Friday, August 2, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ဗာရာဏသီမြို့ရှိ 39 Gorkha Training Centre(GTC) ကျောင်းသို့ သွားရောက်လေ့လာ
Image may contain: 3 people, outdoor
နေပြည်တော် ဩဂုတ် ၁
အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူ လှ၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဗာရာဏသီ မြို့အနီးရှိ မြတ်စွာဘုရားရှင်အား ပဉဝဂ္ဂီ ၅ ဦး တို့က ခရီးဦးကြိုသည့်နေရာတွင် အထိမ်းအမှတ်အဖြစ် တည်ထားသည့် ချောက်ခဏ္ဍီစေတီ တော်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။
ထို့နောက် မိဂဒါဝုန်ဥယျာဉ်အတွင်း ရှိ ဓမ္မရာဇိကစေတီတော်၊ ဓမ္မေခ စေတီတော်၊ မိဂဒါဝုန်ဥယျာဉ်အနီး သီရိလင်္ကာနိုင်ငံမှ တည်ထားကိုးကွယ် သည့် ဓာတ်တော်တိုက်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် နှင့် ဇနီးတို့က ဓာတ်တော်တိုက်ဆရာ တော်ထံ အလှူငွေများ ပေးအပ် လှူဒါန်းကာ ဓာတ်တော်တိုက်ပရိဝုဏ် အတွင်းရှိ မြတ်စွာဘုရားက ပဉဝဂ္ဂီ ၅ ဦးအား ဓမ္မစကြာတရားဦး ဟောကြားနေသည့် ရုပ်ပွားတော် များကို ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗာရာဏသီမြို့အတွင်းရှိ ဆေးဝင်္ကပါ မြန်မာကျောင်းတိုက်သို့ သွားရောက် ကြပြီး ဆရာတော် ဒေါက်တာဘဒ္တ မဏ္ဍလထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော်များ အား ဝါဆိုသင်္ကန်း၊ န၀ကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများကို လည်း ကောင်း၊ ဗာရာဏသီမြို့ရှိ စာသင်သား သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များအား န၀ကမ္မ အလှူငွေများကို လည်းကောင်း ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗာရာဏသီမြို့ရှိ 39 Gorkha Training Centre(GTC) ကျောင်း သို့ ရောက်ရှိပြီး မီတာ ၅၀၀ စက်ပစ် ကွင်းအတွင်း သင်တန်းသားများ၏ လက်နက်ငယ်ပစ်ခတ်လေ့ကျင့်မှုအား Dronacharya Fire Control Centre မှ ကြည့်ရှုလေ့လာကြကာ သင်တန်းသားများ၏ ဂေါ်ရခါးဓားဖြင့် တိုက်ခိုက်ရေးစွမ်းရည် သရုပ်ပြပွဲကို ကြည့်ရှုအားပေးကြ ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment