Wednesday, September 4, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

Image may contain: 1 person, flower and indoor
နေပြည်တော် စက်တင်ဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့က နှုတ်ခွန်းဆက်စကား များ ပြောကြားကြသည်။
ဝမ်းမြောက်မိ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဆွေတော်သမ္မတကြီးနှင့် သမ္မတကြီး၏ ဇနီး မဒမ်ကင်မ်ဂျောင်းဆုနှင့်တကွ ဂုဏ်သရေရှိ ကိုရီးယားကိုယ်စားလှယ်အဖွဲ့ဝင် ဧည့်သည်တော်များအား မြန်မာနိုင်ငံကို လာရောက်ရန် ဖိတ်ခေါ်ကြိုဆိုခွင့် ရရှိခဲ့သည့်အတွက် များစွာဝမ်းမြောက်မိသည်ကို ဦးစွာပြောကြားလိုပါကြောင်း။
အဆွေတော် သမ္မတကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ ညစာ စားပွဲနှင့် တည်ခင်းဧည့်ခံခွင့်ရရှိခဲ့သည့်အတွက် နှစ်ထောင်းအားရဖြစ်ရပါ ကြောင်း။
ယခုခရီးစဉ်သည် အဆွေတော်အနေဖြင့် မြန်မာနိုင်ငံကို လာရောက်သည့် ပထမဦးဆုံး ခရီးစဉ်ဖြစ်သကဲ့သို့ ကိုရီးယားနိုင်ငံမှ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးလာရောက်သည့် နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်သည့်အတွက် မြန်မာ- ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းမှတ်တမ်းဝင်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် အဆွေတော်၏ ယခုချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာလာစေရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် အချိန်နှင့်အမျှ တိုးမြင့်လာခဲ့ပါ ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုများ တိုးတက်လာမှုနှင့်အတူ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက် များပြားစေခဲ့ပြီဖြစ်ပါကြောင်း။
မိမိတို့ နှစ်နိုင်ငံသည် အာရှနိုင်ငံများဖြစ်ကြသည်နှင့်အညီ ရေမြေသဘာ၀ နှင့် ယဉ်ကျေးမှုချင်း နီးစပ်မှုများရှိကြပါကြောင်း၊ လွတ်လပ်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီအရေးကြိုးပမ်းမှုများတွင် မိမိတို့ နှစ်နိုင်ငံလုံး တူညီသည့် အတွေ့အကြုံများရှိခဲ့ကြသည့်အတွက် ယင်းအတွေ့အကြုံများက နှစ်နိုင်ငံ ပိုမိုနီးစပ်မှုရှိစေခဲ့ပါကြောင်း။
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု များအပေါ် ကိုရီးယားသမ္မတနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များမှ တစ်ဆင့် အကူအညီများ အစဉ်အမြဲပေးအပ်လျက်ရှိသည့်အတွက် လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီနှင့် ဆောင်ရွက်လျက်ရှိသည့် ဆဲလ်မာအူးလ်ဒုံး(ကျေးရွာသစ်စီမံကိန်း)သည် မြန်မာနိုင်ငံ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုး ဖြစ်ထွန်းစေခဲ့ပါကြောင်း။
နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပြယုဂ်တစ်ခုဟု ပြောနိုင်သည့် မြန်မာ- ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ) စီမံကိန်းသည် ၂၀၁၈ ခုနှစ်တွင်စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တံတားကြီး ပြီးစီးသွားသည့်အချိန်တွင် ရန်ကုန်မြို့နှင့် ဒလမြို့နယ်အကြား လမ်းပန်း ဆက်သွယ်ရေးသာမက ယင်းဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းများပါ ကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း။
ယနေ့ မွန်းလွဲပိုင်းတွင် မိမိတို့ နှစ်ဦးအကြား၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခွင့် ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ အဆွေတော် သမ္မတကြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ကျောင်းကားအစီး ၆၀ လှူဒါန်းပေးခဲ့ပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးနိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါကြောင်း။
အားရဖွယ်တွေ့မြင်ရ
ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာပြီး ကိုရီးယားသမ္မတနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ကိုလည်း အားရဖွယ်တွေ့မြင် ရပါကြောင်း၊ ယခုအခါတွင် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း။
နှစ်နိုင်ငံအကြား အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍတွင် အပြန်အလှန် ဖလှယ်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကို ကိုရီးယားသမ္မတနိုင်ငံမှ ယဉ်ကျေးမှုအနုပညာအဖွဲ့များ မကြာခဏ လာရောက်တင်ဆက်ဖျော်ဖြေ လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ယဉ်ကျေးမှုများ တိုးမြှင့်ဖလှယ်ခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှု၊ ရင်းနှီးကျွမ်းဝင်မှု ပိုမိုတိုးပွားလာ မည်ဟု ယုံကြည်ပါကြောင်း။
ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အလွန်တရာမှ အရေးကြီးသည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပြည်သူများအကြား အချင်းချင်း ကူးလူးဆက်သွယ်မှု တိုးမြှင့်ရန်အတွက် ကိုရီးယားနိုင်ငံသားများအား ကမ္ဘာလှည့်ဗီဇာကင်းလွတ်ခွင့် ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ခွင့်ပြုပေးခဲ့ပါကြောင်း။
မိမိတို့အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ လာရောက်မည့် ခရီးသွားများ အတွက် ဗီဇာကင်းလွတ်ခွင့် နောက်ထပ်တစ်နှစ် သက်တမ်းတိုးမြှင့်ပေးသွားမည် ကို ယနေ့တွင် ဝမ်းမြောက်စွာ ကြေညာအပ်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသစ်အဖြစ် ချမှတ်ခဲ့သည့် တောင်ပိုင်းဆိုင်ရာမူဝါဒသစ်(New Southern Policy) အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် သွားရေးအပေါ် အလေးထားမှုကို ကြိုဆိုပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံမှ လာမည့်နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ - ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် မဲခေါင်-ကိုရီးယား ထိပ်သီး အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ရလဒ်ကောင်းများရရှိစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။
ကိုရီးယားကျွန်းဆွယ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် သာယာ၀ပြောမှုများ ဆက်လက်ရရှိရေးအတွက် မိတ်ဖက်အားလုံးနှင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ အဆက်မပြတ် တက်ကြွစွာကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် မိမိတို့အနေ ဖြင့် ထောက်ခံအားပေးပါကြောင်း၊ အဆွေတော်အနေဖြင့် ယခုကဲ့သို့ အရေးကြီးသည့် ကြိုးပမ်းမှုတွင် ကြီးမားသော အောင်မြင်မှုရရှိပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အတွက် ဆုမွန်ကောင်း တောင်းရန် ဖိတ်ခေါ်အပ်ပါကြောင်း။
ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့
အဆွေတော်သမ္မတကြီး မွန်ဂျေအင်းနှင့်ဇနီးတို့ ကျန်းမာရွှင်လန်းကာ အနာဂတ်ဆောင်ရွက်သမျှ အောင်မြင်မှုများ ရရှိပါစေ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယားပြည်သူ ပြည်သားအပေါင်းတို့ ဆက်လက်ပြီး တိုးတက်သာယာ၀ပြော ပါစေ၊ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ပါစေ၊ ယခုညချမ်းမှာ အခမ်းအနားကြွရောက်ချီးမြှင့်ကြ သည့် ဧည့်သည်တော်များအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက အမှာစကားပြောကြားရာ၌ မိမိတို့ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ ချိန်မှစတင်၍ နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်ခဲ့ကြသည့်အတွက် နိုင်ငံတော် သမ္မတကြီးနှင့် ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာပြည်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်း။
လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကိုရီးယားစစ်ပွဲ ဖြစ်ပွားစဉ်အခါက မြန်မာနိုင်ငံ မှ ဆန်လှူဒါန်းပံ့ပိုးပေးခဲ့မှုမှာ ထိုစဉ်က ကိုရီးယားနိုင်ငံသားများအတွက် ကြီးမားသည့် အထောက်အပံ့ကို ဖြစ်စေခဲ့ပါကြောင်း၊ ကိုရီးယားပြည်သူများ အနေဖြင့် အဆိုပါကျေးဇူးတရားကို ယနေ့တိုင် အမှတ်ရနေဆဲဖြစ်ပါကြောင်း။
အဆွေတော်သမ္မတကြီးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ တိုးတက်မှုမှာ ၆ ရာခိုင်နှုန်းကျော်ဖြင့် လျန်မြန်စွာ တိုးတက်မှုရှိခဲ့ပြီးဖြစ်ရာ ယခုထက်ပိုမိုသည့် အံ့မခန်းဖွယ်ရာ တိုးတက်မှုများရရှိရန် မျှော်လင့်ပါကြောင်းနှင့် ကိုရီးယားနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုလုပ်ငန်းစဉ်များတွင် အမြဲအတူရှိမည်ဟု ကတိပြုပါကြောင်း။
မိမိ၏ ယခုခရီးစဉ်မှတစ်ဆင့် အဆွေတော်သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းသာယာ၀ပြောရေး လုပ်ငန်းစဉ်များကို ထောက်ခံအားပေးသည့်အနေ ဖြင့် နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အခြေခံ အဆောက်အဦ တည်ဆောက်ရေးနှင့် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးမြှင့်လာစေရန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ်ငန်းစဉ်နှင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်များမှာ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်းကို ကိုရီးယား- အာဆီယံနှင့် ကိုရီးယား-မဲခေါင် ဆွေးနွေးပွဲများတွင်လည်း သဘောတူညီခဲ့ကြ ပါကြောင်း၊ လာမည့် နိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပမည့် ကိုရီးယား- အာဆီယံ အထူးထိပ်သီးအစည်းအဝေးနှင့် ကိုရီးယား-မဲခေါင်ဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု များ ယခုထက်ပိုမိုတိုးမြှင့်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
တက်ရောက်
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာစားပွဲအပြီးတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း နှင့် ဇနီးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်ရှိ သဘင်ဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှုပဒေသာကပွဲဖြင့် ဧည့်ခံဖျော်ဖြေသည်။
ယဉ်ကျေးမှုပဒေသာကပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ကိုရီးယား သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင် များအား အမှတ်တရပန်းခြင်းပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကိုရီးယားသမ္မတနိုင်ငံသမ္မတထံ ခရီးစဉ်မှတ်တမ်းဓာတ်ပုံ အယ်လ်ဘမ်ကို ပေးအပ်သည်။
သတင်းစဉ်

No comments:

Post a Comment