Friday, September 6, 2019

တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးရန် အလေးထားဆောင်ရွက်လျက်ရှိ
No photo description available.
နေပြည်တော် စက်တင်ဘာ ၅
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ (၁)ခု ဖတ်ကြားခြင်းနှင့် အဆို(၁)ခုဆွေးနွေး၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ အချိန်မီရရှိရေး စီစဉ်ဆောင် ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးမေးမြန်းထားသည့်အတိုင်း
၂၀၁၉ ခုနှစ် မိုးချေးငွေများ ထုတ်ချေးနေစဉ်ကာလအတွင်း ကျောက်တော်မြို့နယ် တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည် ကို ကြုံတွေ့ခဲ့ရပါကြောင်း၊ တောင်သူ လယ်သမားများ၏ ချေးငွေလျှောက်လွှာ များကို စိစစ်ထောက်ခံပေးရသည့် ရပ်ကွက်^ကျေးရွာအုပ်စု ချေးငွေစိစစ်ရေး အဖွဲ့၏ ဥက္ကဋ္ဌသည် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဖြစ်သည့် အတွက် အဆိုပါအခြေ အနေအရ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမှု အခိုက် အတန့် ဆိုင်းငံ့သွားခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးများ စီစဉ်ပေးချက်အရ ရပ်မိရပ်ဖတစ်ဦးကို အုပ်ချုပ်ရေးမှူးနေရာတွင် တာဝန်ယူ လက်မှတ်ရေးထိုးစေပြီး ချေးငွေလုပ်ငန်းများ အဆင်ပြေစွာ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးရန် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ ၍ ကျောက်တော်မြို့နယ်၏ ချေးငွေထုတ်ချေးခြင်းလုပ်ငန်းများကို မြို့နယ် ချေးငွေအကြံပေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အဆိုပါနည်းလမ်းအတိုင်း ဆက်လက် အရှိန်မပြတ် ဆောင်ရွက်သွားရန် òန်ကြားထားရှိပြီးဖြစ်ပါကြောင်းနှင့် မိုးချေးငွေ ထုတ်ချေးခြင်းကာလဖြစ်သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အတွင်း အချိန်မီ ဆက်လက်ထုတ်ချေးပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မိုးညှင်းဒီဂရီကောလိပ်အား တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ မိုးညှင်း ဒီဂရီကောလိပ်အား တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မိုးညှင်းဒီဂရီကောလိပ်အား တက္ကသိုလ် အဆင့်အဖြစ် တိုးမြှင့်ဆောင်ရွက်ရာတွင် လိုအပ်သည့်အချက်အလက်များ ဖြစ်သော အဆိုပြုဖွဲ့စည်းပုံ၊ ဒေသရှိလူဦးရေစာရင်း၊ တက်ရောက်နေသည့် နေ့ကျောင်းသား၊ နောင်လာမည့်နှစ် များတွင် တက်ရောက်နိုင်မည့် ဦးရေခန့်မှန်း ချက်၊ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်မည့်နယ်မြေ အလိုက် Mapping စသည့် အချက်အလက်များကို ပြုစုဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်မှုပြီးစီးသွားပါက လုပ်ထုံး လုပ်နည်းနှင့်အညီ တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်သည် တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ပါးဆုံးအဖြစ် ငါးနှစ်ဆက်တိုက် ရပ်တည် နေရသည့် အကြောင်းအရင်းများကို သိရှိလိုခြင်းနှင့် လာမည့် ၂၀၂၀ ခုနှစ်တွင် အောင်ချက်မြင့်တက်လာစေရန် မည်သို့စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိ လိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းက အောင်ချက်နည်းရခြင်း အကြောင်း တရားများစွာရှိပါကြောင်း၊ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် အစီရင်ခံစာအရ အောင်ချက်နိမ့်ပါးမှု ရာခိုင်နှုန်းနည်းလာပါကြောင်း၊ ထို့ပြင် ဖြေဆိုသူဦးရေသည် တစ်နှစ်တခြား တိုးတက်လာသကဲ့သို့ အောင်မြင် သူဦးရေလည်း တိုးတက်လာပါကြောင်း၊ ထို့ပြင် ပြည်နယ်အတွင်းရှိ ကျောင်းတစ်ကျောင်းချင်း၊ စာစစ်ဌာန တစ်ခုချင်းနှင့် တစ်ဘာသာချင်းကို အသေးစိတ်စာရင်းကောက်ခံထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် အောင်ချက်နည်းရခြင်းအကြောင်းကို သေချာစွာ ပြုစုဆောင်ရွက် ပြီး ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်၏ အောင်ချက်မြင့်မားရေးအတွက် လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ပြီး တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး ကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ဆရာ၊ ကျောင်းသားအချိုးများ၊ သင်ကြားရေးဝန်ထမ်းများကို တစ်နှစ်ထက် တစ်နှစ် ပြည့်စုံအောင် ပိုမိုခန့်ထားပေးခြင်း၊ လိုအပ်သည့်သင်တန်းများ ပို့ချ ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော် သောင်း၏ ပင်စင်တစ်စိတ်တစ်ပိုင်း လဲလှယ်ထုတ်ယူခဲ့ကြသည့် ပင်စင်စားကြီး များ၏ ထုတ်ယူရရှိငွေကို နှစ်ပေါင်းများစွာ ဆက်လက်ခုနှိမ် ဖြတ်တောက်ခံနေ ရခြင်းကိစ္စကို ပယ်ဖျက်ခွင့်ပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ^မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများသည် ဘဏ္ဍာငွေမည်မျှအထိ သုံးစွဲကူညီပေးနိုင်သည်နှင့် မည်သို့ စီမံခန့်ခွဲပေးနေ သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက လည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာလမ်းဆုံတွင် တပ်ဆင်ထားသော မီးပွိုင့် သည် စတင်တပ်ဆင်သည့်အချိန်မှစ၍ ယနေ့အထိ အသုံးပြုနိုင်ခြင်းမရှိဘဲ ဖြစ်နေခြင်းအား မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်း နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော မင်္ဂလာဒုံ မြို့နယ်၊ ပျဉ်းမပင်ရှိ သစ်ပင်ပန်းမန်ဌာန ဝန်ထမ်းအိမ်ရာအား မည်ကဲ့သို့ အသုံးပြုမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းကလည်းကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် မြို့နယ် ပညာရေးမှူးရုံးအား RCC (2)ထပ်ဆောင် ဆောက်လုပ်ပေးနိုင်ရေးအတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင် ကြည်ညွန့်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က အဆိုပါပြင်ဆင်ချက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့်
ကျောင်းသား ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲ အကောင်အထည် ဖော်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို ဆက်လက်ဆွေးနွေး
ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ်အသီးသီး တွင် အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ် များ ရေးဆွဲ အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ်များက ဆက်လက် ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်သောင်းက အဆိုကို အလေးထား အသိ အမှတ်ပြုပါကြောင်း၊ သို့သော် မိမိတို့နိုင်ငံအနေဖြင့် ယခုကာလတွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်စေရန် အစိုးရနှင့် ပြည်သူဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်ကာလဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရအနေ ဖြင့် မလုပ်မဖြစ် လုပ်ဆောင်ရမည့် တိုင်းပြည်နှင့် ပြည်သူများ၏ လိုအပ်ချက်များ ကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးနေရပါကြောင်း၊ ထိုကဲ့သို့ တိုင်းပြည်၏ ဖွံ့ဖြိုးမှုအတွက် ကြိုးစားဆောင်ရွက်နေသည့်အချိန်တွင် အာမခံချက်မရှိဘဲ ငွေချေးပေးမည်ဆိုပါက အစိုးရဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ ငွေချေးပေးသူမှာ အခက်အခဲများစွာ ကြုံတွေ့စေမည်ဖြစ်သကဲ့သို့ မလိုလားအပ်သည့် ပြဿနာ များ ကြုံတွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အဆိုကို ယခုအချိန် တွင် ဆောင်ရွက်ရန် မသင့်ဟုယူဆပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနက ပေးအပ်နေသည့် ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုကို ယခုပေးနေသည့် ကျောင်းသားအရေအတွက် ရာခိုင်နှုန်းထက် ပိုမိုပေးရန် တောင်းဆိုခြင်းက သင့်လျော်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက ပညာရေးဆိုင်ရာ ထောက်ပံ့ကြေး၊ ပညာသင်ဆုအစီအစဉ်များသည် များစွာနည်းပါးနေသည့် အတွက် ပညာရေးဆိုင်ရာ ချေးငွေများ ထုတ်ချေး ပေးနိုင်ရန် အဆိုတွင် ပါရှိပါ ကြောင်း၊ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသည်မှာ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဆိုင်ရာချေးငွေထုတ်ပေးခြင်းထက် ထောက်ပံ့ကြေးများနှင့် ပညာသင် ဆုများကို ယခုထက် ပိုမိုစဉ်းစားဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပိုမိုသင့်တော် မည်ဟု ယူဆမိပါကြောင်း၊ အဆိုရှင်၏ စေတနာ သည်ကောင်းမွန်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် သင့်လျော်ခြင်းမရှိသည့်အပြင် ရှေ့နောက် ညီညွတ်မှုအားနည်းနေသည့်အတွက် အဆိုကို လွှတ်တော်တွင် မှတ်တမ်းအဖြစ် သာ ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင် မောင်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ သန်းဝင်းတို့က လည်း ဆွေးနွေးခဲ့ကြသည်။
အဆင့်မြင့်ပညာရေးကဏ္ဍ မဟာဗျူဟာ (၃)ချက်အနက် မဟာဗျူဟာ(၃)၏ လုပ်ငန်းအစီအစဉ်(၂)တွင် ကျောင်းသားထောက်ပံ့ရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်းကို သတ်မှတ်ပြီးဖြစ်
ယင်းအဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်းက ပြန်လည်ဖြေရှင်း ဆွေးနွေးရာတွင် ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆ - ၂၀၂၁ ကို ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်နေသည်ကို လွှတ်တော်ကိုယ်စားလှယ်အားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍတွင် မဟာဗျူဟာ (၃)ချက် ရှိပါကြောင်း၊ အဆိုပါ (၃)ချက်အနက် မဟာဗျူဟာ(၃)၏ လုပ်ငန်းအစီအစဉ်(၂)တွင် ကျောင်းသားထောက်ပံ့ရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်းကို သတ်မှတ်ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မဟာဗျူဟာအနေဖြင့် ငွေချေးခြင်း ကို ဆောင်ရွက်ခြင်း၊ သတ်မှတ် ထားခြင်းမရှိပါကြောင်း၊ လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေသည့် ပညာရေးမ ဟာဗျူဟာ ရည်မှန်းချက်မှ ကျောင်းသား ထောက်ပံ့ရေးအစီအစဉ်များ တိုးမြှင့်ခြင်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ နှစ်စဉ်တိုးမြှင့်ဆောင်ရွက်လျက်ရှိနေသည့်အတွက် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အဆိုရှင် ဒေါ်ထုမေက အဆိုကို လွှတ်တော်က မဲခွဲဆုံးဖြတ် ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် သဘောတူ၊ မတူ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၉ မဲ၊ ကန့်ကွက်မဲ ၁၂၅မဲ၊ ကြားနေမဲ ၂၂ မဲဖြစ်ပြီး ကန့်ကွက်မဲများ သဖြင့် အဆိုကိုအတည်မပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၁၈ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ ဟန်မော်(သတင်းစဉ်)

No comments:

Post a Comment