Thursday, September 5, 2019

မိတ်ဆွေကောင်းစိတ်ဓာတ်ဖြင့် လက်တွဲပူးပေါင်း
====================================
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း နှင့် ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့သည် စက်တင်ဘာလ ၃ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံခဲ့ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။
ဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု များအပေါ် ကိုရီးယားသမ္မတနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များမှတစ်ဆင့် အကူအညီများ အစဉ်အမြဲပေး လျက်ရှိသည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် စာမျက်နှာသစ် တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးအတွက် တူညီသည့် အတွေ့အကြုံများ ရှိကြသဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရင်းနှီးမှုပိုရှိကြပါကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံ ပြည်သူများအကြား ထိတွေ့ရင်းနှီးမှုများ ပိုမိုများပြားလာခဲ့သည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရင်းနှီးချစ်ကြည်ဆက်ဆံပူးပေါင်းဆောင်ရွက် နိုင်မှုသည် နှစ်နိုင်ငံခေါင်းဆောင်များ ဆက်ဆံရေးသာမက နှစ်နိုင်ငံ အကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်နွှယ်မှုသည်လည်း ပို၍ပင်အရေးပါ ပါသည်။ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ကူးလူးဆက်ဆံမှု တိုးတက်မြင့်မားနေမှသာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် နယ်ပယ်ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် တစ်ဦးနှင့်တစ်ဦး ကျေးဇူးသိတတ်ခြင်းသည်လည်း ချစ်ကြည် ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မြဲစေပါသည်။ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကိုရီးယားစစ်ပွဲအတွင်း မြန်မာနိုင်ငံမှ ဆန်များ လှူဒါန်းခဲ့သည့်အတွက် စစ်ပွဲဒဏ်ခံစားရသည့် ပြည်သူများ နွေးထွေးမှုခံစားခဲ့ရသည့် ကျေးဇူးကို မမေ့ဘဲ မြန်မာနိုင်ငံ သို့လည်း အကူအညီများ ပြန်လည်ပေးအပ်ရန် အဆင်သင့်ဖြစ်နေသည်။
မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ သုံးရက်တာ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေးနွေးပွဲ၌ ကိစ္စရပ်များစွာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာ မူဘောင် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာခြောက်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်းစာချွန်လွှာများသည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားနိုင်ရန်အတွက် အခြေခံ အုတ်မြစ်များပင် ဖြစ်သည်။
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူချောမွေ့ စေရန်အတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက်စင်တာတစ်ခု ထူထောင်ရေး၊ သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ထွန်းသစ်စလုပ်ငန်းများနှင့် တီထွင်ဆန်းသစ်ခြင်း နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် အခြားနယ်ပယ်ကဏ္ဍ အသီးသီးအတွက် အကူအညီများ ပေးအပ်ရန် သဘောတူညီခဲ့ကြသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် ရှေးအစဉ်အဆက် ချစ်ကြည်ရင်းနှီးမှုနှင့် ကူညီရိုင်းပင်းမှုများ ရှိခဲ့သည်နှင့်အညီ မိတ်ကောင်း၊ ဆွေကောင်းဟူသည့် စိတ်ဓာတ်ကို အခြေခံလျက် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု စသည့် နယ်ပယ်များစွာတို့တွင် လက်တွဲဆောင်ရွက်မှုများ ပြုလုပ်ကြပြီး နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုနှင့် ဆက်ဆံမှုများ ပိုမိုတိုးတက် မြင့်မားလာတော့မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment