Tuesday, August 27, 2019

ခေတ်စနစ်ပြောင်းလဲချိန်သဘာ၀


မြန်မာ့အလင်းအယ်ဒီတာအာဘော် 




ခေတ်စနစ်ပြောင်းလဲရေး ဖြစ်စဉ်ကြီးတစ်ခု ဖြစ်ပေါ်လာအောင် မိမိတို့ ကြိုးပမ်းဆောင်ရွက်နေကြသည်။ ခေတ်ဟောင်း စနစ်ဟောင်းသည် နိုင်ငံ ကိုရော ပြည်သူကိုပါ အကျိုးမပြုနိုင်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် မစွမ်းဆောင်နိုင်၊ နိုင်ငံတကာနှင့် ရင်ပေါင်မတန်းနိုင်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပါအဝင် ကဏ္ဍပေါင်းစုံတို့တွင် ချွတ်ခြုံကျစေခဲ့သည် ဟူ၍ ယုံကြည်ခဲ့ကြသည့်အလျောက် ခေတ်ပြောင်းစနစ်ပြောင်းကာ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်ဖို့ မျှော်မှန်းခဲ့ကြသည်။
မိမိတို့နိုင်ငံ၏ ခေတ်ဟောင်းစနစ်ဟောင်းသည် ရာစုနှစ်တစ်ဝက်စာမျှ ရှည်ကြာခဲ့သည်။ ယင်းကာလအတွင်း အစိုးရအဆက်ဆက်တို့ ပြောင်းလဲ ခဲ့သည့်တိုင် ဗဟိုဦးစီးချုပ်ကိုင်သည့်စနစ်ကသာ အဓိကဖြစ်ခဲ့သည်။ နှစ်ပေါင်း ၅၀ ကြာမျှ ပြည်သူတို့ ယဉ်ပါးခဲ့ရသည်မှာ အမိန့်òန်ကြားချက် များဖြစ်ပြီး အထက်တွင် အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်နှင့် အောက်ဆုံးလွှာတွင် သာမန်ပြည်သူများရှိသည့်ပုံစံသာလျှင် ဖြစ်သည်။ ယင်းအခြေအနေတွင် အောက်ခြေမှ ပြည်သူတို့၏အသံကို အထက် အဆင့်ဆင့်မှ ကြားသိရန် ခက်ခဲသလို အထက်မှအဆင့်ဆင့် ဆင်းသက်လာ သည့် အမိန့်၊ ညွှန်ကြားချက် တစ်စုံတစ်ရာတို့သည်လည်း အောက်ဆုံး အဆင့်သို့ ရောက်လာသည့်အခါ တစ်ခါတစ်ရံတွင် ဝန်ထုပ်ဝန်ပိုး သဖွယ်ဖြစ်နေတတ်သလို တစ်ခါတစ်ရံတွင်လည်း ပြင်းပြင်းထန်ထန်ဖြစ်နေ တတ်သည်ကို အတိတ်ကာလက တွေ့ကြုံခဲ့ကြရသည်။ ထိပ်ဆုံးနှင့် အောက်ဆုံးတို့၏ ကြားအဆင့်များတွင်လည်း အဂတိလိုက်စားမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့ အားနည်းမှု၊ လုပ်ငန်းမကျွမ်းကျင်မှု၊ လုပ်ပိုင်ခွင့်နှင့် အာဏာယစ်မူးမှု စသည်တို့၏ အကျိုးဆက်များကို နောက်ဆုံးတွင် ပြည်သူတို့ကသာ ခံစားခဲ့ကြရသည်။ သို့ဖြစ်သည့်အတွက် ခေတ်ပြောင်းစနစ်ပြောင်း၊ အပြောင်းအလဲကို အလိုရှိခဲ့ကြခြင်းဖြစ်သည်။ ကာလကြာရှည်စွာ တည်ရှိခဲ့သည့် ဗဟိုဦးစီးစနစ်အောက်မှ ရုန်းထွက်ကာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် အလိုရှိခဲ့ကြခြင်းဖြစ်သည်။
သို့ရာတွင် ခေတ်စနစ်တစ်ခုကို ပြောင်းလဲခြင်းသည် စာမျက်နှာတစ်ခုမှ တစ်ခုသို့ ပြောင်းရာတွင် စာရွက်လှန်သလို အလွယ်တကူ မဖြစ်နိုင်သည်ကို မိမိတို့အားလုံး သိရှိကြပြီးလည်းဖြစ်သည်။ ခေတ်စနစ် ပြောင်းလဲရန် လိုလားသည်ဟူသော ဆန္ဒသည် အများညီဆန္ဒတစ်ခုဖြစ်သည်ဟု ဆိုစေကာမူ ခေတ်ဟောင်းစနစ်ဟောင်းနှင့် အသားကျခဲ့သူများ၊ ခေတ်ဟောင်းစနစ်ဟောင်းတွင် နေရာကောင်းရခဲ့သူများ၊ ခေတ်ဟောင်း စနစ်ဟောင်းတွင် စီးပွားဖြစ်ထွန်းခဲ့သူများလည်း ရှိခဲ့သည်ဖြစ်ရာ ခေတ်စနစ်အပြောင်းအလဲကို မလိုက်ပါလိုသူ၊ ဆန့်ကျင်လိုသူ၊ ဖျက်လို ဖျက်ဆီးလုပ်လိုသူများလည်း ရှိသည်သာပင်ဖြစ်သည်။ ခေတ်ပျက် သူဋ္ဌေးသည် ခေတ်ကောင်းကို အလိုမရှိခြင်းမှာ ၎င်း၏အကျိုးစီးပွား ကြောင့်သာဖြစ်ပြီး ခေတ်ကြောင့် မဟုတ်ဟူ၍သာဆိုရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ခေတ်စနစ်တစ်ခုပြောင်းလဲတိုင်း အပြောင်းအလဲ ဖြစ်စဉ်များနှင့်အတူ အပြောင်းအလဲကို ဆန့်ကျင်မှု(Anti-Change elements) များလည်း ပေါ်ပေါက်လာတတ်သည်မှာ သဘာ၀ပင်ဖြစ်သည့် အတွက် ရင်ဆိုင်ဖြတ်သန်းကြရသည်မှာလည်း ဓမ္မတာသဘောပင်ဖြစ်သည်။
ခေတ်ပြောင်းစနစ်ပြောင်းကာလတစ်ရပ်ဟူသည် ခေတ်ဟောင်း စနစ်ဟောင်းကာလ၏အခြေအနေနှင့် အမွေတို့ကို ဆက်ခံထားရသလို ခေတ်စနစ်အသစ်၏ ခြင်းရာလက္ခဏာများသည်လည်း အခြေတည်ဆဲ၊ မခိုင်မြဲသေးဘဲ ရှုပ်ထွေးနေဆဲကာလဖြစ်သည်။ ပညာရှင်တို့၏ အဆိုအရ ယင်းကာလမျိုးတွင် အစဉ်ပြတ်တောက်မှု (Discontinuity)၊ ချိတ်ဆက်ပျက်မှု (Dislocation)၊ အစည်းပြေမှု(Disorganiza-tion) နှင့် ပြိုကွဲမှုI(Disruption) တို့ ကြုံတွေ့ရတတ်သည့် သဘာ၀ ရှိသည်ဟုဆိုသည်။ ခေတ်ဟောင်းကို ဖက်တွယ်လိုသူနှင့် ခေတ်သစ်ကို လိုလားသူများအကြား အားပြိုင်မှုများနှင့်အတူ ထိပ်တိုက်တွေ့ဆုံသည့်အခြေအနေမျိုးလည်း ကြုံရမြဲပင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် အားသာချက်များစွာရှိသည်။ ပထဝီအနေအထား၊ သယံဇာတအရင်းအမြစ်၊ အလုပ်လုပ်နိုင်သော လူဦးရေ စသည်တို့တွင် အခြေအနေကောင်းများရှိသည်။ မိမိတို့ပြည်သူများတွင်လည်း အားသာ ချက်များစွာရှိသည်။ အပြောင်းအလဲကို မျှော်မှန်းသည့် ပြင်းပြသော ဆန္ဒသည် အားသာချက်များအနက်မှ အဓိကအကျဆုံးသောအချက် ဖြစ်သည်။ ထို့ပြင် မိမိတို့ပြည်သူများတွင် အားနည်းချက်များလည်း ရှိနေသည်။ စည်းမျဉ်း၊ စည်းကမ်း ဥပဒေတို့ကို လိုက်နာမှုအားနည်းခြင်းနှင့် သူတစ်လူ ငါတစ်မင်း ဗိုလ်မထားတတ်သည့်စရိုက်တို့သည် အားနည်းချက် များအနက်မှ အဓိကကျသည့်အချက်များဟု ဆိုချင်သည်။ အားနည်းချက် တို့ကို ပြုပြင်ကာ အားသာချက်ကို ကြိုးပမ်းဖော်ဆောင်နိုင်သည်နှင့် အမျှ မိမိတို့ မျှော်မှန်းသည့်ပန်းတိုင်သို့ မလွဲဧကန်လှမ်းကိုင်နိုင်မည်ဖြစ် ပါကြောင်း။ ။

No comments:

Post a Comment