Tuesday, August 27, 2019

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းစည်းဝေး




နေပြည်တော် ဩဂုတ် ၂၆





အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများအကောင်အထည်ဖော်
အစည်းအဝေးတွင် အမျိုးသားအဆင့်ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြီး နောက်ပိုင်းတွင် လျှပ်စစ်ကဏ္ဍနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍများ၌ ထူးခြားသည့်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရေး ရည်မှန်းချက်အောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပဒေသများကို နည်းမျိုးစုံဖြင့် လျှပ်စစ် မီးရရှိရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မာန်အောင်ကျွန်း နှင့် ကိုကိုးကျွန်းဒေသများအား ဆိုလာဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေး နိုင်ရေးကို စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ အကောင် အထည်ဖော်ရန် အဆိုပြုချက်များ လက်ခံရရှိထားပါကြောင်း၊ အဆိုပါ စီမံကိန်းများ လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေး အတွက် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာများ ရေးဆွဲပြဋ္ဌာန်း ရေးနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဥပဒေရေးရာအကြံပြုချက်များ ရှင်းလင်းတင်ပြ
ထို့နောက် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီကို အထောက်အကူပြုနိုင် ရန် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမည့်အဆိုပြုအစီအမံများ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းအဆိုပြုချက်များနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာ အဖွဲ့ဝင် ဦးမင်းစိန်က ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဥပဒေရေးရာ အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်
ယင်းနောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူ များက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ် များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment