Wednesday, September 4, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့အား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

Image may contain: 8 people, people standing and outdoor

နေပြည်တော် စက်တင်ဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့အား နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုကြသည်။
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့သည် ဂုဏ်ပြုခံစင်မြင့်၌ နေရာယူပြီး ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
အပြန်အလှန် မိတ်ဆက်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့ သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကာ ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြ သည့် နှစ်နိုင်ငံအဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။
ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတသည် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီးတို့သည် နိုင်ငံတော်သမ္မတအိမ်တော်၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက် အဦကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) တည်ထောင်ရေး၊ နှစ်နိုင်ငံ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး၊ ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy နှင့်အညီ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်း အလားအလာကောင်း များ ပေါ်ထွက်လာရေး၊ ကိုရီးယားသမ္မတနိုင်ငံတွင် မြန်မာအလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး စသည်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း နှင့် ဦးကျော်တင်၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa လည်း တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment