Saturday, August 24, 2019

ပွင့်လင်းမြင်သာမှုရှိစေရန် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်သွားမည်

Image may contain: 1 person, indoor


နေပြည်တော် ဩဂုတ် ၂၃


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ ၈၀ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အများယုံကြည်လက်ခံရန်လိုအပ်

တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်ရည်ရွယ် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတိုင်းတွင် ရွေးကောက်ပွဲများ ရှိရမည်ဖြစ်ပြီး အများယုံကြည်လက်ခံရန်လည်း လိုအပ်ပါ ကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ပြည်သူများက ၎င်းတို့ကိုယ်စား ကိုယ်စားလှယ်များ ရွေးချယ်အုပ်ချုပ်စေခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရ မည်ဟူသည့် စံ(၅)ချက်နှင့်အညီ သမာသမတ်ကျစွာ စံပြရွေး ကောက်ပွဲတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာမှုရှိစေရန် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန်မှာ ရွေးကောက်ပွဲ ကော်မရှင်တွင် တာဝန်ရှိသကဲ့သို့ နိုင်ငံရေးပါတီများတွင်လည်း တာဝန်ရှိပါကြောင်း။


နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလတွင် ဥပဒေ၊ နည်းဥပဒေများနှင့် အညီဆောင်ရွက်ပါက ဖြစ်ပွားလာနိုင် သည့်ပြဿနာများ လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေစာရင်း ကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်း များကို ကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီး ဌာနတို့ပူးပေါင်း၍ စီမံချက်ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါစီမံချက်တွင် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်း ပြုစုခြင်း၊ ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်း ခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းဟူ၍ အပိုင်းလေးပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


ကပ်ထားကြေညာပေးသွားမည်

လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အချက်အလက်မှန်ကန်မှု ရှိ၊ မရှိကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဦးစီးဌာနက စိစစ်ပေး မည်ဖြစ်ကြောင်း၊ ကောက်ယူရရှိသည့်စာရင်းများကို သက်ဆိုင် ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းအဖြစ် စိစစ်ပြုစုသွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စု အလိုက်ပြုစု၍ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မဲစာရင်း ကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းသွားရောက်ကြည့်ရှုပြီး ပြင်ဆင်ဖြည့်စွက်၊ ကန့်ကွက်၊ တောင်းဆိုမှုများကို သတ်မှတ်ပုံစံများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ ပြည့်စုံ မှန်ကန်သည့်မဲစာရင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် မိမိအမည်ပါဝင်မှသာ မဲပေးခွင့်ရရှိမည်ဖြစ်သဖြင့် နိုင်ငံရေး ပါတီများအနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် မိမိတို့၏ မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်များအား တိုက်တွန်းကူညီပေးစေလိုပါကြောင်း။


ဝိုင်းဝန်းထိန်းသိမ်းတားမြစ်ပေး

နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အမည်စာရင်းတင်သွင်းရာတွင် ကျား၊ မ တန်းတူ ညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေးတို့ကို အကောင် အထည်ဖော်သည့်အနေဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်လောင်းများပါဝင်ရေးကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း နိုင်ငံရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အမျိုးသမီး ကဏ္ဍမြှင့်တင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု အနေဖြင့် social media အသုံးပြုမှု မြင့်မားလျက်ရှိပြီး အမုန်းစကားများနှင့် တိုက်ခိုက်ခြင်း၊ မမှန်ကန်သည့် သတင်းများ ဖြန့်ဝေခြင်းတို့သည် ရွေးကောက်ပွဲအပေါ်တွင် ဆိုးကျိုးများ သက်ရောက်နိုင်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းတားမြစ်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီ များမှ တာဝန်ရှိသူများ၏ အကြံပြုတင်ပြချက်များနှင့် မေးမြန်း ချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment