Sunday, September 1, 2019

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အဆိုပြုချက်နှင့် ပတ်သက်၍ NRPC ကိုယ်စားလှယ်အဖွဲ့နှင့် KIO, MNTJP, PSLF, ULA တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Image may contain: 2 people, people sitting, table, wedding and indoor
ကျိုင်းတုံ ဩဂုတ် ၃၁
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KIO (ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့), MNTJP (မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ), PSLF (ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး) နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့သည် ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် တွေ့ဆုံ၍ လတ်တလော ဖြစ်ပွားနေ့သည့် တိုက်ပွဲများရပ်တန့်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အဆိုပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ဆွေးနွေး
အစိုးရကိုယ်စားလှယ်များဘက်က လက်ရှိဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်နိုင်ရေးကို ဆွေးနွေးရာတွင် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ဆို့ရန် ကြိုးပမ်းနေမှုများ၊ အပြစ်မဲ့ အရပ်သားပြည်သူများနှင့် အရပ်ဘက် ပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများ၊ လမ်း-တံတားများကို ဖျက်ဆီးတိုက်ခိုက် နေမှုများကြောင့် ပြည်သူများ၏ စီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ကြုံနေရခြင်းတို့ကို အမြန်ဆုံး ရပ်တန့်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေးရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးရန်အတွက် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး ကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) အဆိုပြုချက်များတွင် ပါဝင်သည့် တပ်နေရာချထားရေး ကိစ္စရပ်များနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေး ကိစ္စရပ်များ၊ နေရပ်စွန့်ခွာရသူ IDP များ အရေးကိစ္စရပ်များ၊ Bilateral Ceasefire Agreement-BCA လက်မှတ်ရေးထိုးရေးကိစ္စ၊ လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ဆောင်ရွက်မည့် အဆင့်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Bilateral Ceasefire Agreement လက်မှတ်ရေးထိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ စက်တင်ဘာ ၁၆၊ ၁၇ ရက်တွင် ပြန်လည်တွေ့ဆုံရန် သဘောတူညီခဲ့ကြပြီး နေရာရွေးချယ်မှုကို မူပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။
ယနေ့ဆွေးနွေးပွဲသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးသက်နိုင်တို့ တက်ရောက်ကြပြီး KIO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် KIO-အထွေထွေအတွင်းရေးမှူး ကွမ်ထပ်ထိန်နန်၊ MNTJP ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ရန်ဝင်ကျုံး၊ ULA ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ULA-အထွေထွေအတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင်နှင့် PSLF ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌ တာခူလန်းတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လေ့လာသူအဖြစ် PCG (ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သုံးက​ြိ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလေးဖွဲ့မှ ကိုယ်စားလှယ်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်များနှင့် ပတ်သက်၍ ဧပြီ ၃၀ ရက်တွင် မူဆယ်နှင့် ဇွန် ၃၀ တွင် မိုင်းလားတို့တွင် တွေ့ဆုံခဲ့ကြပြီး ယခုတွေ့ဆုံမှုသည် သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်။
ယနေ့ကျင်းပသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KIO၊ MNTJP၊ PSLF နှင့် ULA အဖွဲ့(၄) ဖွဲ့တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးဆွေးမှုအပြီးတွင် အချက် (၆)ချက်ပါသည့် ပူးတွဲ သတင်းထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲပြုလုပ်
တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယနေ့ တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ ဦးဇော်ဋ္ဌေးက “ ကျွန်တော်တို့ ဒီနေ့ KIO, MNTJP, PSLF, ULA မြောက်ပိုင်းလေးဖွဲ့နဲ့ ဆွေးနွေးပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ တော်တော်များများကို အကျေအလည် ဆွေးနွေးပါတယ်။ ပထမဆုံးအနေနဲ့ ဒီကနေ့ ကွတ်ခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က ရထားတဲ့ ကြေးနန်းတွေကို ချပြပြီး ဆွေးနွေးပါတယ်။ အဲဒီအပေါ်မှာ အငြင်းပွားမှုတွေလည်း ရှိပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖြစ်စဉ်နဲ့ပတ်သက်ပြီး NRPC အနေနဲ့ ဆွေးနွေးပါတယ်။
တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဘက်က ဆွေးနွေးသလို EAOs တွေ ဘက်ကလည်း သူတို့ရဲ့ တောင်းဆိုချက်တွေ ထင်မြင်ယူဆချက်တွေကို ပြန်ပြီးတော့ ဆွေးနွေးပါတယ်။ နောက်ဆုံး နှစ်ဖက် ဘယ်လိုဆက်သွားမလဲ။ ပထမဆုံးကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး ဆွေးနွေးပါတယ်။
နံပါတ်နှစ်အနေနဲ့ ပြည်သူတွေ အခုလို ဒုက္ခရောက်နေတဲ့ အနေအထားမှာ ခိုင်မာတဲ့ သဘောတူညီချက်ရဖို့ ဘယ်လို လုပ်ကြမလဲဆိုတာ ဆွေးနွေးပါတယ်။ မိုင်းလားဆွေးနွေးပွဲမှာ အစိုးရရဲ့ အဆိုပြုချက်ကို ကျွန်တော်တို့ ပေးခဲ့သလို့ ဒီနေ့မှာ မြောက်ပိုင်းလေးဖွဲ့ရဲ့ အဆိုပြုချက်တွေ ကျွန်တော်တို့ကို ပြန်ပေးပါတယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က အစိုးရရဲ့ သဘောထားကို တစ်ချက်ချင်း ပြန်လည်ဆွေးနွေးပါတယ်။ ယေဘူယျအားဖြင့် တော်တော်များများ လက်ခံပြီး ကျန်တဲ့ အပိုင်းတွေကို အသေးစိတ် ဆက်ပြီးဆွေးနွေးဖို့ ရှိပါတယ်။ ဒါကိုလည်း အမြန်ဆုံး ဆွေးနွေးမယ်ဆိုပြီး နေ့ရက်တွေ သက်မှတ်ခဲ့တာ ရှိပါတယ်။ နှစ်ဖက် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။
ယနေ့ ကွတ်ခိုင်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့မှုများသည် ဒေသခံပြည်သူများ အပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူများအား သက်ရောက်မှုကြီးမားစွာ ဖြစ်စေကြောင်း၊ ဆုံးရှုံးမှုကြီးမားကြောင်း၊ အဆိုပါ ဖြစ်စဉ်များအား အလေးအနက်ထား ဆောင်ရွက်ပေးစေလိုသည်ဟု အစိုးရကိုယ်စားလှယ်များဘက်မှ ဆွေးနွေးခဲ့ကြောင်း၊ အဆင့်လိုက်သွားမည့် အရာများကို နှစ်ဖက်ကိုယ်စားလှယ်များ ကြေကြေလည်လည် ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတိုက်ပွဲများကြားတွင် ပြုလုပ်ရသည့် ဆွေးနွေးပွဲများ ဖြစ်သောကြောင့် စိတ်ရင်းစေတနာထား၍ လုပ်ဆောင်ရန်လိုကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
နှစ်ဖက်ကိုယ်စားလှယ်များ စက်တင်ဘာလတွင် ပြန်လည်တွေ့ဆုံကြမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမည့် နေရာနှင့် ပတ်သက်၍ “နေရာကိုတော့ EAOs တွေဘက်က ပန်းဆန်း ဒါမှမဟုတ် တရုတ်နိုင်ငံထဲက တစ်နေရာရာမှာတွေ့ဖို့ အဆိုပြုပါတယ်။ နောက်တစ်ကြိမ် တွေ့ဆုံတဲ့အခါမှာ EAOs တွေဘက်က တောင်းဆိုတဲ့ တပ်မတော်ကိုယ်စားလှယ်တွေပါ ပါဝင်လာဖို့ ဆိုတာကို ကျွန်တော်တို့က အသိအမှတ်ပြုတယ်။ ဒါကြောင့် တပ်မတော်ကိုယ်စားလှယ် သွားလာနိုင်တဲ့ ကျိုင်းတုံမှာပဲ ဆွေးနွေးဖို့ ကျွန်တော်တို့ဘက်က အဆိုပြုပါတယ်။ EAOs တွေအနေနဲ့ မိုင်းလားကနေ ကျိုင်းတုံကိုလာရင် အဆင်ပြေတာကြောင့်ပါ။ နှစ်ဘက်လုံးရဲ့ အဆိုပြုချက်တွေကိုတော့ ယူသွားပါပြီ” ဟု ဦးဇော်ဌေးက ပြောသည်။
ယခုကျင်းပသည့် ဆွေးနွေးမှုတွင် တပ်မတော်ကိုယ်စားလှယ်များ မပါဝင်သည့် အကြောင်းရင်း၊ ဆွေးနွေးပွဲတွင် EAOs ဘက်မှ အဆိုပြုသည့် အချက်များနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက “ တပ်ကိုယ်စားလှယ်ကတော့ ကျွန်တော်တို့ အခု ဆွေးနွေးမယ့်အပိုင်းမှာ သဘောတူထားတယ်။ နောက်ဆွေးနွေးတဲ့အခါ တပ်နေရာချထားရေး ကိစ္စရပ်တွေ၊ တိုက်ပွဲမဖြစ်ပွားရေး ကိစ္စရပ်တွေအတွက် ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ထားမယ်ဆိုတာ ပါပါတယ်။ အရင်ဆွေးနွေးခဲ့တဲ့ အခါမှာလည်း တပ်ကိုယ်စားလှယ် မပါပါဘူး။ အသေးစိတ် ဆွေးနွေးရမယ့်အခါကျရင် ပါပါမယ်။ EAOs အဆိုပြုချက်အနေနဲ့ နေရာနဲ့ နောက် လက်ရှိဖြစ်နေတဲ့ တိုက်ပွဲကြားမှာ ဟိုဖက်ဒီဖက် ပြောကြားမှုတွေ ရှိတယ်။ ဒီပြောကြားမှုကိုတော့ ကျွန်တော်တို့ သိထားတဲ့ အချက်တွေ ရှင်းပြပါတယ်။ အထူးသဖြင့် အရပ်သား ပြည်သူတွေ သေဆုံးမှုအပေါ်မှာ ကျွန်တော်တို့ တော်တော်လေး ပြောပါတယ်။ နောက် EAOs တွေ ပြောကြားမှုက ဒီတစ်ဆင့်ပြီးရင် Bilateral သွားမယ်။ အဲဒီအခါကြရင် အသေးစိတ် သွားရမယ့် အရာတွေ ဆက်သွားဖို့ရှိပါတယ် ” ဟု ဖြေကြားသည်။
တိုက်ပွဲလျော့ချရေးနှင့် ပတ်သက်၍ လိုအပ်နေသည့် အဆင့်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ဆွေးနွေးညှိနှိုင်းမှုရဲ့ သဘောတရားကတော့ လက်ရှိတိုက်ပွဲတွေ အမြန်ဆုံး ရပ်ဖို့လိုတယ်။ တိုက်ပွဲမဖြစ်တော့ရင် အပစ်ရပ်မှု ခိုင်မာဖို့လိုတယ်။ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး လိုတယ်။ လက်နက်ကိုင်ဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်တဲ့ သဘောသဘာဝကတော့ ရှိမယ်။ အဲဒီအခါကျရင် ဘယ်လိုစည်းမျဉ်း စည်းကမ်းနဲ့ သတ်မှတ်ဖို့ လုပ်မလဲဆိုတာ အသေးစိတ် ဆွေးနွေးရမယ်။ ဒါကြောင့် ဒီနေ့ အကြမ်းဖျင်း ဆွေးနွေးတဲ့အထဲမှာ ဒီအရာတွေကို ဆွေးနွေးဖို့ သဘောတူလိုက်ပြီ။ ဒါကို လေးဖွဲ့လုံးနဲ့ သဘောတူညီချက်လုပ်ဖို့ EAOs တွေဘက်က အဆိုပြုထားတယ်။ အဲဒီအဆိုပြုချက်ကို ကျွန်တော်တို့ ယူသွားမယ်။ ဟိုဘက်မှာ အစိုးရနဲ့ တပ်မတော်ကို ပြန်လည်ဆွေးနွေးရမှာ ဖြစ်တယ်။ ဆွေးနွေးပြီးလို ကျွန်တော်တို့ နှစ်ဘက်ပြန်တွေမယ့် စက်တင်ဘာလ ၁၆၊ ၁၇ ရက်နေ့ဆိုရင် လက်မှတ်ထိုးနိုင်မယ့် အခြေအနေရောက်ဖို့ မျှော်လင့်ပြီး လုပ်နေတာ။ လက်တလော ဆုံးဖြတ်နိုင်ခြင်းမရှိတဲ့ အရာတွေကိုတော့ ခေါင်းဆောင်တွေကို ပြန်တင်ပြပြီး အကြောင်းပြန်မယ် ပြောပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
လက်ရှိတိုက်ပွဲများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် “ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်တယ်။ ပြင်ဦးလွင်မှာ X-Ray စက်တွေ ဖျက်ဆီးတယ်။ X-Ray စက်ဆိုရင် နိုင်ငံတော်သမ္မတကြီးရဲ့ ဦးစားပေး မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့အတွက် ဝယ်ထားတာ။ ဒေါ်လာ သန်းချီပေးရတယ်။ ဒီစက်ကြီးက ဘယ်လိုတိုင်းရင်းသား အခွင့်အရေးတွေ ဘာတွေကို ချိုးဖောက်သလဲ။ ဘာတွေ ထိခိုက်နစ်နာမှု ရှိနေသလဲ။ တစ်နိုင်ငံလုံးက မူးယစ်ဆေးဝါးကို တားဆီးတိုက်ဖျက်ဖို့ ဝယ်ထားတာ။ X-Ray စက်ကို ပစ်ခတ်တိုက်ခိုက်တဲ့ အပိုင်းကတော့ တော်တော်ကို စိတ်ပျက်ဖို့ကောင်းတဲ့ အနေအထားမျိုး။ လမ်းမကြီးပေါ်မှာ လမ်းတွေ၊ တံတားတွေ ချိုးတယ်။ မိုင်းနဲ့ခွဲတယ်။ ပြန်ပြင်ရတယ်။ ဆုံးရှုံးရတော့ ပြည်သူလူထု ဘဏ္ဍာငွေပါ။ အဲဒါထက် နိုင်ငံရဲ့ ထုတ်ကုန်တွေ လုပ်အားတွေ ဆုံးရှုံးတာက ပိုများတယ်။ ဒါဟာ ဘယ်သူ့ အကျိုးစီးပွားလဲလို့ ပြန်မေးစရာရှိတယ်။ တပ်မတော်က ပြည်ထောင်စုလမ်းမကြီး ပြန်ပေါက်အောင်၊ ကျိုးသွားတဲ့ တံတားတွေ ပြင်နိုင်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးနဲ့ ပူးပေါင်းပြီး လုပ်တယ်။ ဒါကြောင့် ဆွေးနွေးပွဲတွေ ကျန့်ကြာတာ မဟုတ်ဘူးလို့ ပြောချင်တယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့ဆန္ဒရှိမှ ဆွေးနွေးပွဲတွေ အောင်မြင်မှာ။ လိုလားချက်တွေက သူ့ဘက် ကိုယ့်ဘက်ရှိတယ်။ တကယ့် ဒုက္ခခံစားနေရတဲ့ ပြည်သူတွေအပေါ်မှာ ရှေးရှုဖို့လိုတယ်လို့ ပြောတာပါ။
အစိုးရပေါ်လစီက ရှင်းတယ်။ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာသည် အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်။ ဒီလိုလက်နက်ကိုင် တိုက်နေရုံနဲ့ အဖြေမထွက်ဘူး။ တိုင်းရင်းသားတန်းတူ ပြဌာန်းခွင့်၊ ဖက်ဒရယ်အတွက် တိုက်လာတာ။ ဒါတွေသည် အဖြေမထွက်မဘူး။ တိုက်ပွဲတွေကြောင့် နိုင်ငံက ခေတ်နောက်ကျတာပဲ ရှိတယ်။ မြန်မာတစ်နိုင်ငံပဲ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ် ကျန်နေတယ်။ ပြည်တွင်းစစ် ပဋိပက္ခတွေကြောင့် နိုင်ငံရဲ့ နစ်နာမှုပဲရှိတယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲနဲ့ နိုင်ငံရေးအဖြေရှာဖို့ပဲ။ ဒီအတွက် အစိုးရက ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားတယ်လို့ ပြောတာ။ ဒီတံခါးကို သော့ပိတ်ဖို့ အစီအစဉ်မရှိဘူး။ ဆွေးနွေးပွဲကို တက်လာဖို့ပဲ လိုတယ်။ လိုလားချက်တွေပြော။ အဲဒီမှာ နိုင်ငံရေး သဘောတူညီချက်တွေရရင် ဒီအတိုင်းဖြစ်လာမယ်” ဟု ဦးဇော်ဌေးက ဖြေကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ဆွေးနွေးပွဲ၏ ဦးတည်ချက်သည် လက်တလော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) လက်မှတ်ထိုးနိုင်ရေး၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးတို့ကို ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ပြောကြားပြီး ပြည်တွင်း ပြည်ပ မီဒီယာများ၏ မေးမြန်းမှုများအပေါ် ဆက်လက်ဖြေကြားခဲ့သည်။
မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် KIO, MNTJP, PSLF, ULA လေးဖွဲ့နှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်နေသည်မှာ ရှစ်လတိုင် ကြာမြင့်ပြီဖြစ်ကြောင်း ဦးဇော်ဌေးထံမှ သိရသည်။
သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment