Monday, September 2, 2019

ပဲခူးမြစ်ကူးတံတား(က၀)တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းနီးပါးပြီးစီး
Image may contain: sky, outdoor, water and nature
က၀ စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများသွား လာရေးအဆင်ပြေလွယ်ကူစေရန်အတွက် ပဲခူးမြစ်ကူး တံတား(က၀)တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းနီးပါး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြစ်ကူးတံတား (က၀) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား(က၀)ကို ပဲခူးတိုင်း ဒေသကြီး က၀မြို့နယ် က၀မြို့ရှောင်လမ်းပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ပဲခူးမြစ်အားဖြတ်သန်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉)က တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။ တံတား တည်ဆောက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ခန့်မှန်း ခြေ တန်ဖိုးငွေကျပ်ကျပ် သန်းပေါင်း ၂၇၀၀ အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး တံတားတည် ဆောက်ရေးလုပ်ငန်းပိုင်း၌ တံတားအထူးအဖွဲ့(၉)မှ ကျွမ်းကျင် အင်ဂျင်နီယာ ခုနစ်ဦးနှင့် ပဲခူးမြစ် ကူးတံတားမှကျွမ်းကျင်လုပ်သား ၈၀ ကျော်တို့ဖြင့် နေ့ညမပျက်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း တံတား စီမံကိန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးက ပြောကြားသည်။
အပြီးသတ်ဆောင်ရွက်သွားမည်
ယခုနှစ်ဘတ်ဂျက်အရ ဘိုးပိုင်လုပ်ငန်းများ၊ ကမ်းကပ်ခုံ ငါးခုံ၊ ရေလယ်တိုင် လေးတိုင်၊ ကမ်းကပ်ခုံ ကိုယ်ထည် တစ်ခု၊ ရက်မရှစ်ချောင်းအပါအဝင် ကြမ်းခင်း တစ်ခန်းတို့ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းတွင် ရက်မတင်ခြင်းလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဖြတ်သန်းသွားလာ
လက်ရှိအသုံးပြုနေသည့် ပဲခူးမြစ်ကူးတံတား(က၀)မှာ တစ်လမ်းသွားဘေလီတံတားဖြစ်ပြီး က၀မြို့တွင်းကို ဖြတ်သန်းသွားလာရသည့်အတွက် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပေါ်ကာ ယာဉ်အန္တရာယ်များပြားလာကြောင်း၊ ထို့ကြောင့် က၀မြို့ရှောင်လမ်းကို တည်ဆောက်၍ အဆိုပါလမ်းပေါ်တွင်တည်ရှိသည့် ပဲခူးမြစ်ကို ဖြတ်သန်း ကာ ပဲခူးမြစ်ကူးတံတား(က၀) သံကူကွန်ကရစ်တံတားကို တည်ဆောက်ရခြင်းဖြစ်ကြောင်း တံတားစီမံ ကိန်းတာဝန်ခံ ဒုတိယòန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးက ရှင်းပြ သည်။
ဖြတ်သန်းမောင်းနှင်နိုင်
တံတားသစ်တည်ဆောက်ပြီးစီးပါက ယခင်ဘေလီ တံတားဟောင်းအား ဖျက်သိမ်းမည်မဟုတ်ဘဲ ဆက်လက် ထားရှိမည်ဖြစ်ကာ တံတား၏ခွင့်ပြုယာဉ်အလေးချိန်မှာယာဉ်တစ်စီးချင်း ၁၈ တန်ဖြစ်၍ ယာဉ်ငယ်များ ဆက်လက် ဖြတ်သန်းမောင်းနှင်နိုင်ကြမည်ဖြစ်သည်။
ဖြန့်ဖြူးနိုင်မည်
တံတားသစ် တည်ဆောက်ပြီးစီးပါက ကုန်တင်ယာဉ် ကြီးများ ဖြတ်သန်းမောင်းနှင်နိုင်မည်ဖြစ်သောကြောင့် က၀မြို့နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော အုန်းနဲ၊ သက္ကလ၊ က၀၊ ကမာခဲနှင့် ရစ်ကန်ကြီး အစရှိသည့် ကျေးရွာများမှ ဒေသထွက်ကုန်ပစ္စည်းများကို ရန်ကုန်မြို့ သို့ တိုက်ရိုက်တင်ပို့ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment