Thursday, August 29, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ကျင်းပ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆက်လက်ဆွေးနွေး




No photo description available.
နေပြည်တော် ဩဂုတ် ၂၈




ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင် ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် များက ဆက်လက်ဆွေးနွေးကြသည်။
တပ်မတော်သားပြည်သှူလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင် က ၄၅ ဦးပါ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များ သည် ယနေ့အချိန်အထိ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအတွက် လိုက်နာ ရမည့် ဥပဒေပုဒ်မများကို လိုက်နာ နိုင်သည့်အဆင့်သို့ပင် မရောက်သေး သည်ကို တွေ့ရပါကြောင်း၊ ပြင်ဆင်ရန် အကြံပြုချက် ၃၇၆၅ ချက်ကို ဥပဒေ မူကြမ်းအဖြစ် ပြုစုနိုင်ရန်လည်း အချိန်ယူ ညှိနှိုင်းကြရဦးမည် ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၅ ပါအတိုင်း ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်ခြင်းလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်အုပ်လုံးကို ပြင်ဆင်ရန် လေ့လာ စိစစ်ခြင်းလုပ်ငန်းစဉ်များသည် အနှစ်သာရရော လားရာပါမတူနိုင်သကဲ့သို့ ပြင်ရန်လွယ် ကူမှုနှုန်းလည်း မတူနိုင်သည့်အတွက် ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို ကန့်ကွက်ပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ပြင်ဆင် ခြင်း ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအတိုင်းသာ ဆက်လက် ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင် က ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် မိမိတို့နိုင်ငံ၏ အဓိကလိုအပ်သည့်ဥပဒေဖြစ်ပြီး မိမိတို့ မိသားစုများ မှီတင်းနေထိုင်ကြသည့် အိမ်ကြီးနှင့် တူပါကြောင်း၊ မိမိတို့အိမ်ကို တစ်ပိုင်းပြီးတစ်ပိုင်း ပြုပြင်လိုပါက ပြုပြင်နိုင်ပါကြောင်း၊ အိမ်ဟောင်းကိုဖြိုပြီး အိမ်သစ်ဆောက်လိုပါက မိမိတို့မိသားစုက ယာယီရွှေ့ပြောင်းနေထိုင်ကြပြီးမှသာ အိမ်ဟောင်းဖြို၍ ရပါကြောင်း၊ ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေအခန်း(၁၂)ပါ ပြဋ္ဌာန်းချက် အတိုင်းသာ ပုဒ်မတစ်ခုပြီးမှတစ်ခု ပြင်စေလိုပါကြောင်း၊ ဥပဒေစာအုပ်တစ်အုပ်လုံးကို ပြင်ဆင်ရန်မှာ ကြားဖြတ်အစိုးရတစ်ရပ် ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခုသာ ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအစီရင်ခံစာအပေါ် တပ်မတော်သား ပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမိုးမြင့်အောင်၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်နှင့် တပ်မတော်သား ပြည်သှူ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဒေါ်သူဇာရွှေတို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်းအစီအစဉ် ပြီးဆုံးပြီဖြစ် ကြောင်းနှင့် ကျန်ရှိသည့် အစီအစဉ်များ ဆက်လက်ဆောင်ရွက်မည့်နေ့ရက်ကို ထပ်မံ အသိပေးမည်ဖြစ်ကြောင်း ကြေညာသည်။
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီတွင် နမ္မတူမဲဆန္ဒနယ်မှ ပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး အစား မိုင်းကိုင်မဲဆန္ဒနယ်မှ ပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်း အား အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို တင်ပြ၍ လွှတ်တော်၏ သဘော တူညီချက်ရယူသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်း ရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာစာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာနောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ နောက်ဆက်တွဲစာချုပ်ကို အတည်ပြုပါဝင်ခြင်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေကြသည့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးရေးအတွက် လက်ရှိ ကြိုးပမ်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကလေးသူငယ်များ၏အခွင့်အရေးကို နိုင်ငံတကာဥပဒေများနှင့်အညီ ပိုမိုကာကွယ် ပေးရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ပိုမိုပြသနိုင်ရေးအတွက် လည်းကောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို နှစ်စဉ်တင်သွင်းလျက်ရှိသည့် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခအခြေအနေများဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အပြုသဘောထင်ဟပ်ဖော်ပြနိုင်ရေး အတွက်လည်းကောင်း များစွာအထောက်အကူပြုစေမည်ဖြစ်သည့်အတွက် ယင်း အခြေပြစာချုပ်သို့ အတည်ပြုပါဝင်ရန်သင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း
နှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း
တို့၏ မူနှင့်အခြေခံသဘောများနှင့် စပ်လျဉ်း၍ ဆွေးနွေး
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘော များနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင် က စီးပွားရေးတိုးတက်မှုကို အလျင် အမြန်လှုံ့ဆော်ရန်အတွက် အခွန်နှုန်းထားများ လျှော့ချခြင်းအားဖြင့် အခွန်ဆောင် နိုင်စွမ်းနှင့် အခွန်ဆောင်လိုစိတ်များ မြင့်တက်လာနိုင်သောကြောင့် အခွန်ထမ်းမှု အခြေအနေ ချဲ့ထွင်ရာရောက်သည့်အပြင် အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ် စေဘဲ အခွန်ကောက်ခံမှုပမာဏလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေး မူဝါဒ နည်းလမ်းအပြင် ငွေရေးကြေးရေးမူဝါဒနည်းလမ်းဖြင့် စီးပွားရေးတိုးတက်မှုကို နှိုးဆွရန်အတွက် အတိုးနှုန်းများလျှော့ချခြင်း၊ လှည့်ပတ်စီးဆင်းငွေကြေးပမာဏ တိုးမြှင့်ခြင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်မှသာ စီးပွားရေးလုပ်ငန်းဆောင် တာများ လျင်မြန်သွက်လက်လာပြီး စီးပွားရေးဖွံ့ဖြိုးမှုကို ထိထိရောက်ရောက် လှုံ့ဆော် နိုင်မည် ဖြစ်ပါကြောင်း။
တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေကို အရှိအတိုင်း သုံးသပ် ပြီး မူဝါဒတုံ့ပြန်မှုများအဖြစ် အစိုးရကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ အခွန်နှုန်းထားများ လျှော့ချခြင်း၊ လည်ပတ်စီးဆင်း ငွေပမာဏ တိုးမြှင့်ခြင်းနှင့် အတိုးနှုန်းလျှော့ချခြင်းတို့ကို တစ်ပြိုင်နက်တည်း ဆောင်ရွက် ပြီး စီးပွားရေးနှေးကွေးမှုကို ထိထိရောက်ရောက်နှင့် အလျင်အမြန်ကုစားရန် အလေး နက်ထား တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး က ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် ဖွံ့ဖြိုးမှုရည်မှန်းချက်၊ လျာထားချက်များကို ပကတိ အခြေအနေနှင့်လိုက်လျောညီထွေဖြစ်ရန် စိစစ်သုံးသပ်ခွင့်ပြုရသည့် လုပ်ငန်းများ ရှိသကဲ့သို့ လျာထားချက်မမီသော၊ လျော့နည်းသော၊ မအောင်မြင်သော၊ မပြီးပြတ် သော၊ မဆောင်ရွက်နိုင်သော အနုတ်လက္ခဏာရှိသည့် လုပ်ငန်းများကိုလည်း ဖော်ပြ စိစစ်သုံးသပ်ရန် တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့သည့် ဂျီဒီပီ လျာထားချက်နှင့် အမှန်တကယ်အကောင်အထည်ဖော်နိုင်မှု ကွာခြားချက် ကြီးမားမှုများကို သက်ဆိုင်ရာက ဖော်ထုတ်ပြင်ဆင်ရန်နှင့် မအောင်မြင်မှု၊ မပြီးစီးမှုများကို နည်းလမ်းများရှာဖွေပြင်ဆင်ပြီးမှသာ အတည်ပြုနိုင်ရေး ဆောင်ရွက် သင့်ပါကြောင်း ဆွေးနွေးသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း(မူလခန့်မှန်းခြေ)တွင် ပါဝင်သည့် အဖွဲ့အစည်းများ အလိုက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အသုံးစရိတ်ပါဝင်မှုရာခိုင်နှုန်းမှာ ၂၅ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်ပြီး အားလုံးထဲတွင် အများဆုံးသုံးစွဲခွင့်ပြုနေသည်ကို တွေ့ရ ပါကြောင်း။
ထောက်ပြဆွေနွေးအကြံပေးမှုများကို အတတ်နိုင်ဆုံး
ပြုပြင်ဖြည့်ဆည်းကာ ရည်မှန်းထားသည့် စီမံကိန်းများကို
ပြည့်မီအောင် အကောင်အထည်ဖော်ရန် အရေးကြီး
နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် လျှပ်စစ်ကဏ္ဍတွင် လျှပ်စစ် ဓာတ်အားကို လုံလောက်စွာရရှိရန် ယခုကဲ့သို့ အသုံးပြုထားခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ယခင်အတွေ့အကြုံများကို နမူနာယူပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ပြဆွေနွေးအကြံပေးမှုများကို အတတ်နိုင်ဆုံး ပြုပြင် ဖြည့်ဆည်းကာ ရည်မှန်းထားသည့် စီမံကိန်းများကို ပြည့်မီအောင် အကောင်အထည် ဖော်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် လျာထားခွင့်ပြုထားသည့် ရန်ပုံငွေများကို ထိထိရောက်ရောက် အချိန်နှင့်တစ်ပြေးညီ သုံးစွဲ၍ လုပ်ငန်းများ အောင်မြင်ပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်သည်ကို အကြံပြုလိုပါကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အားခ များကို တစ်ဖက်သတ် အဆတိုးမြှင့်သင့်သည်ထက်ပို၍ ကောက်ခံလိုက်ခြင်းသည် ရာနှုန်းပြည့်အဖြေမှန် မဟုတ်သဖြင့် ဌာနအနေဖြင့် ခိုးယူသုံးစွဲမှုကြောင့် ပျောက်ဆုံး ယူနစ်များနှင့်ပတ်သက်၍ ဖော်ထုတ်အရေးယူရန် ယခုထက် ပိုမိုလုပ်ဆောင်စေလို ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများနှင့် စပ်လျဉ်း၍ အောင်မြေ သာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှဒေါ်ယဉ်မင်းလှိုင်၊စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၊ တပ်မတော်သားပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇေဖြိုး၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ တပ်မတော်သား ပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ တပ်မတော်သား ပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ကျော်၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုး ဇော်ဦးနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်တို့က ဆက်လက် ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ဩဂုတ် ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်

No comments:

Post a Comment