Tuesday, August 6, 2019

မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းပါဝင်လက်တွဲ

Image may contain: text

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၃ ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ၏ ဇူလိုင်လ ၃၀ ရက်နေ့ အလုပ်သဘောညစာစားပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရခိုင်ပြည်နယ်အရေးကိစ္စကိုဖြေရှင်းရာတွင် မြန်မာနှင့် အာဆီယံကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကိုလေ့လာသည့် အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏အစီရင်ခံစာပါ အကြံပြုချက်များ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတွင်လက်ရှိကာလ အရေးကိစ္စများစွာရှိသည့်အနက် နိုင်ငံတကာ၏စိတ်ဝင်စားမှု၊ ပါဝင်ပတ်သက်မှုရှိသောကိစ္စမှာ ရခိုင် ပြည်နယ် အရေးကိစ္စဖြစ်သည်။ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူသားချင်းစာနာ ထောက်ထားရေး၊ ပြန်လည်လက်ခံရေးစသည်တို့ကို ဆောင်ရွက်နိုင်ရန် အတွက် မြန်မာအစိုးရ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် စသည့်ကော်မရှင်အမျိုးမျိုးဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိသည့်အပြင် အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့ အနေဖြင့်လည်း အစီရင်ခံစာတင်သွင်းပြီး အကြံပြုချက်များပါအတိုင်း အကောင်အထည်ဖော်ရန် စီစဉ်နေသည်။
ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာ နိုင်ငံအပေါ် ရှုမြင်ပုံကွဲပြားခြားနားကြသည်။ မြန်မာနိုင်ငံအပေါ် အကောင်း မမြင်ဘဲ ဖိအားပေးလိုသောနိုင်ငံများ၊ တစ်ဖက်သတ် ဘက်လိုက်သော နိုင်ငံများရှိကြသကဲ့သို့ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင် အကောင်း မြင်သောနိုင်ငံများ၊ စိတ်ရင်းစေတနာမှန်၊ စိတ်ကောင်းစေတနာသက်သက် ဖြင့် ကူညီဆောင်ရွက်ပေးနေသော နိုင်ငံများလည်းရှိသည်။ ရခိုင်ပြည်နယ် အရေးကိစ္စကိုဖြေရှင်းရာတွင် အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေပြီး အသိုက်အဝန်းများကို ပိုမိုဝေးကွာသွားစေမည့် အပြုအမူ၊ လုပ်ဆောင်မှု များကို ရှောင်ရှားကြရန် အရေးကြီးသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံးအတွက် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကတိပြုထားပြီး ကော်မရှင် များဖွဲ့စည်းကာ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံနိုင်ငံတို့နှင့်ပူးပေါင်း၍ နေရပ်ပြန်လာမည့် သူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရေးကို တိတိကျကျ မှန်မှန်ကန်ကန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယခု မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် မှုများသည် ကုလသမဂ္ဂနှင့်မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း များကို အစားထိုးဆောင်ရွက်ရန်မဟုတ်ဘဲ အာဆီယံနိုင်ငံအချင်းချင်း အပြန်အလှန် အားဖြည့်ကူညီပေးခြင်းသာဖြစ်သည်။ ရခိုင်ပြည်နယ်အရေး ကိစ္စသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသောကာလတွင် မြန်မာအစိုးရ၏ ရင်ဆိုင်ကြုံတွေ့နေ သောစိန်ခေါ်မှုများအနက် စိန်ခေါ်မှုတစ်ခုသာဖြစ်ပြီး နိုင်ငံတကာမီဒီယာ များက လွဲမှားစွာပုံဖော်မှုကြောင့် ကမ္ဘာက အာရုံစိုက်နေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အရေးကိစ္စသည်
အလွန်သိမ်မွေ့နက်နဲရှုပ်ထွေးပြီးနောက်ခံအကြောင်းတရားများစွာရှိသဖြင့် သတိပြုကိုင်တွယ်ဆောင်ရွက် နေရသည်။ အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှုတို့ တည်ဆောက်နိုင်ရေးနှင့် သဟဇာတရှိစွာ အတူတကွပေါင်းစည်းနိုင်ရေး အတွက် စိတ်ရှည်လက်ရှည် အချိန်ယူဆောင်ရွက်ရန် လိုအပ်သည်ကို နားလည်လက်ခံပြီး လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတ ဖြစ်ရေးနှင့် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများအား အာဆီယံနိုင်ငံ များ၏ ထောက်ခံကူညီအားပေးမှုကို ကြိုဆိုရမည်ဖြစ်သလို ရခိုင်ပြည်နယ် အရေးသာမက မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘောဆောင်သည့် မိတ်ဆွေနိုင်ငံများနှင့် ဆက်လက် လက်တွဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment