Wednesday, August 28, 2019

စကားတစ်ခွန်းဖြင့် ကောင်းကျိုးဆောင်ကြဉ်း

အယ်ဒီတာ့အာဘော်
----------------------

မြန်မာပြည်ရှိ အများပြည်သူတို့ အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ် လုပ်ကြရာတွင် လက်ချည်းသက်သက် အလုပ်လုပ်ကြသူ၊ ပါးစပ်ဖြင့်ချည်း သက်သက် အလုပ်လုပ်ကြသူ၊ လက်နှင့် ပါးစပ်ရော၍ အလုပ်လုပ်ကြသူ ဟူ၍ အမျိုးမျိုးရှိကြသည်။ ဤသို့အလုပ်လုပ်ကြရာတွင် ပါးစပ်တည်းဟူသော စကားအရာသည်သာ ရှေ့ဆောင်လမ်းပြ အရေးပါအရာရောက်နေသည်ကို တွေ့ရသည်။
မြန်မာပြည်တွင် ပါးစပ်တစ်ခုဖြင့် အလုပ်ကောင်းကောင်းလုပ်ကြ သည်။ စကားတစ်ခွန်းနှင့်ပင် ကိစ္စအလုံးစုံကို ပြီးဆုံးခြင်းသို့ရောက်အောင် ပို့ဆောင်ပေးနိုင်သည်။ စကားတစ်ခွန်းနှင့်ပင် လူအများကို ကောင်းကျိုး ဆောင်ကြဉ်းပေးနိုင်သည်။ စကားတစ်ခွန်းကြောင့်ပင် မိမိလည်းဒုက္ခရောက်၊ အများသူငါကိုလည်း ဒုက္ခပေးဝေနိုင်သည်။ စကားသည် ကောင်းကျိုးထက် မကောင်းကျိုးဘက်သို့ တိမ်းညွတ်တတ်သဖြင့် သတိပြုဆင်ခြင်စကား ပြောတတ်ဖို့လိုသည်။
မည်သို့သောအလုပ်ကိုလုပ်သည်ဖြစ်စေ မိမိအတွက်၊ အများအတွက် ကောင်းသောစကား၊ အကျိုးရှိသောစကားတို့ကိုသာ ဆိုထိုက်သည်။ မင်္ဂလာရှိသောစကားအရာကို ဆောင်ကြဉ်းခြင်းဖြင့် လောကလူသားများ အကျိုးကို ရှေးရှုသင့်သည်။ "သုဘာသိတာစ ယာဝါစာ" ကောင်းသော စကားကို ပြောဆိုတတ်ခြင်းနှင့် "အနဝိဇ္ဇာနိ ကမ္မနိ"အပြစ်ကင်းသော အလုပ်၊ အများအကျိုးပြုသောအလုပ်တို့အား လုပ်ဆောင်ခြင်းကို မင်္ဂလာ တရားတော်တွင် ညွှန်ပြထားသည်။
ကောင်းသောစကားဆိုသည်မှာ မှန်ကန်သောစကား၊ နူးညံ့သော စကား၊ ချိုသာသောစကား၊ ကုန်းမတိုက်သောစကား၊ အများအကျိုးရှိသော စကား၊ မမှန်ကန်သော်လည်း ပြောသင့်သောစကားတို့ ဖြစ်သည်။ မကောင်း သောစကားဆိုသည်မှာ မမှန်ကန်သောစကား၊ မှန်ကန်သော်လည်း မပြောသင့်သောစကား၊ ချောက်ချသောစကား၊ ကိုယ်ကျိုးစီးပွားရှေ့တန်း တင်သောစကား၊ လိုသည်ထက်ပို၍ ပြောသောစကား၊ ချဲ့ကားသော၊ ပုံကြီးချဲ့သောစကားတို့ဖြစ်သည်။
မျက်မှောက်ကာလ လူမှုဘ၀၊ စီးပွားဘ၀နယ်ပယ်များ၌ အများ ပြည်သူတို့ မှန်ကန်သောစကား၊ ကောင်းသောစကားတို့ကြောင့် အဆင်ပြေ ကြပြီး မမှန်ကန်သောစကား၊ မကောင်းသောစကားတို့ကြောင့် အဆင်မပြေ ဖြစ်ကြရသည်။ အထူးသဖြင့် စီးပွားရေးနယ်ပယ်၌ ပါးစပ်စကားတစ်ခုတည်း ဖြင့်ပင် ဈေးနှုန်းအတက်အကျဖြစ်နေသည်မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရှိမည်ထင်သည်။ တစ်နေရာတစ်မျိုးဖြင့် မည်သည့်စံနှုန်းဖြင့် ကုန်ဈေးနှုန်း သတ်မှတ်သည်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။ လူမှုရေးနယ်ပယ်၌ နိုင်ငံအတွင်း တစ်စုံတစ်ရာ ပြဿနာ၊ တစ်စုံတစ်ခုဂယက်ရိုက်ခတ်မှုဖြစ်သည်နှင့် သက်ဆိုင်ရာနီးစပ်ရာ လူမှုဘ၀နယ်ပယ်၊ လူမှုဘ၀ အသိုက်အဝန်း အတွင်း မတည်မငြိမ်ချက်ချင်းဖြစ်တော့သည်။
မျက်မှောက်ကာလ၌ သဘာ၀ဘေးကြောင့်သော်လည်းကောင်း၊ လူတို့ဘေးကြောင့်သော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ မြန်မာ့နိုင်ငံရေးအခြေအနေ တစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်သည်နှင့် ကုန်ဈေးနှုန်းမှာ တက်ရန် အသင့်ဖြစ်နေသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍၊ စက်သုံးဆီ ဈေးကြီးမြင့်၍၊ မီတာခဈေးတက်၍၊ ဒေါ်လာဈေးတက်၍၊ ကုန်ပစ္စည်း ပြတ်လပ်၍ စသည်စသည်တို့ကို အကြောင်းပြု၍ ကုန်ဈေးနှုန်းများ တက် တော့သည်။ အကျိုးရလဒ်ကို ခံစားနေကြရသူများမှာ မြန်မာပြည်တစ်ဝန်းလုံးမှ ပြည်သူများသာဖြစ်သည်။ ယင်းတို့ကို ပါးစပ်စကားဖြင့်သာ သတ်မှတ် ခဲ့ကြသည်။
သို့ဖြစ်ရာ မြန်မာပြည်သူ ပြည်သားများ ကိုယ်စိတ်နှစ်ပါး အေးငြိမ်း ချမ်းသာပြီး လူမှုအသိုက်အဝန်း၌ ပျော်ရွှင်ချမ်းမြေ့စွာနေနိုင်ရေးအတွက် "သုဘာသိတာစ ယာဝါစာ" ကောင်းသောစကားကို ပြောဆိုတတ်ခြင်း နှင့် "အနဝိဇ္ဇာနိ ကမ္မနိ" အပြစ်ကင်းသောအလုပ်၊ အများအကျိုးပြုသော အလုပ်တို့ကို လုပ်ဆောင်ခြင်းနှင့် "အနာကုလာစ ကမ္မန္တာ" သူတစ်ပါးကို မထိခိုက်သော အလုပ်ကိုပြုလုပ်ခြင်းဖြင့် ကောင်းကျိုးများကို ဆောင်ကြဉ်း ပေးကြစေလိုပါကြောင်း။ ။

No comments:

Post a Comment