Saturday, August 31, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တီမောလွှတ်တော်အစည်းအဝေးကျင်းပမှု တက်ရောက်လေ့လာပြီး ဝန်ကြီးချုပ်နှင့် ဇနီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်

Image may contain: 4 people, people smiling, people standing and suit




တာဆီတော်လူ ဩဂုတ် ၃၀


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တီမောလက်စ်တေနိုင်ငံ၏ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နှစ် (၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တီမောလွှတ်တော်ကျင်းပမှုကို တက်ရောက်လေ့လာကြသည်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ ဖတ်ကြား

ရှေးဦးစွာ လွှတ်တော်အစီအစဉ်အတိုင်း ကျင်းပပြီး ကုလသမဂ္ဂကိုယ်စားလှယ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ ပေါ်တူဂီနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တီမောလက်စ်တေနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြား သည်။ ထို့နောက် တီမောလက်စ်တေနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


လွှတ်တော်အတွင်းခင်းကျင်းပြသထားမှု ကြည့်ရှု

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် လွှတ်တော်အတွင်း ခင်းကျင်းပြသထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၌ တီမောလက်စ်တေနိုင်ငံ၏ ဝန်ကြီးချုပ် Mr.Taur Matan Ruak နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။


သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တီမောလက်စ်တေနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ်အခမ်းအနား တက်ရောက်

Image may contain: 2 people, people sitting, suit, sky, outdoor and indoor

တာဆီတော်လူ ဩဂုတ် ၃၀


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည့် ယနေ့ ညနေပိုင်းတွင် တီမောလက်စ်တေနိုင်ငံ၊ မြို့တော် ဒီလီ၏ အနောက်ဘက်ကမ်းရိုးတန်းရှိ Tasitolu ငြိမ်းချမ်းရေးပန်းခြံ၌ ကျင်းပသည့် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ် (၂၀)ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးသံတမန်အဖြစ် တက်ရောက်သည်။


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော အင်ဒိုနီးရှားနိုင်ငံနှင့် တီမောလက်စ်တေ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဒေါ်ငြိမ်းအိဖြူတို့လည်း တက်ရောက် ကြသည်။


အခမ်းအနားကို နိုင်ငံတော်သီချင်း ဖြင့် ဖွင့်လှစ်ပြီး ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာ ဂူတာရက်စ်ထံမှ ဗီဒီယိုဖိုင်ဖြင့် ပေးပို့သော သဝဏ်လွှာကို ပြသသည်။


ဂုဏ်ပြုဆုများချီးမြှင့်

ယင်းနောက် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Francisco Guterres Lu-Oloက အဖွင့်အမှာစကားပြောကြားပြီး ၎င်းနိုင်ငံ အကျိုးစီးပွားအတွက် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များအား ဂုဏ်ပြု ဆုများ ချီးမြှင့်သည်။
ထို့နောက် ရိုးရာယဉ်ကျေးမှု အဆိုအကနှင့် တေးဂီတတို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။


အဆိုပါ အခမ်းအနားကျင်းပရာ Tasitolu ငြိမ်းချမ်းရေးပန်းခြံကို သမိုင်းကြောင်းဖြစ်ရပ်များနှင့် ယဉ်ကျေးမှု အစဉ်အလာများအရ ၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကမ်းရိုး တန်းရှိ ကာကွယ်တောတွင် ရေတိမ်ပိုင်း၊ စွတ်စိုမြေနှင့် ဆားငန်ရေကန်တို့ ပါဝင် ကာ ဧရိယာမှာ ဟက်တာ ၁၅၄၀ ကျယ်ဝန်းသည်။ ၎င်းတွင် ၂၀၁၂ ခုနှစ်က ဆောက်လုပ်ခဲ့သော ကြယ်ငါးပွင့်အဆင့် ရှိ ဟိုတယ်တစ်လုံးနှင့် အနီရောင်ရှိသော သဘာ၀ရေကန်တို့တည်ရှိရာ နိုင်ငံခြား ခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည်။


လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့

တီမောလက်စ်တေ နိုင်ငံသည် ပေါ်တူဂီတို့ လက်အောက်တွင် ၁၆၄၀ ပြည့်လွန်နှစ်များမှစ၍ ၁၉၇၅ ခုနှစ်အထိ နှစ်ပေါင်း သုံးရာကျော် ကိုလိုနီဖြစ်ခဲ့သည်။ ၎င်းနိုင်ငံ ပြည်သူတို့၏ တွန်းလှန်မှုဖြင့် ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် လွတ်လပ်ရေးကြေညာနိုင်ခဲ့သော်လည်း ၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အင်ဒိုနီးရှား၏ သိမ်းပိုက်မှုကို ခံရသည်။ သို့သော် ၎င်းနိုင်ငံ ပြည်သူတို့က လက်မခံ ဘဲ ဆန့်ကျင်တိုက်ခိုက်မှုဖြင့် လွတ်လပ် ရေးရရှိရန် ကြိုးပမ်းခဲ့ကြသည်။


သမ္မတရွေးချယ်တင်မြှောက်

၁၉၉၉ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် လူထုဆန္ဒခံယူပွဲတစ်ရပ်ကျင်းပပြီး မဲပေး ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ကမ္ဘာ့ ကုလသမဂ္ဂကလည်း ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှစ၍ အရှေ့တီမော သို့ ငြိမ်းချမ်းရေးမစ်ရှင် ဖွဲ့စည်းစေလွှတ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ် မေ ၂၀ ရက် တွင် လွတ်လပ်သော တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံအဖြစ် ကြေညာနိုင်မှုနှင့်အတူ ကုလသမဂ္ဂ၏ ၁၉၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာ ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပါလီမန် ရွေးကောက်ပွဲကျင်းပပြီး သမ္မတကို စတင်ရွေးချယ် တင်မြှောက်နိုင်ခဲ့ကြသည်။


၎င်းတို့နိုင်ငံ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ရပ်ကို ရဲဝံ့သတ္တိရှိ စွာဖြင့် ကျင်းပနိုင်ခဲ့ကြပြီး ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် မဲပေးကာ ဆန္ဒဖော် ထုတ်ပြသနိုင်ခဲ့ကြသည်။


ဂုဏ်ယူစွာဖြင့် ကျင်းပ

ထိုသို့ ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြသည့် ၁၉၉၉ ခုနှစ် ဩဂုတ် ၃၀ ရက်မှ ယခုအခါ နှစ်ပေါင်း (၂၀)ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ၎င်းနေ့ထူးနေ့မြတ် အထိမ်းအမှတ်အခမ်း အနားကို ဂုဏ်ယူစွာဖြင့် ကျင်းပခြင်း ဖြစ်သည်။


နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မြဲ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နှင့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့သည် ၂၀၀၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှစ၍ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့ကျင်းပသော အထိမ်းအမှတ်အခမ်း အနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူး သံတမန်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲကောင်းမွန်ခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်များပြား လာနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting and outdoor



နေပြည်တော် ဩဂုတ် ၃၀


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. Sok Chea အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီး မှုကို ထပ်မံတိုးမြှင့်နိုင်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို ကမ္ဘောဒီးယားနိုင်ငံက နားလည်ပေးပြီး အာဆီယံနှင့်တကွ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးလျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံအကြား စီးပွား ရေးဆိုင်ရာ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ၊ ကုန်စည်ပြပွဲဆိုင်ရာများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့် ရေးဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ စေလွှတ်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ

Image may contain: 5 people, people sitting, table and indoor




နေပြည်တော် ဩဂုတ် ၃၀


ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစည်း အဝေး ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


တက်ရောက်

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


သတင်းစဉ်

လူရေးလူရာ၊ ပီလှစေ

မြန်မာ့အလင်းအယ်ဒီတာအာဘော်



နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါဆုံးမှာ ယင်းနိုင်ငံက ပိုင်ဆိုင်သည့် လူသားအရင်းအမြစ်ဖြစ်သည်ဟု ဆိုကြသည်။ လူသားအရင်း အမြစ်ဟုဆိုရာတွင်လည်း လူတစ်ဦးချင်းစီ၏ အရည်အသွေးအပြင် ယင်းနိုင်ငံ၏ လူ့အဖွဲ့အစည်းအပေါ်တွင် လွှမ်းမိုးနေသော၊ ဩဇာ သက်ရောက်နေသော ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အတွေးအခေါ် အယူအဆများမှာလည်း နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါ လှသည်။ အရည်အသွေးနိမ့်ကျသူများ၊ စွမ်းဆောင်လိုစိတ်ကင်းမဲ့သူ၊ စိတ်ဓာတ် ခွန်အားချို့တဲ့သူများက မိမိတို့၏ လူ့အဖွဲ့အစည်းကိုလည်းကောင်း၊ နိုင်ငံကိုလည်းကောင်း မြှင့်တင်နိုင်ကြမည်မဟုတ်ဟု ဆိုလိုသည်။


ရှိတာလေးနှင့် လှအောင်ဝတ်၊ ရတာလေးနှင့် ၀အောင်စား၍ ရောင့်ရဲ တင်းတိမ်စွာ နေထိုင်နည်းထက်''အပေါ်အလွင်၊ ပျော်ရွှင်မပါး၊ လောင်းစား ကြက်ငှက်၊ မလေ့ကျက်နှင့်။ အသက်မွေးမှု၊ တစ်ခုခုကို၊ လုပ်မှုဆောင်ခင်း၊ မပျင်းမရိ၊ မိမိတို့တွင်၊ အကျင့်လက္ဓဏာ၊ လူ့ဘာသာလျှင်၊ ဥစ္စာရှိကြောင်း၊ အရောင်းအဝယ်၊ ကုန်စလယ်သွား၊ မနေနားဘဲ၊ ပျားပိတုန်းဟူ၊ ဝတ်ရက် ယူသို့၊ လူစဉ်မီအောင်၊ ကြိုးစားလေ'' ဟူသော ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာနှင့်အညီ ကြိုးပမ်းကြခြင်းဖြင့် မိမိနှင့်တကွ၊ မိမိ၏ လူ့အဖွဲ့အစည်း၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းခြင်းကို ပို၍အလိုရှိအပ်သည်။


''အဋ္ဌာရသ၊ သိပ္ပမကြွင်း၊ နှလုံးသွင်း၍၊ အခင်းအရာ၊ ရှိသောခါလည်း၊ နှုတ်ပါလက်ရေး၊ ဇယ်ထောင်သောင်းကို၊ ဒိုးကောင်းပြေးသို့၊ လူရေးလူရာ၊ ပီလှစေ'' ဟူသော အဆုံးအမနှင့်အညီ အတတ်ပညာတို့ကို လေ့လာ သင်ကြားတတ်မြောက်ကျွမ်းကျင်ခြင်းဖြင့် လက်ရုံးရည်၊ နှလုံးရည် ပြည့်၀သူ၊ လူရေးလူရာပီသူ၊ အရေးပါအရာရောက်သူများဖြစ်အောင် လည်း မိမိကိုယ်ကိုယ်မိမိ ဖြည့်ဆည်းကြရန်လည်း လိုအပ်သည်။


သို့ဖြစ်သည့်အလျောက် သမိုင်းအစဉ်အလာအားဖြင့် အသက်မွေး ဝမ်းကျောင်းအလုပ်များကို မပျင်းမရိ ဝီရိယရှိရှိ လုပ်ကိုင်ခဲ့ကြသော၊ လက်ရုံးရည် နှလုံးရည် ပြည့်၀အောင် စွမ်းဆောင်ကြိုးကုတ် အားထုတ် ကြရန် ဆုံးမသွန်သင်ခဲ့သည့် ယဉ်ကျေးမှုအခိုင်အမာရှိခဲ့သော မိမိတို့၏ လူ့အဖွဲ့အစည်းတွင် လူတစ်ဦးချင်းစီ၏ အရည်အသွေး၊ အစွမ်းအစတို့dကို အပြည့်အဝ ဖော်ထုတ်အသုံးချနိုင်လာစေရန် တိုက်တွန်းအားပေးမှုများ ပြုကြရမည်ဖြစ်သည်။


တင်းတိမ်ရောင့်ရဲမှုကို တလွဲအကြောင်းပြကာ ဆင်းရဲတွင်းမှ ရုန်းထွက် ရန် မကြိုးစားလိုသည့်စိတ်၊ လုံ့လဝီရိယမထုတ်ဘဲ အေးအေးလူလူ ငိုက်မျဉ်းနေလိုသည့်စိတ်၊ ဆာလောင်လာသည့် အချိန်ကျမှ ထမင်းကြမ်း ခဲ ထရှာလိုသည့်စိတ်တို့ကို မိမိတို့ယဉ်ကျေးမှုထဲမှ အပြီးတိုင်မောင်းထုတ် ထားရန်လည်း လိုအပ်လှသည်။ က္ဘာပေါ်တွင် မဖွံ့ဖြိုးမတိုးတက်သည့် နိုင်ငံများမှာ ရာသီဥတုနှင့် ပထဝီအနေအထားအရ ကံအကြောင်းမလှခြင်း၊ သဘာ၀အရင်းအမြစ်ချို့တဲ့ခြင်း၊ လူမျိုးတို့၏ အရည်အသွေးနိမ့်ကျခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေသည့် ဓလေ့ထုံးစံယဉ်ကျေးမှုတို့မရှိခြင်း စသည့် အကြောင်းတရားများစွာတို့နှင့် ပတ်သက်နေသည်ဟု သုတေသီ တို့က ဆိုကြသည်။ အဆိုပါအချက်များနှင့် ချိန်ထိုးကြည့်ပါက မိမိတို့နိုင်ငံ တွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည်တို့ပြည့်စုံ၍ မည်သည်တို့ လိုအပ်နေသည်ကို မှန်းဆကြည့်နိုင်မည်လည်းဖြစ်သည်။


သယံဇာတအရင်းအမြစ်နည်းပါးသော်လည်း ကမ္ဘာ့ထိပ်တန်းရောက် ခဲ့သည့် နိုင်ငံများအနက်မှ အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံကို သာဓကတစ်ရပ်အဖြစ် ရှုမြင်ကြည့်နိုင်သည်။ မြန်မာနိုင်ငံတွင် ကုန်းဘောင် ခေတ်နှင့် ခေတ်ပြိုင် ဂျပန်န်ိုင်ငံတွင် ၁၈၆၀ ခုနှစ် မေဂျီခေတ်တွင် ပြုပြင် ပြောင်းလဲရေးများကို စတင်ပြုလုပ်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ခေါင်းဆောင်များက စနစ်တကျ ချမှတ်ပေးခဲ့ပြီး ဂျပန်တစ်မျိုး သားလုံးကလည်း အလေးအနက်လိုက်ပါ ဆောင်ရွက်ခဲ့ကြခြင်းဖြင့် ကမ္ဘာ ကို ရင်ပေါင်တန်းနိုင်ခဲ့ကြသည့်အပြင် ထိပ်တန်းအဆင့်သို့ပါ တက်လှမ်း နိုင်ခဲ့ကြခြင်းဖြစ်သည်။ အရေးပါဆုံးသောအချက်မှာ ဂျပန်လူမျိုးတို့၏ စိတ်အားထက်သန်စွာဖြင့် မဆုတ်မနစ်ဆောင်ရွက်တတ်ခြင်း၊ တာဝန် ဝတ္တရားကို အလေးအနက်ခံယူတတ်ခြင်းနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထား ခြင်းတို့ပင်ဖြစ်သည်။


မြန်မာနိုင်ငံသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် အတွေးအခေါ် အယူ အဆတို့အရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရေခံမြေခံကောင်းများရှိခဲ့သော နိုင်ငံဖြစ်သည်။ ဘိုးဘေးတို့ လက်ထက် သမိုင်းအစဉ်အလာအရ လူရည်လူသွေး၊ လူစွမ်းလူစတို့ မြင့်မြင့် မားမား ပြနိုင်ခဲ့ကြသည်ကို မမေ့မလျော့ နှလုံးသွင်းကာ မိမိတို့ခေတ်တွင် လည်း သမိုင်းပေးတာဝန် ကျေပွန်နိုင်ကြပါစေကြောင်း။ ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting, table and indoor



နေပြည်တော် ဩဂုတ် ၃၀


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးMr. Sok Chea အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ လက်တွဲဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

Friday, August 30, 2019

တီမောလက်စ်တေနိုင်ငံသမ္မတနှင့် ဇနီးတို့ ဧည့်ခံသည့် ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်

Image may contain: 4 people, people smiling, people on stage, people standing and suit


ဒီလီ ဩဂုတ် ၂၉


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ ညပိုင်းတွင် တီမောလက်စ်တေနိုင်ငံ မြို့တော် ဒီလီရှိ သမ္မတအိမ်တော်၌ ကျင်းပသည့် တီမောလက်စ်တေ ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ Francisco Guterres Lu-Olo နှင့် ဇနီးတို့ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။


နှစ်(၂၀)ပြည့်အထိမ်းအမှတ်

ပြည်ထောင်စုဝန်ကြီးသည် တီမောလက်စ်တေနိုင်ငံ ဒီလီမြို့၌ ဩဂုတ် ၃၀ ရက် တွင်ကျင်းပမည့် တီမောလက်စ်တေဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိ နေခြင်း ဖြစ်သည်။


ကုန်သွယ်ရေးဆိုင်ရာ အချက်အချာနေရာဖြစ်

ဒီလီမြို့သည် ဆိပ်ကမ်းမြို့ဖြစ်ပြီး အရှေ့တောင်အာရှဒေသရှိ အင်ဒိုနီးရှား ကျွန်းစုကြီး၏ အရှေ့ဖျားတွင် တည်ရှိသော (အရှေ့တီမော)ဟု ခေါ်ဆိုသည့် တီမော လက်စ်တေ ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၎င်းနိုင်ငံနှင့် အင်ဒိုနီးရှား၊ ဩစတြေးလျနိုင်ငံတို့ တြိဂံနယ်မြေပုံစံ လွတ်လပ်သောကုန်သွယ်ရေး ဇုန်တွင်ပါဝင်ပြီး ကုန်သွယ်ရေးဆိုင်ရာ အချက်အချာနေရာဖြစ်သည်။ ပေါ်တူဂီ၊ ဂျပန်နှင့် အင်ဒိုနီးရှားတို့ သိမ်းပိုက်အုပ်စိုးမှုခံခဲ့ရသော သမိုင်းဝင်မြို့ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂ၏ ကြီးကြပ်အုပ်ချုပ်မှုဖြင့် တည်ရှိခဲ့ရာမှ ၂၀၀၂ ခုနှစ် မေ ၂၀ ရက်မှစ၍ လွတ်လပ်သော တီမောလက်စ်တေ ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ဖြစ်ပေါ်လာမှုနှင့် အတူ ဒီလီမြို့ကိုလည်း ၎င်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 6 people, people sitting, table and indoor


နေပြည်တော် ဩဂုတ် ၂၉


ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံဥပဒေရေးရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံရှေ့နေချုပ်ရုံးများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေး ကြသည်။


သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီစည်းဝေး

Image may contain: 1 person, sitting, table and indoor


နေပြည်တော် ဩဂုတ် ၂၉


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင် ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၃၀/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပ သည်။


အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။


သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 1 person, sitting and indoor

နေပြည်တော် ဩဂုတ် ၂၉


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးMr. Sok Chea အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စများကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်

၃၀.၈.၂၀၁၉....ကြေးမုံကာတွန်း


စာဖတ်ခြင်းဖြင့် ကြီးပွားတိုးတက်ရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်



နှစ်ဆယ်ရာစု နောက်ဆုံးပိုင်းကာလများမှာ ကမ္ဘာကြီး၏ နည်းပညာ တိုးတက်မှုနှုန်းက မယုံကြည်နိုင်လောက်အောင် တစ်ဟုန်ထိုးမြန်ဆန်သွားခဲ့ သည်။ ကွန်ရက်ချိတ်ဆက်မှုများက ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာ တစ်ဝန်း၏ ဆက်သွယ်ရေးစနစ်များက လက်ဖျစ်တစ်တွက်အတွင်းမှာ ကမ္ဘာ့အရှေ့ဖျား၊ အနောက်ဖျား၊ တောင်ဖျား၊ မြောက်ဖျား နေရာဒေသ မရွေး တစ်မုဟုတ်ချင်းဆိုသလို ဆက်သွယ်နိုင်ကြ၊ စကားပြောဆိုနိုင်ကြ၊ သတင်းစကားပါးနိုင်ကြ။ ယခုဆိုလျှင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြောနိုင်ဆိုနိုင်ကြ ဖြစ်လာသည်။


ဤသည်က ဆက်သွယ်ရေးနယ်ပယ်တစ်ခုကိုသာ ဥပမာပေး ထုတ်နုတ်ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။ အမှန်မှာတော့ နည်းပညာ နယ်ပယ်အသီးသီးမှာ တိုးတက်ခေတ်မီလာသည်များက အရှိန်မြန်လွန်း၊ အဟုန်ကြီးလွန်း၍ နေ့ချင်းဆိုသလိုပင် အပြောင်းအလဲများ တိုးတက်မှု များက လိုက်မမီနိုင်အောင်ဖြစ်လာသည်။


မြန်မာနိုင်ငံက နည်းပညာ၊ အတတ်ပညာတို့ အကြောင်း ပြောရမည် ဆိုလျှင် ခေတ်နောက် အဝေးကြီးမှာ ပြတ်ကျန်ခဲ့သည်မှာပင် နှစ်ပေါင်း များစွာကြာခဲ့ပြီတည်း။ ဝါးလုံးခေါင်းထဲ လသာမနေကြဘဲ အပြင်လောက ကို ထွက်ကြည့်ကြလျှင် ဤအချက်က ဘယ်လိုမှ ငြင်းဆန်လို့မရသည့် အနေအထားဖြစ်ပါသည်။


တိုးတက်မှုများကြားမှာ နောက်ကျကျန်နေခဲ့ခြင်းက နိုင်ငံအတွက် ဆင်းရဲတာရှည်မှုကို ခေါ်ဆောင်လာနေမည်။ ရေရှည်တွင် သဘာ၀ဘေး ဒဏ်၊ ရာသီဥတုဖောက်ပြန်မှုဒဏ်၊ စားရေရိက္ခာ ရှားပါးမှုဒဏ် အစရှိ သည်တို့ကို မလွဲမသွေကြုံကြရမည်ဆိုခြင်းကို မမေ့လျော့သင့်ဟု ယူဆ ပါသည်။
သည်လိုအခြေအနေက ခေတ်နှင့်အမီ အရှိန်တင် အပြေးလိုက်ကြဖို့ ဆိုလျှင် မြန်မာတို့စာဖတ်ကြဖို့ဆိုသည်က အခြေခံလိုအပ်ချက်တစ်ခုဟု ဆိုရပါမည်။ နည်းပညာအပြောင်းအလဲကြီးက ကွန်ရက်စနစ်များ ပေါ်လာ သည့်အခါ ယခင်ကာလများကလို စာအုပ်များအနေဖြင့်သာမက ကွန်ရက် ပေါ်က ဖတ်ရှုစရာတို့ကပါ နေ့စဉ်နှင့်အမျှ ပိုမိုများပြား၍ လာနေပြီဆိုသည် ကိုလည်း သတိချပ်ကြရန် လိုပါမည်။


မည်သို့သော ရင်းမြစ်ကဖြစ်ပါစေ ဖတ်ကြရှုကြ လေ့လာကြဖို့ လိုပြီ ဆိုသည်ကမူ အသေအချာပင်ဖြစ်ပါ၏။ တိုးတက်ခေတ်မီလာမှုများက နယ်ပယ်အသီးသီးမှာ တစ်ဟုန်ထိုး တက်လာနေခြင်းဖြစ်သည့်အတွက် မည်သည့်နယ်ပယ်၏တိုးတက်မှုကိုမဆို စာဖတ်ရန် မေ့လျော့နှေးကွေး သွားသည်နှင့်တစ်ပြိုင်နက် နောက်ကျကျန်ခဲ့တော့မည်ဟုဆိုချင်ပါသည်။
က္ဘာတစ်ဝန်း နယ်ပယ်အသီးသီးမှာ ရှာဖွေတွေ့ရှိနေကြသည့် အတွေ့ အကြုံများ၊ သုတေသနများ၊ တီထွင်ဖန်တီးမှုများ၊ အောင်မြင်မှုများ၊ လမ်းမှား လမ်းလွဲများ အစရှိသည်အားလုံးတို့ကို မိမိတို့ ကိုယ်တိုင်ဖြတ်သန်း သိရှိဖို့ မဖြစ်နိုင်သည်မှာ သေချာနေသည့်အချိန်တွင် စာပေဖတ်ရှုခြင်း၊ စာအုပ်စာတမ်းများ၊ သုတေသနတွေ့ရှိချက်များ စသည့် ရင်းမြစ်အားလုံး တို့ကသာ အမီလိုက်နိုင်မည် ဆိုခြင်းကို အလေးအနက်ထားကြရန် လိုပါမည်။
အထူးသဖြင့်မူ ပညာရပ်နယ်ပယ်အသီးသီးက ဦးဆောင်မှုပေးရန်၊ ရှေ့တန်းရောက်နေရန် လိုအပ်သည့်သူများက ပိုမို၍ အရှိန်မြှင့်ဖတ်ရှု ကြရမည့်အချိန်ဟု မြင်ပါသည်။


စာဖတ်ရှုလေ့လာမှုကို အလေးအနက်ထားဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏ တစ်ဦးချင်းဘ၀များ တိုးတက်ထွန်းကားရေး၊ နိုင်ငံနှင့် ပြည်သူတို့ အဆင့်အတန်းမြင့်မားရေးတို့အတွက် ထောက်ကူမုချ ဖြစ်ပေမည်ဟု ယုံကြည်ပါကြောင်း။ ။


၃၀.၈.၂၀၁၉.....ကြေးမုံကာတွန်း


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံ SN Power ကုမ္ပဏီ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 Image may contain: 1 person, sitting, suit and indoor



နေပြည်တော် ဩဂုတ် ၂၉


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ SN ဏသတနမ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ Mr. Oystein Oyehaug ဦးဆောင်သော အဖွဲ့ဝင် (၃)ဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့် လျှပ်စစ် စွမ်းအင် လုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံအစိုးရနှင့် SN Power ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

အလားအလာကောင်းများရှိသည့်မြန်မာနိုင်ငံ

အယ်ဒီတာ့အာဘော်
-----------------------

မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်း များစွာရှိနေသည်။ နိုင်ငံအနေဖြင့် အခြေအနေအကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံ ဖြစ်နေသော်လည်း မလျှော့သောဇွဲလုံ့လဖြင့် ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် မြန်မာနိုင်ငံ၏ အလားအလာကောင်းများကို က္ဘာ့နိုင်ငံများက စိတ်ဝင်စားလာကြသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးဦးမော့လာခြင်းသည် မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan-MIPP) တို့ကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းကြောင့်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများ တိုးတက် ပေါ်ထွန်းလာသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အတွက် စီးပွားရေးဆိုင်ရာဖြေလျှော့မှုများ ပြုလုပ်ပေးခြင်း၊ အွန်လိုင်းဖြင့် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) အားမိတ်ဆက်ခြင်း၊ စီမံချက်ဘဏ် (Project Bank) နှင့် မြေယာဘဏ် (Land Bank) တို့ကို အကောင် အထည်ဖော်ခြင်းနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင် ခြင်းကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်ခဲ့ပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် စီးပွားရေးတိုးတက်မှု မြင့်မားသောနိုင်ငံအဖြစ် ရပ်တည်လာနိုင်သည်။ ထိုသို့အခြေအနေကောင်းများ ပေါ်ထွန်းလာခြင်းသည် စီးပွားရေးအခြေခံ ကောင်းများ တည်ရှိပြီးဖြစ်သည့်နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်သော ကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံစာရှိသည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်း ငါးနိုင်ငံ စီးပွားရေးဈေးကွက်ကို ပိုင်ဆိုင်ထားပြီး စီးပွားရေးမဟာဗျူဟာအရဖြစ်စေ၊ ကုန်ထုတ်လုပ်ငန်းအရ ဖြစ်စေ အခြေချလုပ်ကိုင်နိုင်သော ပတ်ဝန်းကျင်ကောင်းကို ပိုင်ဆိုင်ထား သောနိုင်ငံ ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့လူဦးရေ၏ ၄၇ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ကမ္ဘာ့အသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၄၂ ရာခိုင်နှုန်း ရှိသည့် ကမ္ဘာ့အကြီးမားဆုံး လွတ်လပ်သည့်ကုန်သွယ်ရေးသဘောတူ စာချုပ်တွင် မြန်မာနိုင်ငံလည်း ပါဝင်လာမည်ဖြစ်သည်။ ဒေသတွင်းဘက်စုံ ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော ကမ္ဘာ့ဈေးကွက်သို့ မြန်မာ့ပို့ကုန်များ အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြင့် ပေးပို့နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ထိုကဲ့သို့အခြေအနေကောင်းများရှိထားသည့် အပြင် အလုပ်လုပ်နိုင်သော လူငယ် လူရွယ် လူ့စွမ်းအားအရင်းအမြစ်များမှာ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိနေခြင်း၊ သဘာ၀အရင်းအမြစ်များ ပေါများကြွယ်၀ပြီး ကုန်ကြမ်းဝယ်လိုအားနှင့် ရောင်းလိုအား၌ အကျိုးများစွာ ဖြစ်ထွန်းခြင်း၊ တောင်-မြောက်စီးပွားရေးစင်္ကြံလမ်း၏ အလယ်ဗဟိုတွင် တည်ရှိပြီး ပထဝီနိုင်ငံရေးအရ အားသာချက်များစွာ ပိုင်ဆိုင်ထားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးသည် မလွဲမသွေဦးမော့လာတော့မည်ဖြစ်သည်။
သို့ဖြစ်ရာ ရပ်တန့်နေခြင်းမရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု အရှိန်အဟုန်ကို ဆက်လက်မြင့်မားတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံသားအားလုံးတို့က ငါတို့နိုင်ငံ မလွဲမသွေဖွံ့ဖြိုးတိုးတက်ရမည် ဟူသောခံယူချက်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့်နိုင်ငံများနှင့် ပူးပေါင်းကာ တိုးတက် သည်ထက် တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Thursday, August 29, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တီမောလက်စ်တေနိုင်ငံသို့ ထွက်ခွာ




Image may contain: 6 people, people standing and suit
ရန်ကုန် ဩဂုတ် ၂၈




 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးသံတမန်အဖြစ် တီမောလက်စ်တေနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ် (၂၀) ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
တီမောလက်စ်တေနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
နှစ်(၂၀)ပြည့် အခမ်းအနားသို့ တက်ရောက်မည်
ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တို့မှ တစ်ဆင့် တီမောလက်စ်တေနိုင်ငံ ဒီလီမြို့သို့ သွားရောက်ခြင်းဖြစ်ပြီး ဩဂုတ် ၃၀ ရက် တွင် ဒီလီမြို့၌ ကျင်းပမည့် တီမောလက်စ်တေဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် လိုက်ပါသွားသည်။
သတင်းစဉ်

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ တတိယအကြိမ်စည်းဝေး



Image may contain: 2 people, people sitting and table
နေပြည်တော် ဩဂုတ် ၂၈ 




ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင် ကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး၊ ပါရမီလမ်းနှင့် ရန်ကုန်-ပုသိမ်လမ်း တစ်လျှောက်၌ လိုအပ်သော မြေနေရာရရှိနိုင်ရေးနှင့် စီမံကိန်းအကောင်အထည်ဖော် ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်နိုင်ရေးတို့နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ဆွေးနွေးရန် ပြောကြားသည်။
ထို့နောက် JICA Study Team ကနဦးစီမံကိန်းတိုးတက်မှုများ၊ ဦးဆောင် ကော်မတီက ဆုံးဖြတ်ပေးရမည့်ကိစ္စရပ်များနှင့် ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ် များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
သတင်းစဉ်

နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား ဒုတိယ ၅ နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂)နှင့်စပ်လျဉ်း၍ ဆွေးနွေး




Image may contain: 4 people, people sitting and indoor
နေပြည်တော် ဩဂုတ် ၂၈




အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) မှ Chief of Mission, Mr. Akio Nakayama တို့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်း ခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား ဒုတိယ ၅ နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂)၊ ခိုင်မာသော အုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အလုပ်သမားရွှေ့ပြောင်းသွားလာခြင်း ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အကျိုးသက်ရောက်မှုများ တိုးမြှင့်ရရှိစေခြင်း (တွဲလက်စီမံချက်)နှင့် MILDAS Project တို့အရ ရွှေ့ပြောင်းသွားလာရန် အလားအလာရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွှေ့ပြောင်း သွားလာသူများနှင့် ယင်းတို့၏ မိသားစုဝင်များအား ရွှေ့ပြောင်းသွားလာခြင်းမပြုမီ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေး သင်တန်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းနှင့် ကျွမ်းကျင်မှုအရည်အသွေး တိုးတက်မှုဆိုင်ရာ သင်တန်းများနှင့် အလုပ်အကိုင်ချိတ်ဆက်ပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏ မိသားစု ဝင်များအား ရွှေ့ပြောင်းသွားလာခြင်းမှ ရရှိလာသည့် အကျိုးဖြစ်ထွန်းမှုစီမံခန့်ခွဲခြင်းတို့အပေါ် အသိပညာ ပေးခြင်းဆိုင်ရာ သင်တန်းနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု တတ်မြောက်ရေးသင်တန်းများ ပူးပေါင်း ဆောင်ရွက်နေမှု၊ IOM မှ ပေးပို့လာသည့် ၂၀၁၉ Work Plan အား မူအားဖြင့် သဘောတူထားရှိပြီး အသေးစိတ်အချက်အလက်များအား လုပ်ငန်းအဖွဲ့ များဖြင့် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေ၊ MRCရုံးများ၏ လုပ်ငန်းများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီးနှင့် တွေ့ဆုံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေး




Image may contain: 2 people, people sitting and indoor
နေပြည်တော် ဩဂုတ် ၂၈




တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင် နိုင်ရန် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မစ္စတာ ဆုန့်ထောင်းတို့သည် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် လာမည့် နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု နှစ် ၇၀ ပြည့် အခါသမယတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမိုမြှင့်တင်ရန် နှစ်နိုင်ငံလုံးက ဆန္ဒရှိကြောင်းကိုလည်း ထပ်လောင်းအတည်ပြုပြောကြားကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် မစ္စတာဆုန့်ထောင်း တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မြို့ပြ ပြဿနာများ ဖြေရှင်းနိုင်ရေး



မြန်မာ့အလင်းအယ်ဒီတာအာဘော် 




မြို့ကြီးများ ကြီးထွားလာသည်နှင့်အမျှ မြို့ပြ ပြဿနာများကလည်း များပြားရှုပ်ထွေးလာလေသည်။ မြို့ပြနေထိုင်သူများ၏ နေမှုဘ၀၊ သေမှုဘ၀ အစစသော အခက်အခဲ အကျပ်အတည်းများ၊ ရှုပ်ထွေးပွေလီ လှသော ပြဿနာကြီးငယ်များ အားလုံးကို ဖြေရှင်းရမည်ဆိုခြင်းမှာ လွယ်ကူသောကိစ္စမဟုတ်သည်မှာလည်း သေချာပါသည်။ သို့သော်လည်း မြို့ပြအရေး တာဝန်ယူထားရသူများအဖို့မူ သည်သို့သော အခက်အခဲ အကျပ်အတည်းများကြားကပင် မြို့ပြအရှုပ်အထွေးများကို အတတ်နိုင် ဆုံး ပြေလည်ရေးကို စီမံလုပ်ဆောင်ကြရပါသည်။
မြို့ပြစည်ပင်သာယာရေး၊ မြို့ပြနေချင့်စဖွယ်ဖြစ်ရေး၊ မြို့နေလူထု ကိုယ်စိတ်နှစ်ပါး လုံခြုံစွာ နေထိုင်နိုင်ကြရေး၊ မြို့ပြပြည်သူတို့ အလုပ် အကိုင်အခွင့်အလမ်းများ လွယ်ကူတိုးတက်ကောင်းမွန်ရေး၊ မြို့ပြသား တို့အတွက် ပညာရေး၊ ကျန်းမာရေးကအစ၊ ရွှင်လန်းပျော်မွေ့စွာ ရှင်သန် ကြခြင်း အလယ်၊ လူမှုရေး ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားရေးအဆုံး အစစသော ပြည့်စုံမှုများ လိုအပ်ပါသည်။
လူတစ်ဦး မွေးဖွားချိန်မှစ၍ ကွယ်လွန်ချိန်အထိ ဘ၀လမ်း တစ်လျှောက်သည် မြို့ပြလည်ပတ်မှု ယန္တရား တစ်ခုလုံး ချောမွေ့နေမှု၊ အဆင်ပြေလွယ်ကူနေမှုတို့အပေါ်တွင် လုံးလုံးလျားလျား တည်မှီနေသည် ဆိုခြင်းက အားလုံး၏ အနှစ်ချုပ်ဟု ဆိုရပါမည်။
အထက်ဆွေးနွေးချက်ပါ လုပ်ငန်းစဉ်တစ်ခုလုံးသည် မြို့တော် စည်ပင်သာယာရေးအဖွဲ့အစည်းနှင့် မြို့တော်ဝန်ဖြစ်သူတို့၏ ဦးဆောင် ဦးရွက်ပြုနိုင်မှုနှင့် မြို့ပြ ပြဿနာများ၏ အရင်းအမြစ်ကို သေသေချာချာ နားလည်မှု၊ ဖြေရှင်းနည်းလမ်းစုံကို ပညာရှင်အသီးသီးတို့၏ အကြံဉာဏ် များအား ခြုံငုံသုံးသပ်ဆန်းစစ်ကာ ထိုးထွင်းကြံဆနိုင်မှု၊ ခေတ်မီ၍ စိတ်ကူး တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် စီမံကိန်းများကို စနစ်တကျ ချမှတ်ရေးဆွဲ နိုင်မှု၊ ထိုစီမံကိန်းများကို မြို့ပြပြည်သူတို့ နားလည်သဘောပေါက်ကာ သဘောတူဝိုင်းဝန်းပါဝင်အောင် စည်းရုံးဆွဲဆောင်နိုင်မှု၊ အများကို အသိပေးတိုင်ပင်မှု၊ ရေးဆွဲထားသည့် စီမံကိန်းများ ရလဒ်ကောင်းများရရန် အကျိုးသက်ရောက်မှုရှိစွာ အကောင်အထည်ဖော်ဆောင်နိုင်မှု အစရှိသည့် အရည်အသွေးများမြင့်မားလေလေ မြို့ပြသားတို့၏ဘ၀များ ပြေလည် ချောင်လည်လေလေ ဖြစ်ပါမည်။
အထွေထွေအခက်အခဲများကို ဘက်စုံထောင့်စုံမှ အလုံးစုံ မဖြေရှင်း နိုင်သေးသည့်တိုင် ဦးဆောင်သူတို့၏ နားလည်မှု၊ ဉာဏ်ရည်ကြီးမြင့်မှု၊ ရင့်ကျက်မြော်မြင်တတ်မှုတို့ဖြင့် မြို့ပြ ပြည်သူလူထုနှင့်အတူ တစ်သား တည်း ဖြစ်နေရေးက သော့ချက်ဖြစ်ပါသည်။ မြို့ပြစိမ်းလန်းရေး၊ မြို့လူထု မြတ်နိုးတန်ဖိုးထားသော မြို့ပြအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ကာ ရေရှည်တည်တံ့အောင် စီမံနိုင်မှုတို့နှင့်အတူ မြို့သန့်ရှင်းရေး၊ လုံခြုံ မှုရှိစေရေးတို့အတွက် မြို့ပြလူထု၏ အကူအညီများ ဝိုင်းဝန်းပါဝင်ကြရေး ကို ပညာပေးရင်း၊ စည်းရုံးလှုံ့ဆော်ရင်း၊ နားလည်မှုရယူရင်း၊ ဥပဒေနှင့် အညီ ထိန်းကွပ်စရာရှိသည်များကို နိုင်နိုင်နင်းနင်း ထိန်းကွပ်ခြင်းတို့ဖြင့် နိုင်ငံတကာမြို့ကြီးများ စည်ပင်တိုးတက်လာနေသည်ကို နမူနာယူရမည် ဖြစ်ပါသည်။
ခေတ်မီ၍ နည်းပညာများ အဆင့်မြင့်မားလာသည်နှင့်အမျှ ပြောင်းလဲ လာသော ခေတ်သစ်လူမှုအဖွဲ့အစည်း၏ ယဉ်ကျေးမှုများကလည်း ပြောင်းလဲလာနေသည်။ ထိုသို့ ပြောင်းလဲမှုများကြောင့်ပင် မြို့ကြီးများ သည် မဟာမြို့ကြီးများ၊ မဟာ့မဟာမြို့ကြီးများအဖြစ်သို့ တိုးတက် ကြီးမားလာလေ့ရှိသည်။ သန်းပေါင်းများစွာ တိုးပွားမြင့်မားလာသော လူဦးရေနှင့်အညီ တိုးမြင့်လာနေသော လိုအပ်ချက်များ၊ မပြေလည်မှု များကို ဖြေရှင်းနိုင်အောင် ကြိုးစားနေကြခြင်းကပင် နိုင်ငံတကာမြို့ကြီး များ၏ အားရဖွယ် နမူနာများဟု ဆိုရပါမည်။
ယခုအခါ မြန်မာနိုင်ငံ မြို့ကြီးများသည်လည်း မဟာမြို့ကြီးများ၊ မဟာ့မဟာမြို့ကြီးများအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲလာတော့ မည် ဆိုသည်မှာ မုချဧကန်ဖြစ်ပေသည်။ ယခုဆိုလျှင်ပင် မနိုင်မနင်း ဖြစ်လာနေသော၊ မွန်းကျပ်သိပ်သည်းနေသော၊ အမွေအနှစ်တို့ လျော့ပါး ဆုံးရှုံးလာနေသော၊ စိမ်းလန်းမှုတို့ နည်းပါးလာသော၊ အများပြည်သူသုံး မြေခင်းကွက်လပ်များ ကျဲပါးလာနေသော၊ ဥပဒေချိုးဖောက်မှုများ ရဲတင်း လာနေသော၊ ရာဇဝတ်မှုများက ပြက်ရယ်ပြုလာနေပြီဖြစ်သော မြို့ကြီး များကို စတင်ရရှိနေပြီဖြစ်ရာ ဦးဆောင်သူများ၊ မြို့ပြပြည်သူတို့၏ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ ရင့်ကျက်မြော်မြင်ဉာဏ်ကြီးသည့်၊ ထက်ထက် မြက်မြက်လည်းရှိသည့် ကြိုးပမ်းအားထုတ်မှုဖြင့် အထူးတလည် မြန်မြန် ဆန်ဆန် စီမံဆောင်ရွက်ဖြေရှင်းကြရန်လိုအပ်နေပြီဟု နှိုးဆော်လိုက်ရ ပါသတည်း။ ။