Tuesday, August 27, 2019

ပြည်သူများ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ

အယ်ဒီတာ့အာဘော်
---------------------------

မြန်မာပြည်တစ်ဝန်း အေးချမ်းသာယာပါမှ ပြည်သူအများ၏ စိတ်နှလုံးလည်း အေးချမ်းနိုင်မည်ဖြစ်သည်။ ယခုအခါကာလအတွင်း မြန်မာပြည်တစ်ဝန်းရှိ အချို့နေရာဒေသတို့၌ ရေကြီးရေလျှံ၊ မိုးသည်းထန်မှုတို့ကြောင့် ပြည်သူ အချို့ ဘေးဒုက္ခကြုံတွေ့ခဲ့ရမှုများနှင့် မန္တလေး-မူဆယ်ကားလမ်းပိုင်း အချို့ နေရာတို့၌ တိုက်ခိုက်ဖျက်ဆီးခံရခြင်းတို့ကြောင့် ခရီးသွားနှင့် ကုန်စည်များ၊ ဒေသခံပြည်သူများ အခက်အခဲဒုက္ခကြုံတွေ့ရမှုဖြစ်စဉ်များသည် မြန်မာ ပြည်သူများအတွက် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာများသာ ဖြစ်ပါသည်။
ဖြစ်စဉ်များကို သတင်းစာမျက်နှာများပေါ်တွင်သာမက လူမှုကွန်ရက် မျက်နှာစာများပေါ်တွင်ပါ နေ့စဉ်မြင်တွေ့ကြားသိနေရပါသည်။ လူအများ ဒုက္ခကြုံတွေ့ရမှုများကို အများပြည်သူသိရှိနိုင်စေရန် သူ့ထက်ငါဦး သတင်းထူးအဖြစ် အလျင်အမြန်တင်ပြကြ၏။ သတင်းဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ဆက်လက်ဖော်ပြကြ၏။ ကောင်းခြင်း၊ ဆိုးခြင်းအလုံးစုံကို အဖြစ်ကိုအဖြစ်အတိုင်း၊ အရှိကိုအရှိ အတိုင်း တင်ပြနေကြသည်မှာ ပြည်သူများ၏သိလိုမှုကို ဆောင်ကြဉ်းပေးနေ ခြင်းသာ ဖြစ်သည်။
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများသို့သွားသည့် ဂုတ်တွင်းတံတား ဩဂုတ်လ ၁၅ ရက်က မိုင်းခွဲဖျက်ဆီးခံရ၏။ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်မှု ရပ်တန့်သွား ၏။ ဩဂုတ်လ ၂၀ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ငါးရက်နှင့် အပြီး ယာယီဘေလီတံတားကို တည်ဆောက်ပေးခဲ့၏။ ဂုတ်တွင်းတံတား ပြန်လည်ဖွင့်လှစ်ပေးနိုင်သဖြင့် ခရီးသည်နှင့် ကုန်စည်ယာဉ်များ ဖြတ်သန်း သွားလာကြပြီး မန္တလေးကုန်စည်ဒိုင်နှင့် မူဆယ်ဈေးကြီးတို့တွင် အရောင်း အဝယ် ပြန်လည်သွက်လက်စည်ကားလာ၏။ တိုက်ပွဲများကြောင့် သေဆုံး ဒဏ်ရာရသူများ၊ ဒုက္ခသည်များအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့် စေတနာရှင်များက ထောက်ပံ့ကူညီအားပေးကြ၏။ အများပြည်သူ လုံခြုံမှုပြန်လည်ရရှိရေးကို ကာကွယ်စောင့်ရှောက်ပေးကြ၏။
အလားတူ မွန်ပြည်နယ် ပေါင်မြို့နယ်မှ မြေပြိုမှုဖြစ်စဉ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေကြီးမှုဖြစ်စဉ်များ ဖြစ်ပွားလျှင်ဖြစ်ပွားချင်း သက်ဆိုင်ရာနှင့်အဖွဲ့အစည်းများ၊ စေတနာရှင်များက ချက်ချင်းသွား ရောက် ကယ်တင်စောင့်ရှောက် ထောက်ပံ့ကူညီအားပေးကြသည်။ ပျက်စီး သွားသောလမ်းပိုင်းများကို သက်ဆိုင်ရာတို့က ချက်ချင်းပြင်ဆင် ဆောင်ရွက်ပေးကြသည်။ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေဘဲ ကူးသန်းသွားလာမှု၊ ကုန်စည်စီးဆင်းမှု လွယ်ကူအောင် အလျင်အမြန် ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါဖြစ်စဉ်များသည် ပကတိဖြစ်ပေါ်နေသော သတင်းအမှန်များ ဖြစ်သည်။ တစ်ဖက်တွင် လုံခြုံဘေးကင်းမှုမရှိသောသတင်းများ၊ ပြည်သူများဘေးဒုက္ခရောက်နေသောသတင်းများ၊ ကုန်စည်ပစ္စည်းများ အခက်အခဲရှိမှုသတင်းများလည်း နေ့စဉ်ကြားသိနေရပြန်သည်။ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှ တိုက်ပွဲသတင်းများ၊ စစ်ဘေး ဒုက္ခသတင်းများနှင့် မရှေးမနှောင်းတွင် သီပေါမြို့နယ် ဘော်ကြိုဒေသနှင့် နန့်လန်ဒေသ၌ လူထုအကျိုးပြု မဟာလူသားဆန် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ များ ရရှိတော်မူသော သီပေါနန့်လန်ဒေသဖွား သာသနာ့အာဇာနည် ဆရာတော်သုံးပါး ကြိုဆိုဂုဏ်ပြုပွဲ မင်္ဂလာသတင်း၊ ဒေသခံ ရှမ်းတိုင်းရင်း သား ပြည်သူများတပျော်တပါး၊ အများပြည်သူ နှလုံးစိတ်ဝမ်းချမ်းမြေ့ဖွယ်ရာ သတင်းဖြစ်သည်။
လောကတွင် အကောင်းနှင့်အဆိုး၊ အပြုနှင့်အဖျက်တို့သည် အစဉ် အမြဲဒွန်တွဲနေသည်။ ကောင်းကျိုးချမ်းသာဖြစ်ခြင်းနှင့် ဆင်းရဲဒုက္ခ ရောက်ခြင်းတို့ တွဲ၍ရှိမည်ဖြစ်သည်။ လောကငြိမ်းချမ်းသာယာရေး၊ ကောင်းကျိုးချမ်းသာဖြစ်ရေးကို တိုင်းရင်းသားပြည်သူအားလုံး အလိုရှိ ကြသလို လက်တွေ့လည်း ကြိုးပမ်းတည်ဆောက်နေသော ကာလ၌ ကောင်းသတင်း၊ မကောင်းသတင်းများကို မျှတစွာထုတ်ဖော်ခြင်းဖြင့် အများပြည်သူ ခွဲခြားဆင်ခြင်ခံစားနိုင်အောင် အသိပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပကတိဖြစ်ပေါ်နေသော ဖြစ်စဉ်အမှန်များကို မြင်သာ ထင်သာအောင် မျှမျှတတ ရှင်းရှင်းလင်းလင်း ထုတ်ဖော်အသိပေးခြင်းဖြင့် မြန်မာပြည်သူ ပြည်သားများအားလုံး အသိအမြင်ဆင်ခြင်ဉာဏ်ပွား၍ နှလုံးစိတ်ဝမ်းငြိမ်းအေးနိုင်ပါစေကြောင်း။ ။

No comments:

Post a Comment