Thursday, October 24, 2019

မြန်မာနိုင်ငံအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူ၏ တစ်ဖက်သတ်စွပ်စွဲမှုများကို ပြင်းထန်စွာပယ်ချပြီး အချက်အလက်ရှာဖွေရေးအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့၏ အစီရင်ခံစာများအား ပယ်ချ




Image may contain: 1 person
နေပြည်‌တော် အောက်တိုဘာ ၂၃




ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီ၊ ယခင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာ မာဇူကီ ဒါရူစမန်တို့နှင့် သီးခြားစီ ပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှုများတွင် ၎င်းတို့၏ ဆွေးနွေး မှုများအပေါ် တုံ့ပြန်မိန့်ခွန်းများ ပြောကြားခဲ့သည်။
(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ)၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ဘာသာရပ်ဆိုင်ရာ အစည်းအဝေး များကို ၂၂-၁၀-၂၀၁၉ ရက်နေ့တွင် ဆက်လက်ပြုလုပ်လျက်ရှိပါသည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် ယခင် မြန်မာနိုင်ငံဆိုင်ရာအချက်အလက် ရှာဖွေရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူတို့က ဆွေးနွေးမှုများကို အသီးသီးပြုလုပ် ခဲ့ကြသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က မစ္စ ယန်ဟီလီ၏ ဆွေးနွေးမှုများ နှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီမှ အပ်နှင်းထားသည့် လွတ်လပ်သည့် လုပ်ပိုင်ခွင့်တာဝန်ရှိသူများနှင့် ယန္တရား များအနေဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် လွတ်လပ်မှု၊ သမာသမတ်ကျမှုနှင့် ပညာရှင်ဆန်သည့် ဂုဏ်သိက္ခာရှိမှုတို့ကို မြဲမြံစွာ ကျင့်ကြံရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဆိုသည့် မြင့်မြတ်သည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ရာတွင် စံနှုန်းနှစ်ခုကျင့်သုံးခြင်း၊ နိုင်ငံရေးအရခုတုံးလုပ်ခြင်းနှင့် နိုင်ငံတစ်နိုင်ငံ အား ပစ်မှတ်ထား ရွေးချယ်ထိုးနှက်ခြင်း စသည့်အလေ့အကျင့်များက မည်သို့မျှ အထောက်အကူပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် နှစ်ပေါင်းသုံးဆယ်ကျော် စိတ်ရင်း မှန်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံ တစ်နိုင်ငံအား ပစ်မှတ်ထားသည့် အဆိုဆုံးဖြတ်ချက်များ၊ မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများမှ သွေဖည်ပြီး သမာသမတ်မကျသည့် လုပ်ဆောင် မှုများဖြင့် နိုင်ငံရေးအရ ဖိအားပေးအသုံးချရန် ရည်ရွယ်ထားသည့် ယန္တရား များသာ တိုးပွားလာနေကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က အထူးအစီရင်ခံစာတင်သွင်းသူ အနေဖြင့် သူမ၏ တာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြောကြားချက်များသည် သမာသမတ်မကျ၊ ဓမ္မဓိဋ္ဌာန်မကျဘဲ မြန်မာပြည်သူများ၏ ခံစားချက်နှင့် စိတ်ရင်းမှန်များကို အမြဲလျစ်လျူရှုလျက်ရှိကြောင်း၊ ယင်းလုပ်ရပ်များကြောင့် အသိုက်အဝန်း အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအတွင်း အချင်းချင်းသဘောထား ကွဲပြားမှု၊ ယုံကြည်မှုကင်းမဲ့လာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည့်အတွက် မိမိတို့ အနေဖြင့် သူမ၏ လုပ်ရပ်များအပေါ် အထူးစိုးရိမ်မိကြောင်း ၊ မစ္စ ယန်ဟီလီ၏ အစီရင်ခံစာတွင် ဖော်ပြထားသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ များသည် ဆက်လက်ပြီး ဆိုးရွားဆုတ်ယုတ်လျက်ရှိသည်ဆိုသည့် ခြုံငုံ သုံးသပ်ချက်နှင့်ပတ်သက်ပြီး များစွာ စိတ်ပျက်မိကြောင်းဖြင့် ပြောကြား ခဲ့သည်။
ထို့နောက် အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုဖြစ်စဉ်၊ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ လူ့အခွင့် အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ စသည့် တိုးတက်မှု များအား အစည်းအဝေးသို့ ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဒါရုစမန်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး တုံ့ပြန်ဆွေးနွေးရာတွင် မြန်မာ နိုင်ငံအနေဖြင့် ယင်းအချက်အလက်ရှာဖွေရေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများကို ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ထို့အတူ အချက်အလက်ရှာဖွေရေးအဖွဲ့ သက်တမ်းကုန်ဆုံးသည့်နောက် ဆက်လက် တာဝန်ယူဆောင်ရွက်မည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့် Independent Investigative Mechanism (IIM) ကိုလည်း လက်မခံကန့်ကွက် ကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ယန္တရားဆိုသည်မှာ ခွဲခြားဆက်ဆံမှုအလေ့ကို အခြေခံလျက် နိုင်ငံတစ်နိုင်ငံအား စိစစ်စုံစမ်းမှုပြုလုပ်ရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့် အရေးကောင်စီတို့၏ လုပ်ထုံးလုပ်နည်းများမှ သွေဖည်ပြီး လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုသာဖြစ်ကြောင်းဖြင့် ပြောကြားသွား သည်။
ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများသည် ဇာတ်ကြောင်းပြန်ဆိုပြောကြားမှုများအပေါ် အခြေခံ ထားကြောင်း၊ အထောက်အထားမဲ့ ရေးသားထားပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့ များကို ရာဇဝတ်မှုကျူးလွန်သူများအဖြစ် ပုံဖော်ထားသော်လည်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် ARSA မှ လုံခြုံရေးကင်းစခန်းများအား ဝင်ရောက်တိုက်ခိုက်မှုများနှင့် ယင်းတို့၏ အကျိုးဆက်များအဖြစ် ယခုကြုံတွေ့နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများဖြစ်ပေါ်လာရခြင်းကို ထည့်သွင်းပြောကြားခြင်းမရှိဘဲ ရည်ရွယ် ချက်ရှိရှိ လျစ်လျူရှုထားခဲ့ကြောင်း၊ သက်သေအထောက်အထား အထင်အရှား ရှိသည့် ရခိုင်ပြည်နယ်အတွင်း ဟိန္ဒူများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခြင်းခံရမှုများကို တစ်ကြိမ်တစ်ခါ မျှပင် ရှုတ်ချပြောဆိုမှုမျိုးမရှိခဲ့ကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားဘက်ခြမ်းရှိ ဒုက္ခသည်စခန်း များအတွင်း လုံခြုံရေးအခြေအနေများနှင့် ပတ်သက်ပြီး ARSA အနေဖြင့် စခန်းများအတွင်း ခြိမ်းခြောက်မှုများ ပြုလုပ်နေမှုများကို အမြန်ဆုံးအရေးယူ ဆောင်ရွက်သွားရန် အရေးကြီးကြောင်းကိုလည်း ထောက်ပြပြောကြား ခဲ့သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူဝါဒများအား အလေးအနက်ထားလျက် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်လျက်ရှိကြောင်း၊ သို့ရာတွင် ရခိုင်ဒေသအရေးကိစ္စနှင့် ပတ်သက် ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တစ်ဖက်သတ်ဆောင်ရွက်နေသည် ဟု ပြည်သူများအကြား ခံစားမှုများ ပိုမိုကြီးထွားလာနေကြောင်း၊ သို့သော် လည်း ယခု ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား တန်ပြန်ရင်ဆိုင်ရာတွင် မိမိ တို့နှင့်အတူ ရပ်တည်ပေးနေသည့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေကောင်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ရင်ဆိုင်နေရသည့် အခက်အခဲများကို မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ၏ အင်အားနှင့် ညီညွတ်မှုကို အခြေခံပြီး ဖြေရှင်းကျော်လွှားသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့သည်။ သတင်းစဉ်

No comments:

Post a Comment