Thursday, September 5, 2019

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အာဖရိကသုံးနိုင်ငံခရီးစဉ်အဖြစ် မိုဇမ်ဘစ်သို့ ရောက်ရှိ
No photo description available.
မာပူတို၊ မိုဇမ်ဘစ် စက်တင်ဘာ ၄
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနှင့် သဘာ၀ဘေးတို့၏ ပြင်းပြင်းထန်ထန်နှိပ်စက်မှုကို ခံစား နေရသည့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်သည့် အာဖရိက သုံးနိုင်ငံခရီးစဉ်အစအဖြစ် ဗုဒ္ဓဟူးနေ့က မိုဇမ်ဘစ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း လူအမြောက်အမြားက ကြိုဆိုကြမည်ဟု မျှော်မှန်းကြသည်။
ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်သည် မိုဇမ်ဘစ်နိုင်ငံ၏ မြို့တော် မာပူတိုရှိ ဇင်မ်ပီတိုအားကစားရုံကြီးတွင် သောကြာနေ့၌ လူထုစုဝေးပွဲဖြင့် အဆုံးသတ်မည်ဖြစ် သည်။ ပုပ်ရဟန်းမင်းကြီးသည် ဗုဒ္ဓဟူးနေ့ နံနက်က ရောမ မြို့မှ လေယာဉ်ဖြင့် ထွက်ခွာလာရာ မိုဇမ်ဘစ်နိုင်ငံ မာပူတို မြို့သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရောက်ရှိမည် ဖြစ်ပြီး မိုဇမ်ဘစ်သမ္မတ ဖိလစ်ပီညူဆီက ပုပ်ရဟန်းမင်းကြီး ကို ကြိုဆိုမည်ဖြစ်သည်။
ခရီးစဉ်မတိုင်မီပေးပို့သည့် ဗီဒီယိုသတင်းစကား တွင် မိုဇမ်ဘစ်နိုင်ငံနှင့် အာဖရိကတိုက်တစ်ခုလုံးတွင် ခိုင်မာပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည့် ညီရင်းအစ်ကို ပမာ သွေးစည်းညီညွတ်မှုလိုအပ်ကြောင်းအလေးအနက်ထားပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် မိုဇမ်ဘစ်နိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၊ ယခုနှစ်အစောပိုင်းက တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းနှစ်ခုကြောင့် ဖြစ်ပေါ်ခဲ့သော ကြီးမားသည့် အပျက်အစီးများ၊ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိစ္စတို့နှင့်ပတ်သက်၍ ပြော ကြားမည်ဟု မျှော်လင့်ရသည်။
ပုပ်ရဟန်းမင်းကြီး၏ သုံးနိုင်ငံခရီးစဉ်သည် မိုဇမ်ဘစ် အစိုးရနှင့်ယခင် "ရီနာမို"လက်နက်ကိုင်အဖွဲ့တို့ သမိုင်းဝင်ငြိမ်း ချမ်းရေးစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး တစ်လအကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ "ရီနာမို"အဖွဲ့သည် မိုဇမ်ဘစ်အစိုးရ၏ အဓိကအတိုက်အခံပါတီအဖြစ် ရပ်တည်လျက်ရှိသည်။
ပုပ်ရဟန်းမင်းကြီးသည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဂျီဟတ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရာ မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းရှိ အစွန်းရောက်ဝါဒပြဿနာနှင့်ပတ်သက်၍လည်း ပြော ကြားမည်ဟု သိရသည်။
ပုပ်ရဟန်းမင်းကြီးသည် အာဖရိကတိုက်အရှေ့ဘက် ကမ်းလွန်တွင် တည်ရှိသည့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မာဒါဂါစကာကျွန်းနိုင်ငံနှင့် အိမ်နီးချင်းမောရိသျှနိုင်ငံ သို့လည်း သွားရောက်မည်ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်သည် ပြဿနာအကျပ် အတည်း ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံအတွက် အတိတ်ကောင်း နိမိတ်ကောင်းဖြစ်ကြောင်း၊ ပုပ်ရဟန်း မင်းကြီး ရောက်ရှိလာခြင်းသည် ကောင်းခြင်းများစွာကို သယ်ဆောင်လာနိုင်ကြောင်း အသက် ၂၁ နှစ်အရွယ် ကျောင်းသား ဂျေမီတိုင်မိုက ပြောသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-အောင်ဇော်လင်း

No comments:

Post a Comment