Sunday, October 20, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇၉ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြား




Image may contain: 5 people, table and indoor
ရန်ကုန် အောက်တိုဘာ ၁၉




ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အကြိမ်(၃၀)မြောက် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ ၌ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာ စကားပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင် ထူးနှင့် ဦးဝင်းမော်ထွန်း၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယ မြို့တော်ဝန်နှင့် တွဲဖက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲ များကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်များ၏ အခက် အခဲများကို ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိရာ ပြီးခဲ့သည့် (၂၉)ကြိမ် မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက် အခဲ အကြံပြုတင်ပြချက် စုစုပေါင်း (၃၅၈)ချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်း ပြန်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ ပြန်ကြားချက်များတွင် လုံးဝ ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ သည်များရှိသကဲ့သို့ ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့် အကြံပြုတင်ပြချက် (၅၀) ချက်ရှိသည် ကို တွေ့ရှိရပါကြောင်း၊ ယင်းအကြံပြု တင်ပြချက် (၅၀ )တွင် (၂၄ )ချက်မှာ ခွင့်ပြုပေးနိုင်သည့် အနေအထားရှိ ပြီး (၅)ချက်မှာ မူဝါဒနှင့်ကိုက်ညီမှု မရှိသည့်အတွက် ခွင့်ပြုပေး၍ မပါကြောင်း၊ ကျန်(၂၁) ချက်တွင် ဆောင်ရွက်ဆဲ (၂)ချက်နှင့် ဆက်လက် ဆောင်ရွက်ရမည့် (၁၉)ချက် ရှိပါ ကြောင်း၊ ပြီးပြတ်အောင် ဆောင်ရွက် ပေးနိုင်ခြင်းမရှိသေးသည့် လုပ်ငန်း များကိုလည်း လုပ်ငန်းကော်မတီ (၅)ရပ်အနေဖြင့် Public Private Dialogue များပြုလုပ်၍ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကုန်သွယ်မှုပမာဏ
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သည့် နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင် တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃ ဘီလီယံ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် လျာထားချက်ထက် အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၈၇၉ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၎င်း ကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၃၀၉ ဘီလီယံ ပါဝင်သည့် အတွက် ၈၄ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါ ကြောင်း။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု များအနေဖြင့် လုပ်ငန်းအရေအတွက် ၁၃၁၅ ခုရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၁၄ ဘီလီယံ အပါအဝင် ‌ငွေကျပ် ၁၇,၇၇၂ ဒသမ ၆၈၆ ဘီလီယံဖြစ်ပါကြောင်း။
ဖမ်းဆီးအရေးယူမှု
နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှု ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်ပေးရန် တင်ပြလာမှုအပေါ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ် ကိုးခုတွင် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီး အရေးယူမှု (၉၇၄) ကြိမ်၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ” ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်း ခဲ့ပြီးဖြစ်ရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အညွှန်းကိန်းများ အပေါ် အခြေခံပြီး လုပ်ငန်းကော်မတီ များ၊ ဆပ်ကော်မတီများ၊ အထူး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲနိုင်ရေး ဆောင် ရွက်လျက်ရှိနေပြီဖြစ်ပါကြောင်း။
သိသာသောတိုးတက်မှု
ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန် သည့် Doing Business 2020 အစီရင်ခံစာတွင် တိုးတက်မှုအဖြစ် ဖော်ပြနိုင်သော ပြုပြင်ပြောင်းလဲမှု အကောင်းဆုံးနိုင်ငံ ၂၀ တွင် မြန်မာ နိုင်ငံပါဝင်သည်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ ဘဏ်၏ Doing Business Website ၌ ဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံ ၏ စီးပွားရေးဝန်းကျင် တိုးတက် ကောင်းမွန်စေရန်အတွက် လုပ်ငန်း နယ်ပယ်(၅)ရပ်ဖြစ်သည့် ဆောက် လုပ်ခွင့်ရယူခြင်း၊ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ ပိုင်ဆိုင်မှု မှတ်ပုံတင် ခြင်း၊ ပဋိညာဉ်အတည်ပြု ဆောင်ရွက် ခြင်းနှင့် အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်းတို့သည် သိသာသော တိုးတက်ပြုပြင်ပြောင်းလဲ မှုများကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ဟု အဆိုပါ Website တွင် ဖော်ပြထားရာ မြန်မာနိုင်ငံအတွက် ထူးခြားသည့် ရလဒ်ကောင်းတစ်ခု ဖြစ်ပါကြောင်း၊ Doing Business 2020 အစီရင်ခံစာ ကို အောက်တိုဘာ(၂၄)ရက်တွင် ထုတ်ပြန်မည်ဟု သိရှိရပါကြောင်း၊ တချို့ ပြုပြင်ပြောင်းလဲထားသည့် အချက်များသည် လက်ရှိတွင် အမှတ် အနေဖြင့် ထည့်သွင်းတွက်ချက်ထား ခြင်းမရှိသော်လည်း စောင့်ကြည့် သည့် အခြေအနေတွင် ရှိနေပါ ကြောင်း၊ နိုင်ငံတော်အစိုးရက ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ပေးနေ သော်လည်း ပုဂ္ဂလိကကဏ္ဍက ချက်ချင်းမသိသည့်အခါတွင် တုံ့ပြန် ချက်များက မပြောင်းလဲသေးဘဲ ဖြစ်နေသည့်အတွက် အမှတ်မရနိုင် သေးခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် Doing Business လုပ်ငန်းစဉ်များ ပို၍လွယ်ကူတိုးတက်အောင် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ပြုပြင်ပြောင်းလဲမှုများ
2021 Ease of Doing Business Ranking တိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်စပ်သည့် ဌာနများအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ မူဝါဒများကိုခေတ်နှင့် လျော်ညီစွာ ပြုပြင်ပြောင်းလဲပေးခြင်း၊ လုပ်ငန်းများ လျင်မြန်ချောမွေ့စေ ရေးအတွက် ခေတ်မီနည်းပညာများ ကို အသုံးပြု၍ ပြုပြင်ပြောင်းလဲခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ် ချက်များချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများကို ဌာန ဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံးက ကျယ်ပြန့်စွာသိရှိ နားလည်ရန် လိုအပ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကတို့ပူးပေါင်းမှု ပိုမို အားကောင်းမှသာ လုပ်ဆောင်ချက် များသည် အောင်မြင်နိုင်မည်ဖြစ်ပါ ကြောင်း၊ “စီးပွားရေးလုပ်ငန်းရှင် များ”၊ “ဝင်ငွေနည်းပြည်သူများ” နှင့် “အစိုးရ” သုံးဦးသုံးဖလှယ် အကျိုး ဖြစ်ထွန်းစေမည့် အများပါဝင် အကျိုး ခံစားနိုင်သော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ နိုင်ငံ၏ စီးပွားရေး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှတစ်ဆင့် အထောက် အပံ့ဖြစ်စေနိုင်ရေးအတွက် နိုင်ငံ အတွင်းတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမို များပြားလာစေရေးကို ဦးတည် ဆောင်ရွက်သွားကြရန် ပြောကြားလို ပါကြောင်း။
ပွင့်ပွင့်လင်းလင်းဆွေးနွေး
ယနေ့ ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးမည့် အသင်းအဖွဲ့များအနေ ဖြင့်လည်း ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်လာကြသည့် အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသည့် အခက်အခဲများ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်၊ သွင်းကုန်ဥပဒေများ၊ မူဝါဒ များနှင့် စည်းမျဉ်းစည်းကမ်းများကို ခေတ်နှင့်လျော်ညီစွာ ဖြစ်စေရေး အတွက် ဆောင်ရွက်နေမှုအခြေအနေ များ၊ ပို့ကုန် မြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းက ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ စီးပွားရေးဝန်းကျင် ကောင်းမွန်စေ ရေးအတွက် ဆောင်ရွက်နေမှုအခြေ အနေများ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရေးအတွက် ဆောင် ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်တိုးနန္ဒာတင်နှင့် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်၊ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဇော်ထိုက် အေးနှင့် တွဲဖက်အတွင်းရေးမှူး ဒေါက်တာကျော်ကျော်အောင်တို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် တွေ့ကြုံနေရသည့် အခက် အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment