Wednesday, August 7, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြား

Image may contain: 4 people, people sitting, crowd, table and indoor

နေပြည်တော် ဩဂုတ် ၆

အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာ ဖေမြင့်၊ ဦးသန့်စင်မောင်၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်နှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရပ် ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စား လှယ်ပညာရှင်များ၊ UN ၊ INGO နှင့် NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် အခမ်း အနားသည် အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်အန္တရာယ် ကြောင့် ပျက်စီးမှုများနှင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ် ဖြစ်ပါကြောင်း၊ မြေငလျင်လှုပ်ခြင်းသည် အခြားသော သဘာ၀ဘေးအန္တရာယ် များကဲ့သို့ ကြိုတင်ခန့်မှန်း၍မရနိုင်ဘဲ မြေငလျင်၏ ပြင်းအား၊ မြေငလျင်ဒဏ်ခံရ သည့်ဒေသ၏ ထိခိုက်လွယ်မှုအပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုပမာဏ များပြား နိုင်ပါကြောင်း။

ကြိုတင်ပြင်ဆင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး ဆောင်ရွက်

မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံတွင် လှုပ်ခဲ့သည့် ငလျင်လှုပ်ခတ် မှုဖြစ်စဉ်များကို ပြန်ကြည့်မည်ဆိုလျှင် ၂၀၁၁ ခုနှစ် တာလေငလျင်၊ ၂၀၁၂ ခုနှစ် သပိတ်ကျင်းငလျင်၊၂၀၁၆ ခုနှစ် ဧပြီလက ကလေးမြို့အနီး ဗဟိုပြုလှုပ်ခဲ့ သည့် ငလျင်နှင့် ဩဂုတ်လအတွင်း ချောက်မြို့အနီး လှုပ်ခတ်ခဲ့သည့် မြေငလျင်များကြောင့် လူ့အသက်အိုးအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရရုံမျှမက တန်ဖိုးမဖြတ်နိုင်သည့် ပုဂံရှေးဟောင်းအမွေအနှစ် ဘုရား၊ စေတီပုထိုးအချို့ ပြိုကျပျက်စီးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အနီးစပ်ဆုံးဖြစ်ပွားခဲ့သည့် ငလျင်များကို ပြန်ကြည့်မည်ဆိုပါက ဩဂုတ် ၂ ရက်တွင် မော်လိုက်မြို့ အရှေ့တောင်(၁၃)မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ၄ ဒသမ ၇ ရစ်ချက်စတာစကေးရှိသည့် မြေငလျင်၊ ဩဂုတ် ၃ ရက်တွင် မိုးညှင်းမြို့ အရှေ့မြောက် (၉)မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ၃ ဒသမ ၅ ရစ်ချက်စတာစကေးနှင့် ဆင်ဘိုမြို့ အရှေ့မြောက် (၂၈)မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်များဖြစ်ပါကြောင်း။

ငလျင်ဘေးအန္တရာယ်သည် အခြားမီးဘေး၊ ရေဘေး၊ လေဘေး စသည့် ဘေးအန္တရာယ်များကဲ့သို့ မကြာခဏ ဖြစ်ပွားလေ့မရှိသည့်အတွက် အများစု အနေဖြင့် ငလျင်ဘေးအ္တရာယ်ကို မေ့လျော့ပေါ့ဆနေတတ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ကျရောက်နိုင်သည့် သဘာ၀ဘေးအန္တရာယ်ကြီးများအနက် ရေရှည် တွင် ငလျင်ဘေးအ္တရာယ် အကြီးမားဆုံးဖြစ်မည်ဟု ပညာရှင်များယူဆ ထားကြသည်ကိုလည်း သိရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးနည်းလမ်းများကို ကြိုတင် ပြင်ဆင်အကောင်အထည်ဖော် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။

ပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်

ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ မဟာဗျူဟာများနှင့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများပြဋ္ဌာန်း ခြင်း၊ ပြည်သူလူထုအတွင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း စသည် တို့ကို ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တစ်ဦးတည်း၊ တစ်ဖွဲ့တည်းဆောင်ရွက်၍ မရနိုင်သဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်း များ၊ ရပ်ရွာလူထုများနှင့် အားလုံးသော ပါဝင်ပတ်သက်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

၂၀၁၈ ခုနှစ် မေ ၁၅ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၁၈)အစည်းအဝေးတွင် အချိန်ခါမရွေးဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို စနစ်တကျဖြစ်အောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များ အနေဖြင့် အစီအမံများကြိုတင်ချမှတ်ထားကြရန်၊ ငလျင်ဘေးတုံ့ပြန်ဆောင် ရွက်ရေးနှင့်ပတ်သက်၍ Earthquake Response Plan များ ရေးဆွဲကြရန် နှင့် Standard Operating Procedure -SOP များ ရေးဆွဲထားကြရန်၊ ပြည်သူများအနေဖြင့်လည်း ဘေးအ္တရာယ်ဖြစ်ပွားလာပါက ဦးစွာတုံ့ပြန်မှု လုပ်ငန်းများကို စနစ်တကျ ထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ ငလျင်ဘေး နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ အကြိမ် ရေများများပြုလုပ်ထားရန်၊ ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသည့် မြို့၊ ရွာများကို လေ့လာဆန်းစစ်မှုများပြုလုပ်၍ လိုအပ်သည့်အစီအမံများ ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်ရေးနှင့် အမြဲအဆင်သင့် ဖြစ်နေစေရေးသည် အလွန်အရေးကြီးသည့်အတွက် ငလျင်ဘေးကြိုတင် ဆောင်ရွက်ထားရှိမှုများကို ဆန်းစစ်ကြရန် လိုအပ်ပါကြောင်း။

ထည့်သွင်းစဉ်းစားရမည့်အချက်များကို ဖော်ပြထား

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် Earthquake Forum များကို ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း၊ အဆိုပါဖိုရမ်များတွင် ပညာရှင်များနှင့် သက်ဆိုင်ရာဌာနများမှ မြန်မာနိုင်ငံအပေါ် ငလျင်ဘေးအန္တရာယ်သက်ရောက်နိုင်မည့် အခြေအနေများ နှင့် ဘေးအန္တရာယ်လျှော့ပါးရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လူမှုရေးအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူ ပြည်သူ များအပါအဝင် တက်ရောက်လာသူများအားလုံးက ငလျင်ဘေးကြိုတင်ကာကွယ် ရေးဆောင်ရွက်သင့်သည့် အစီအမံများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဖော်ထုတ်ဆွေးနွေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားအဆင့်ငလျင်ဘေးအ္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန် ရေးစီမံချက်ကို ၂၀၁၇ ခုနှစ်ကစတင်၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဆက်နွှယ်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်းများနှင့်ဆွေးနွေးခြင်း၊ ဝန်ကြီး ဌာနအသီးသီးသို့ သဘောထားမှတ်ချက်တောင်းခံခြင်းနှင့် လိုအပ်သလို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီး Final Version အဖြစ် ပြုစုပြီးဖြစ်ပါ ကြောင်း၊ အဆိုပါစီမံချက်တွင် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ခြင်း၊ တုံ့ပြန်ခြင်း၊ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း၊ အရင်းအမြစ်များနှင့် ရန်ပုံငွေများ ပြန်လည်ထူထောင်ရေးအဆင့်သို့ ကူးပြောင်းခြင်း စသည့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကို ဖော်ပြထားပါ ကြောင်း။

ထို့ကြောင့် ယနေ့အခမ်းအနားတွင် အတည်ပြုဖြန့်ချိသည့် အမျိုးသား အဆင့်ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် ကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် သေချာစွာလေ့လာ ဖတ်ရှုပြီး လိုအပ်သလို ရည်ညွှန်းအကောင်အထည်ဖော်ကြရန် အရေးကြီးပါ ကြောင်း၊ သို့မှသာ ငလျင်ဘေးကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံး မှုများ လျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုများကို နှောင့်နှေးရပ်တန့်စေနိုင်မည့် အခြေအနေများကိုလည်း လျော့နည်းစေနိုင်မည်ဖြစ်ပါကြောင်း။

ဟန်ချက်ညီညီ ချိတ်ဆက်ပူးပေါင်း

အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် အကြံပြုချက်များကို အချင်းချင်း အသိအမြင်ဖလှယ်ခြင်းဖြင့် နိုင်ငံအတွင်း ငလျင်ဘေးအန္တရာယ် ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ပိုမိုသတိပြုမိလာမည်ဖြစ်ပါကြောင်းနှင့် ငလျင်ဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် နည်းပညာပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ လက်တွေ့အကောင်အထည်ဖော်မှုပိုင်းဆိုင်ရာ အားသာချက် အားနည်းချက်များအပေါ် သုံးသပ်၍ အားလုံးဟန်ချက်ညီညီ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အစီအမံများကို ဆွေးနွေးပေးကြ ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် UN Resident and Humanitarian Coordinator (ai) , Mr. Knut Ostby က အမှာစကားပြောကြားသည်။
ယင်းနောက် အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ပြန်ရေးစီမံချက်ရေးဆွဲမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆွေးနွေး

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသ ကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းသူ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးတို့ က ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် လက်ရှိဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်၍ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိဏ်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မြမိုးဝင်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးလုပ်ငန်းအဖွဲ့မှ ဒေါ်လတ်လတ်အေးတို့က ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးကြသည်။

သတင်းစဉ်

No comments:

Post a Comment