Wednesday, September 25, 2019

သက်ရှည်ကျန်းမာခန္ဓာဖွံ့ဖြိုး ဉာဏ်ရည်တိုးစေသည့်ဆေး


မြန်မာ့အလင်းအယ်ဒီတာအာဘော် 



နှစ်စဉ် စက်တင်ဘာလ နောက်ဆုံးရက်သတ္တပတ်၏ ဗုဒ္ဓဟူးနေ့သည် က္ဘာ့ ကျောင်းများ နို့တိုက်ကျွေးရေးနေ့(World School Milk Day) ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအတော်များများတွင် ၂၀၀၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်မူ ၂၀၁၂ ခုနှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ရာ ယခုနှစ်သည် အဋ္ဌမအကြိမ်မြောက် ဖြစ်သည်။ နို့တိုက်ကျွေးရေး ဟုဆိုရာတွင် အာဟာရဓာတ်ကြွယ်၀သည့် နွားနို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။
နွားနို့တစ်ဖန်ခွက်သည် လူကြီးများအတွက် တစ်နေ့တာ ဗီတာမင် လိုအပ်ချက်၏ ရှစ်ရာခိုင်နှုန်း၊ ကလေးများအတွက် တစ်နေ့တာ ဗီတာမင် လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်သည်ဟုဆိုသည်။ နွားနို့သည် ကလေးများအဖို့ မိခင်နို့ပြီးလျှင် အာဟာရဓာတ်အကြွယ်၀ဆုံး သော အစာပင်ဖြစ်သည်။ ကလေးများ၏ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု အတွက် လိုအပ်သောထုံးဓာတ်၊ အသားဓာတ်၊ ဗီတာမင်အေနှင့် ဒီတို့ ပါဝင်သည်။ နွားနို့ကို ပုံမှန်သောက်သုံးခြင်းအားဖြင့် အာဟာရဓာတ် ပြည့်၀စွာရရှိပြီး အရိုးပျော့ရောဂါဖြစ်ပွားမှု၊ ခန္ဓာကိုယ်ကြီးထွားမှုနှုန်း လျော့နည်းကာ အားအင်ချည့်နဲ့မှုတို့မဖြစ်ပွားရန် ကာကွယ်နိုင်သည် သာမက ဦးနှောက်နှင့် အာရုံကြောများဖွံ့ဖြိုးမှု၊ အမြင်အာရုံကောင်းမွန် ပြည့်စုံစေမှုတို့ကြောင့် ကလေးတစ်ဦးအတွက် ကာယရော ဉာဏပါ ဖွံ့ဖြိုး စေသည့်အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်သည်။
နေ့စဉ် နွားနို့တစ်ဖန်ခွက်သောက်သုံးခြင်းက လူကြီး၊ လူငယ်၊ ကလေး အရွယ်သုံးပါးစလုံးအတွက်လိုအပ်ကြောင်း ကျန်းမာရေးသုတေသီတို့က ထောက်ခံထားကြသည်။ အိပ်ခါနီးတိုင်း နွားနို့ပူပူတစ်ခွက် ပုံမှန်သောက် ပေးခြင်းက အိပ်မပျော်သည့်ရောဂါကို ဆေးဝါးမှီဝဲခြင်းထက် ပိုမိုအကျိုးပြု သည်ဟု ဆိုထားသည်။ နွားနို့တွင်ပါဝင်သည့် အမိုင်နိုအက်စစ်၊ ထရစ်ပ် တိုဖန်း၊ သဘာ၀မော်ဖင်းဓာတ်တို့က နှစ်ခြိုက်စွာအိပ်ပျော်စေရန် စွမ်းဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။ နွားနို့ နေ့စဉ်သောက်သုံးခြင်းက နှလုံးကိုလည်း ခွန်အားပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ပါးစေ သည်။ နွားနို့တွင်ပါဝင်သည့် ကယ်လ်ဆီယမ်က အရိုးနှင့် သွားများကို သန်မာစေပြီး ပိုတက်ဆီယမ်ဓာတ်က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်သည်။ နွားနို့ပုံမှန်သောက်သုံးခြင်းက ကင်ဆာရောဂါအချို့ ကိုလည်း ဖြစ်နိုင်ခြေလျော့ကျစေသည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတစ်ဦး တစ်နှစ်လျှင် နွားနို့ လီတာ ၂၀၀ အနည်းဆုံးသောက်သုံးရန် လမ်းòန်ထားသော်လည်း အများစုက မသောက်နိုင်ကြဟုဆိုသည်။ နှိုင်းယှဉ်ဖော်ပြမှုတစ်ခုတွင် နယူးဇီလန် နိုင်ငံသားတစ်ဦးက တစ်နှစ်လျှင် နွားနို့ လီတာ ၂၇၀ သောက်သုံးနေချိန်တွင် မလေးရှားနိုင်ငံသားတစ်ဦးက တစ်နှစ်လျှင် နွားနို့ လီတာ ၆၀ ကိုသာ သောက်သုံးပြီး မြန်မာနိုင်ငံသားတစ်ဦးက တစ်နှစ်လျှင် နွားနို့ ၁၀ လီတာ သာ သောက်သုံးနေသည်ဟုတွေ့ရှိရာ လွန်စွာနည်းလှသည့်ပမာဏ ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ နို့နှင့် နို့ထွက်ပစ္စည်းဈေးကွက်ကို ပြည်ပ ကုမ္ပဏီများက သုတေသနပြုပြီး ဝယ်လိုအား မှန်မှန်တိုးတက်နေသည့် ဈေးကွက်တစ်ခုအဖြစ် ရှုမြင်ကြသကဲ့သို့ ဒေါ်လာသန်းနှင့်ချီကာ တင်သွင်း ရောင်းချနေကြသော်လည်း ပြည်တွင်းထုတ်လုပ်မှုများမှာ အရေအတွက် ရော အရည်အသွေးမှာပါ ယှဉ်ပြိုင်ထုတ်လုပ်နိုင်စွမ်းမရှိကြ။ နို့နှင့် နို့ထွက် ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ မဖွံ့ဖြိုးမှုကြောင့် ကလေးများအပါ အဝင် ပြည်သူများ၏ အာဟာရမဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးပြဿနာတို့ပါ တစ်နွယ်ငင် တစ်စင်ပါ ဆက်စပ်ခံစားနေကြရသည်။
မြန်မာကလေးငယ်သုံးဦးလျှင် တစ်ဦးသည် အာဟာရချို့တဲ့မှုကြောင့် ပိန်လှီနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တစ်နိုင်ငံလုံး ကျန်းမာရေးအစီအစဉ် ၂၀၁၇-၂၀၂၁ တွင် ပါဝင်သည့်အချက်အလက်များ၌ ဖော်ပြထားရာ နွားနို့ကို ပြည်တွင်း၌ ပေါပေါများများထုတ်လုပ်နိုင်ရေးနှင့် ပြည်သူအားလုံး ဖောဖောသီသီသောက်သုံးနိုင်ရေးကို အမျိုးသားရေး လိုအပ်ချက်တစ်ခုအဖြစ် အားထည့်ဆောင်ရွက်နိုင်ကြပါစေကြောင်း။

No comments:

Post a Comment