့်ခွန်း ပြောကြားပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ဝမ်းမြောက် ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် မိဖုရား မာဆာကိုတို့အား ချီးမွမ်းထောမနာ ပြုကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန် ဧကရာဇ်နှင့် မိဖုရားတို့က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
ရင်းရင်းနှီးနှီးကြိုဆို
ညစာစားပွဲသို့ တက်ရောက်လာ သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတကာမှ နိုင်ငံ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီး အကဲများ၊ အဆင့်မြင့် ကိုယ်စားလှယ် များကို ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘုရင့် ဆွေတော်မျိုး‌တော်များနှင့် တွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး ညစာ စားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံပေါင်း ၁၅၃ နိုင်ငံမှ နိုင်ငံ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီး အကဲများ၊ အဆင့်မြင့်ကိုယ်စားလှယ် များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်သည်။ သတင်းစဉ်

No comments:

Post a Comment