Wednesday, August 7, 2019

ဝက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သည့် ရှမ်းပြည်နယ် တာချီလိတ်ခရိုင်နှင့် မိုင်းလားအထူးဒေသများသို့ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် အထူးအဖွဲ့များ စေလွှတ်ထား

Image may contain: 1 person, smiling, indoor
ရှမ်းပြည်နယ် တာချီလိတ်ခရိုင်အတွင်းနှင့် မိုင်းလားအထူးဒေသများတွင် ဝက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုသို့သေဆုံးမှုများအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
တွေ့ဆုံမေးမြန်း- ရှင်မင်း
ဓာတ်ပုံ-ထိန်နန်နော်
မေး။ ။ တာချီလိတ်ခရိုင်အတွင်းနဲ့ မိုင်းလားအထူး ဒေသတွေမှာ ဝက်တွေသေဆုံးမှု ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။။ ဒါနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘာတွေဆောင်ရွက်နေတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ မိုင်းလားအထူးဒေသမှာ ဝက်တွေ ရောဂါဖြစ်နေတယ်လို့ သတင်းရပါတယ်။ ကျွန်တော်တို့ ဌာနက မိုင်းလားဒေသမှာ ရုံးခွဲရှိပါတယ်။ ဒီလို ရောဂါ ဖြစ်တယ်လို့ သတင်းရတော့ အာဖရိက ဝက်အပြင်းဖျား ရောဂါလားဆိုတာကို စိစစ်ဖို့အတွက် မိုင်းလား အထူးဒေသက တာဝန်ရှိသူတွေကလည်း စာထွက် ထားတာရှိတယ်လို့ သိရှိရပါတယ်။ ဝက်နဲ့ ဝက်ထွက် ပစ္စည်းတွေကို မတင်သွင်းဖို့၊ မရောင်းချဖို့ ညွှန်ကြားချက် ထွက်ထားတယ်လို့သိရပါတယ်။ သေဆုံးမှု ရှိခဲ့ရင်လည်း စနစ်တကျဖျက်ဆီးဖို့ ညွှန်ကြားထားတယ်လို့ သိရ ပါတယ်။
ဒီလိုတွေ သိရှိရတဲ့အတွက် စစ်ဆေးဖို့အတွက် ကျွန်တော်တို့ဌာနကနေ အထူးအဖွဲ့တစ်ဖွဲ့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စေလွှတ်ထားပြီးပါပြီ။ ဒီအဖွဲ့က မိုင်းလား ဒေသထဲက ဝက်ခြံတွေမှာ Sample တွေ ရယူစစ်ဆေး နိုင်ဖို့ လုပ်ဆောင်နေကြပါပြီ။ အခုလောလောဆယ်တော့ Sample တွေ ကျွန်တော်တို့ဆီကို မရောက်လာသေး ပါဘူး။ ရောက်လာပြီး Sample တွေ စစ်ဆေးပြီးရင် အာဖရိကဝက်အပြင်းဖျားရောဂါ ဟုတ်၊ မဟုတ်ကို ဓာတ်ခွဲခန်းမှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။ စစ်ဆေးပြီး အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားတယ်ဆိုရင် ပြည်သူတွေသိအောင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါ တယ်။
ဒီမနက်မှာလည်း ပညာရှင်အဖွဲ့ တစ်ဖွဲ့ကို မိုင်းလား ဒေသကို ထပ်ပြီးလွှတ်လိုက်ပါပြီ။ မိုင်းလားဒေသက ဝက်တွေရဲ့ အခြေအနေကို မြေပြင်ကွင်းဆင်းပြီး အချက် အလက်တွေ ကောက်ယူတာ၊ Sample တွေ ရယူ တာတွေ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ဒီရောဂါ ဖြစ်၊မဖြစ်ကို ဓာတ်ခွဲ ခန်းမှာသာ စစ်ဆေးပြီးမှ သိရှိနိုင်မှာဖြစ်ပါတယ်။ အထူး ဒေသ(၂)နဲ့ အထူးဒေသ(၄)မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။ ဒီဒေသတွေကို ပညာရှင်တွေလွှတ်ပြီး စိစစ် စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ညှိနှိုင်းပြီးတော့ အထူး ဒေသ(၄)နဲ့ အထူးဒေသ(၂)ကို ပညာရှင်တွေ လွှတ်လိုက် ပါပြီ။
တာချီလိတ်ခရိုင်အတွင်းမှာလည်း ဝက်တွေ နေမကောင်းတာတွေဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒါကြောင့် စနေနေ့က ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်ပြီး ဖြစ်ပွားတယ်လို့ သံသယရှိတဲ့နေရာတွေ စိစစ်စစ်ဆေး နေပါတယ်။
ဒါနဲ့ပတ်သက်ပြီး သတင်းတွေဖော်ပြတာရှိပါတယ်။ သတင်းတွေထဲမှာ ဝက်တွေ ၁၀၀၀ လောက်သေတယ်၊ ၂၀၀၀ လောက်သေတယ်ဆိုပြီး ဖော်ပြကြတာရှိပါတယ်။ ဓာတ်ပုံတွေလည်း ဖော်ပြကြတာရှိပါတယ်။ သတင်း ကတော့ ကြားတဲ့သတင်းကို ရေးကြတာဖြစ်ပါတယ်။ ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး စုံစမ်းစိစစ်ကြည့်တဲ့အခါ တရုတ်နိုင်ငံကဖြစ်ပွားတဲ့ ဓာတ်ပုံကို သတင်းနဲ့တွဲပြီး ထည့်လိုက်တယ်လို့ သိရပါတယ်။ ပြီးတော့ တာချီလိတ် က သတင်းမှာလည်း လာအိုနိုင်ငံက ဖြစ်ပွားတဲ့ဓာတ်ပုံ ကို ထည့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ကတော့ ဖြစ်ပွားတဲ့ ဒေသတွေကို သွားရောက်ကွင်းဆင်းနေကြပါပြီ။ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက ကွင်းဆင်းတဲ့အခါ ဝက်တွေ နေမကောင်းဖြစ်တာ ဟိုရွာနည်းနည်း၊ ဒီရွာနည်းနည်းနဲ့ ဝက်အကောင်ရေ ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာ နေမကောင်းဖြစ်တဲ့ဝက်ကို တိုက်ရိုက် မတွေ့သေးဘူး။ ဒီလို နေမကောင်းဖြစ်တဲ့ ဝက်ဆီကနေ Sample ယူပြီး စစ်ဆေးပြီးတော့ အတည်ပြုချက်နဲ့ ရောဂါအခြေအနေကို ထုတ်ပြန်ရမှာဖြစ်ပါတယ်။
၁၀၀၀ လောက်သေတယ်ဆိုတာ အတိအကျ မဟုတ်ပါဘူး။ ကျွန်တော်တို့ဌာနကနေ ဒီဒေသတွေကို ကွင်းဆင်းတဲ့အခါ နှစ်လ၊ သုံးလအတွင်းမှာ သေတာ ၁၀၀ လောက်ရှိတယ်လို့ သိရတယ်။
မေး။ ။ ရောဂါလက္ခဏာတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ရှင်းပြချင်တာ ရှိပါတယ်။ ယေဘုယျအားဖြင့် ဝက်တွေက ဘာရောဂါဖြစ်ဖြစ် ဒီလောက်တော့ သေဆုံးမှုရှိပါတယ်။ ဝက်တွေနဲ့ပတ်သက်ပြီး ဖြစ်ပွားတတ်တဲ့ ရောဂါတွေက ဝက်ဝမ်းသွားတာ၊ ဝက်အအေးမိတာ၊ ကိုယ်ခံအားကျဆင်း တာ ဒါမျိုးတွေနဲ့ သေဆုံးတာမျိုးရှိတယ်။ ရောဂါလက္ခဏာ တွေက ဆင်တူတယ်။ ဒါကြောင့် ဓာတ်ခွဲခန်းမှာ စစ်ဆေး ပြီးမှ ဟုတ်၊ မဟုတ်ဆိုတာ သိရှိရမှာဖြစ်ပါတယ်။ ဒီအတွက် ကိုလည်း အမြန်ဆုံးဆောင်ရွက်နေပါတယ်။
ရောဂါလက္ခဏာက တခြားရောဂါတွေနဲ့ ဆင်တူနေ တယ်။ ဝက်တွေမှာ အနီကွက်ထွက်တာမျိုး၊ ဝမ်းသွား တာမျိုး၊ အန်တာမျိုး၊ တုန်ယင်နေတာမျိုးတွေ တွေ့နိုင်ပါ တယ်။ ဒါပေမယ့် ဒီလက္ခဏာတွေက ဝက်တွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ တခြားရောဂါလက္ခဏာနဲ့ ဆင်တူတယ်။
တာချီလိတ်နဲ့ မိုင်းလားဒေသကို စုစုပေါင်းအဖွဲ့ သုံးဖွဲ့ စေလွှတ်ထားပါတယ်။ ပညာရှင်အဖွဲ့ နှစ်ဖွဲ့နဲ့ ဒေသ ကျွမ်းကျင်သူ တစ်ဖွဲ့ပါ။ ထပ်ပြီးတော့လည်း လွှတ်ဖို့ရှိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသတွေက နယ်စပ်ဒေသ တွေဖြစ်ပြီး တရုတ်၊ လာအိုတို့နဲ့ နီးတဲ့အတွက် ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားနိုင်ခြေများတဲ့အတွက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်ပွားမှု ရှိ၊ မရှိကတော့ သေတဲ့အကောင်ဆီ ကနေ Sample ယူပြီး စမ်းသပ်လို့မရပါဘူး။ သေတဲ့ အကောင်မှာက အခြားရောဂါတွေ အများကြီးဝင်ရောက် နေနိုင်တဲ့အတွက် တိကျတဲ့အဖြေကို မရနိုင်ပါဘူး။ ရှင်တဲ့ အကောင်ဆီက Sample ယူပြီးစမ်းသပ်မှသာ သိရှိရ မှာပါ။
လူကို မကူးစက်နိုင်ပေမယ့် ရောဂါဖြစ်တဲ့အသားက တော့ မစားသင့်ပါဘူး။ လူမှာ အန္တရာယ်မရှိနိုင်ပေမယ့် တကယ်လို့ စားခဲ့ရင် စားပြီးလွှင့်ပစ်တဲ့ အကြွင်းအကျန် တွေကနေ ကူးစက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မွေးမြူရေးစနစ်မှာက စားကြွင်းစားကျန်တွေ ကို ကျွေးတာများပါတယ်။ ဒီကနေ ကူးစက်တာ များပါ တယ်။ ဒါကြောင့် မွေးမြူရေးစနစ်မှာ အကြွင်းအကျန်တွေကို မကျွေးသင့်ဘူးဆိုတာကို ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ တကယ်လို့ မဖြစ်မနေကျွေးမယ် ဆိုရင် ပိုးသေအောင် ကျိုချက်ပြီး ကျွေးသင့်ပါတယ်။
ဒီရောဂါရဲ့ ထူးခြားချက်က အေးခဲအသားတွေ၊ ဝက်ပေါင်ခြောက်တွေ၊ ဝက်အူချောင်းတွေမှာ အကြာကြီး နေနိုင်ပါတယ်။ ဒီလို ရောဂါပိုးက မပျက်စီးလွယ်ဘဲ အကြာကြီးနေနိုင်တဲ့အတွက် တားဆီးရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုပါ။ ဒါကြောင့် တရုတ်နိုင်ငံက အေးခဲ အသားတွေကို မြန်မာနိုင်ငံကို တင်သွင်းခွင့် မပြုတာဖြစ် ပါတယ်။ တကယ်လို့ ရောဂါဖြစ်ပွားရင် ဖြစ်ပွားတဲ့ဝက်ကို စနစ်တကျ မြေမြှုပ်သင့်ပါတယ်။ ဒီရောဂါက ကူးစက်မှု မမြန်ပေမယ့် ဖြစ်ပွားရင် သေဆုံးနိုင်ခြေ မြင့်မားတယ်။ ရောဂါအတွက် ကာကွယ်ဆေးမရှိဘူး။ ကုသဖို့ ဆေးမရှိ သေးဘူး။
နယ်စပ်တွေမှာ ဖြစ်ပွားနိုင်မှု မြင့်မားတဲ့အတွက် နယ်စပ်တွေမှာ၊ လေဆိပ်တွေမှာ၊ ရေဆိပ်တွေမှာ တားဆီး တယ်။ ဒါက ကာကွယ်မှုတစ်ခုပါ။ အကယ်၍ ဖြစ်ပွားရင် အလျင်အမြန်ထိန်းနိုင်အောင် ကျွန်တော်တို့အနေနဲ့ လေ့ကျင့်ဆောင်ရွက်ထားရပါတယ်။ ခုနက ပြောခဲ့သလို မြို့နယ်အဆင့်အထိ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ထား တယ်။ ဖြစ်ပွားတယ်ဆိုရင် ဘာလုပ်ကြမယ်ဆိုတာနဲ့ လိုအပ်တဲ့ပိုးသတ်ဆေးတွေကိုလည်း ဖြန့်ဝေထားပါတယ်။
မေး။ ။ အရင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့မှု ရှိခဲ့ပါ သလား။
ဖြေ။ ။ ရောဂါလက္ခဏာက တခြားရောဂါတွေနဲ့ ဆင်တူ နေတယ်။ ဖြစ်၊ မဖြစ်ကိုတော့ ဓာတ်ခွဲစစ်ဆေးမှ သိရှိနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် သံသယရှိတာနဲ့ နီးစပ်ရာ ကျွန်တော်တို့ ဌာနတွေ၊ ဒေသအာဏာပိုင်တွေ ဆီကို အကြောင်းကြားပေးပါ။ အကြောင်းကြားတာနဲ့ စိစစ်ပြီး ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းတွေကို ဆောင်ရွက် ပါတယ်။ ကျန်တဲ့ ဝက်ရောဂါတွေက ကာကွယ်ဆေးရှိပါ တယ်။ ဒါကြောင့် ဝက်မွေးမြူရေးမှာ ကာကွယ်ဆေးတွေ ထိုးထားကြတယ်။ ဒီလိုထိုးတာတောင် ရောဂါဖြစ်ပွားရင် အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနိုင်ခြေများတယ်။ မြန်မာနိုင်ငံမှာက အရင်က ဖြစ်ပွားခဲ့မှု မရှိသေးပါဘူး။ အခု ဖြစ်ပွားမှု ရှိ၊ မရှိ အတည်မပြုနိုင်သေးပေမယ့် အထူး ဂရုစိုက်ရပါမယ်။
မေး။ ။ အခု ဝက်တုပ်ကွေးလို့လည်း ခေါ်နေကြပါတယ်။ ဘယ်လိုကွာခြားတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ Africa Swine Flu ကို အာဖရိက ဝက် အပြင်းဖျားရောဂါလို့ ခေါ်ပါတယ်။ ဝက်တုပ်ကွေး လို့ မခေါ်ပါဘူး။ တုပ်ကွေးဆိုတာက ကူးစက်မှုမြန်တဲ့ သဘော ဖြစ်ပါတယ်။ ဒီရောဂါကျတော့ တုပ်ကွေးလိုမျိုး မဟုတ်ပါဘူး။ သူက ကူးစက်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ကူးစက်ပြီးရင် ပျက်စီးဖို့ ရာခိုင်နှုန်းများပါတယ်။ ဒီရောဂါက လူကိုလည်း မကူးစက်နိုင်ပါဘူး။ ဝက်တွေမှာတော့ ဖြစ်ပွား တယ်ဆိုရင် ပျက်စီးမှုများနိုင်တယ်။ ဒီလိုပျက်စီးမှုတွေရှိရင် ဝက်မွေးမြူရေးလုပ်ငန်း ထိခိုက်မှုများနိုင်တယ်။ ဒါကြောင့် ဒီရောဂါဖြစ်ပွားမှာ စိုးရိမ်ပါတယ်။
မေး။ ။ ဒီရောဂါအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါ သလား။
ဖြေ။ ။ ဒီရောဂါက ၂၀၁၈ ခုနှစ်က အာရှဒေသ တရုတ် နိုင်ငံမှာ ဖြစ်ပွားတာရှိတယ်။ တရုတ်နိုင်ငံမှာ ဖြစ်ပွားကတည်းက မြန်မာနိုင်ငံနဲ့ နီးတဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ သက်ဆိုင်ရာ နယ်စပ်ဂိတ် တွေ၊ ဝင်ပေါက်၊ ထွက်ပေါက်အားလုံးမှာ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။ ပိုစတာတွေ ကပ်တာ၊ လက်ကမ်းစာစောင်တွေဖြန့်တာ ဒါတွေကိုလည်း ဆောင်ရွက်ခဲ့တယ်။ ပညာပေးလုပ်ငန်းတွေကို ဒေသ ဘာသာစကားတွေနဲ့လည်း ဆောင်ရွက်ခဲ့ပါတယ်။ လေဆိပ်၊ ရေဆိပ်တွေ အားလုံးမှာလည်း ဆောင်ရွက်ခဲ့ပါ တယ်။ ကျွန်တော်တို့ဌာနက ဝန်ထမ်းတွေက မြို့နယ် ၃၃၀ မှာ ရှိပါတယ်။ ဒီဝန်ထမ်းတွေအားလုံးကို ဒီရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ပွားမှုရှိလာရင် ဘာတွေလုပ်ဆောင် ပေးရမယ်ဆိုတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို သင်တန်းပေးပြီး သားပါ။ သင်တန်းပေးရုံတင်မကဘဲ ဖြစ်ပွားမှုသ္ဌာန်တူ လေ့ကျင့်ခန်းတွေကိုပါ လေ့ကျင့်ဆောင်ရွက်ပြီးသားပါ။
ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွားနိုင်မှု မြင့်မားတဲ့ နေရာဒေသတွေမှာ စူးစမ်းထောက်လှမ်းမှုတွေ လုပ်နေတာ ရှိပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး ဥပဒေအရ အရေးကြီး ရောဂါ(ခ)အဆင့်ကနေ(က)အဆင့်ဆိုပြီး ပြောင်းလဲ သတ်မှတ်ခဲ့တာလည်း ရှိပါတယ်။ ရောဂါဖြစ်ပွားမှုရှိရင် လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါ လွယ်ကူစေဖို့ ဒေသ အာဏာပိုင်တွေ၊ လူမှုအဖွဲ့အစည်းတွေကိုပါ လုပ်ငန်းစဉ် ဆောင်ရွက်မှုအဆင့်ဆင့်ကို ရှင်းပြခဲ့ပါတယ်။ ဒီရောဂါ စစ်ဆေးဖို့အတွက် စစ်ဆေးတဲ့လုပ်ငန်းစဉ်အတွက်လည်း ပြင်ဆင်ထားပြီးသားပါ။ ဒီလိုစစ်ဆေးတဲ့နေရာမှာ နိုင်ငံတကာစံနှုန်းနဲ့အညီ စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ဓာတ်ခွဲခန်း တွေက ဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးပြီး ဖြစ်ပါတယ်။
ဒီရောဂါနဲ့ပတ်သက်ပြီး လေဆိပ်တွေမှာလည်း အထူးသဖြင့် မန္တလေးနဲ့ နေပြည်တော်လေဆိပ်မှာ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို တားမြစ်ထားပါတယ်။ တွေ့ရင် သိမ်းဆည်းဖျက်ဆီးပါတယ်။ မယူရဘူးဆိုတာ ကိုလည်း အရင်ကတည်းက အမိန့်ထုတ်ပြီးသားပါ။ တာချီလိတ်နဲ့ မိုင်းလားဒေသမှာ စစ်ဆေးတွေ့ရှိတာ တွေကိုလည်း ပြည်သူတွေသိရှိအောင် ထုတ်ပြန်ပေးသွား မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားရင် ဘယ်လိုအလျင်အမြန် ဆောင်ရွက်ရမယ်ဆိုတာ သင်တန်းပေးခဲ့ပါတယ်။ ရောဂါဖြစ်ပွားတယ်လို့ သတင်းရပြီးတော့ ကွင်းဆင်း သွားရောက်တဲ့အခါ ဖြစ်ပွားမှုက မရှိတော့ဘဲ သတင်းပဲ ကျန်ခဲ့တာမျိုး ရှိပါတယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်း ကွင်းဆင်းနိုင်ဖို့အတွက် တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး ရောဂါဖြစ်ပွားမှုကို ချက်ချင်းသိရှိစေနိုင်ဖို့ သတင်း ကွန်ရက်တစ်ခုကို တည်ထောင်သွားမှာပါ။ အခု တာချီလိတ်အတွက်တော့ နည်းနည်းနောက်ကျသွား တယ်၊ သတင်းကြားပေမယ့် လက်တွေ့ ကွင်းဆင်းတဲ့အခါ ချက်ချင်း နမူနာမရခဲ့ပါဘူး။
မေး။ ။ ပြည်သူတွေသိရှိဖို့ ဖြည့်စွက်ပြောကြားပေးပါ။
ဖြေ။ ။ အာဖရိက ဝက်အပြင်းဖျားရောဂါက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်ကတည်းက ဖြစ်ပွားတာပါ။ ဒါပေမယ့် သူတို့ဆီမှာက ကျယ်ကျယ် ပြန့်ပြန့် မဖြစ်ပွားဘူး။ အခု အာရှတိုက်ဘက်ကို ကူးစက်လာတယ်။ အာရှတိုက်က မွေးမြူရေးလုပ်ငန်း များတော့ ဖြစ်ပွားမှုများတယ်။ ဒီရောဂါက ကာကွယ် ကုသဆေးမရှိသေးတဲ့အတွက် သတိထားရပါတယ်။ ပြီးတော့ ကျန်တဲ့ရောဂါတွေ ကာကွယ်နိုင်အောင်လည်း ကာကွယ်ဆေးထိုးရမှာဖြစ်ပါတယ်။ လူကို မကူးစက်နိုင် ပေမယ့် စားသုံးဖို့အတွက် ကျွန်တော်တို့ တားမြစ်ပါတယ်။ ဒီရောဂါကို ကာကွယ်နိုင်ဖို့အတွက် သန့်ရှင်းသပ်ရပ်တဲ့ မွေးမြူရေးစနစ်ကို ထူထောင်ဖို့က အရေးကြီးပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။

No comments:

Post a Comment