Thursday, July 11, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်နှစ်(၁၀ဝ)ပြည့်၊ ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
Image may contain: 1 person, indoor
နေပြည်တော် ဇူလိုင် ၁၀
ရန်ကုန်တက္ကသိုလ်နှစ်(၁၀ဝ)ပြည့်၊ ရာပြည့်သဘင်အခမ်း အနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၁/၂၀၁၉) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်၊ ရာပြည့် သဘင် အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဦးခင်မောင်ချို၊ ဒေါက်တာ သန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ နိုင်သက်လွင်နှင့် ဦးကျော်တင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကြည်မင်း၊ ဒေါက်တာရဲမြင့်ဆွေနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ အမျိုးသားသင်ရိုးòန်းတမ်းကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ၊ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာစပြီး တရားဝင် တက္ကသိုလ်တစ်ခု ဖြစ်ခဲ့တာကြောင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်မှာတော့ နှစ်(၁၀ဝ) တင်းတင်းပြည့်ပါလိမ့်မယ်။ ကျွန်မက တစ်ကယ်တော့ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသူတစ်ယောက် မဖြစ်ဖူးဘဲနဲ့ ဒီကော်မတီကို ဦးစီးနေတာ မှန်ရဲ့လားလို့ ကျွန်မကိုယ်ကျွန်မ သုံးသပ်မိ ပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် ကြိုးစားနေ တာကြောင့် ဒီနှစ်ခုဟာ ဆက်စပ်နေတယ် ဆိုပြီးတော့ ဒီတာဝန်ကို ပေးတဲ့အခါကျတော့ ကျွန်မ လက်ခံလိုက်တာဖြစ်ပါတယ်။
စိတ်အားထက်သန်
"ကျွန်မတို့ ငယ်စဉ်တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ တကယ့်ကို ဂုဏ်သရေ ထွန်းလင်းတောက်ပနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ ကျွန်မတို့ ကလေးဘဝ ကျောင်းနေတဲ့ အချိန်ကစပြီးတော့ တက္ကသိုလ်ရောက်ချိန် လောက်အထိ ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တစ်ခုလို့ အားလုံးက ယုံကြည်ခဲ့ပါ တယ်။ အင်မတန်မှ လည်း ဂုဏ်ယူခဲ့ကြပါတယ်။ ဒီလိုပဲ ရန်ကုန် တက္ကသိုလ်ဟာ ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်ဖို့ကို ကျွန်မတို့အနေနဲ့ မျှော်မှန်း ပါတယ်။ အခု ဒီမှာတက်ရောက် လာကြသူတွေ ထဲမှာဆိုရင် ရန်ကုန်တက္ကသိုလ်မှာ နေဖူးတဲ့ သူတွေပါပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း၊ ကျောင်းသူဟောင်း တွေပါတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီကျောင်းသား ကျောင်းသူ ဟောင်း တွေက ခေတ်ချင်းမတူပါဘူး။ ခေတ်တစ်ခေတ်နဲ့ တစ်ခေတ် မတူဘူးဆိုတာလည်း သိကြမှာပါ။ ကိုယ့်ခေတ်တုန်းက ဘယ်လိုဖြစ်ခဲ့တယ်။ နောင်ခေတ်တွေမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆို တာကို သိမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အကောင်းဆုံးခေတ်၊ ဂုဏ်သတင်း အတောက်ပဆုံးခေတ်မှာနေခဲ့တဲ့ လူကြီးတွေ ဟာ ဒီတိုင်း ပြန်ဖြစ်သွားဖို့အတွက် စိတ်အား ထက်သန်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အခြေ အနေဟာ အရင် နဲ့စာရင် မကောင်းတဲ့အချိန်မှာနေခဲ့တဲ့ ပုဂ္ဂိုလ် တွေဟာဆိုရင်လည်း ဒီလိုပဲ စိတ်ထားရှိ မယ်လို့ ယုံကြည်ပါတယ်။
“ကျွန်မတို့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်လို့ ပြန်လည်မွမ်းမံရေး၊ အဆင့်မြှင့် တင်ရေး မဟာစီမံကိန်းမှာဆိုရင် ဦးစီး ကော်မတီ၊ ဦးစီးကော်မတီအောက်မှာဆိုရင် လုပ်ငန်းကော်မတီတွေလည်း ဖွဲ့ထားပါတယ်။ ပညာအရည်အသွေးမြှင့်တင်ရေး ကော်မတီ၊ ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းရေး ကော်မတီ၊ ရန်ကုန်တက္ကသိုလ် ပဋိညာဉ်ရေးဆွဲရေး ကော်မတီ ဒါတွေနဲ့ပတ်သက်လို့ အသေး စိတ်ကို ဒေါက်တာမျိုးသိမ်းကြီး ပြောပါလိမ့် မယ်။
"အဓိက ကတော့ ကျွန်မတို့က ပညာ အရည်အချင်းကို မြှင့်တင်ရေးပါ။ တက္ကသိုလ် တစ်ခုဆိုတာ ပညာပေးတဲ့အဆင့်မြင့်ဌာန တစ်ခုလို့ ဒီလိုပဲမြင်ပါတယ်။ ဒါပေမယ့် ပညာ ပေးရုံတင်မက လူငယ်တွေကနေ လူကြီးဖြစ် လာတဲ့အခါမှာ ပိုပြီး ပြီးပြည့်စုံတဲ့ လူသားတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ နေရာဌာန တစ်ခုဖြစ်အောင် ပြုစုပေးနိုင်အောင် လုပ်ပေး ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာ ဆိုတာဘာလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်ချင်းက မတူပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာ ပြီးပြည့်စုံတဲ့လူသား တွေဖြစ်လာခြင်းဟာ ပညာနဲ့ ပြည့်စုံခြင်းပဲလို့ သတ်မှတ်မယ်ဆိုရင် လွဲချော်မှုရှိနိုင်မယ် မဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်မ တို့ရဲ့ ရန်ကုန်တက္ကသိုလ်ဟာ ပိုပြီးတော့ ပြီးပြည့်စုံမယ့် လူသားတွေကို မွေးထုတ်ပေးနိုင် မယ့် ပညာရေးဌာနကြီး၊ အဆင့်မြင့်ပညာရေး ဌာနကြီးဖြစ်ဖို့ ကျွန်မတို့ ဦးတည်ပါတယ်။ ပညာအရည် အသွေးမြှင့်တင်ရေးကော်မတီ ဟာ ပညာအရည်အသွေးဆိုတာ ဘာလဲ ဆိုတာကို စဉ်းစားပြီးတော့ ပိုပြီး လေးလေး နက်နက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။
ပတ်ဝန်းကျင်က ထိန်းသိမ်းပေးဖို့လို
"ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးဆိုတာ ကတော့ ထူးထူးထွေထွေ ရှင်းပြဖို့မလိုပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင် လိုအပ်တဲ့ အဆောက်အဦတွေကအစ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ လိုအပ်တဲ့ပတ်ဝန်း ကျင်၊ ပညာရှာချင်အောင် အားပေးမယ့် ပတ်ဝန်းကျင်မျိုးကို ဖြစ်စေချင်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ပညာရှာ ချင်အောင် အားပေးရုံတင်မကဘဲ ကိုယ်နေ သွားတဲ့ တက္ကသိုလ်အပေါ်မှာ သံယောဇဉ်ရှိ အောင် လုပ်ပေးနိုင်မယ့်၊ ဖြည့်ဆည်းပေးနိုင်မယ့် ပတ်ဝန်းကျင်မျိုး ဖြစ်စေချင်ပါတယ်။ ဒီတက္ကသိုလ်ကနေ ပညာသင်ပြီးသွားတဲ့အခါ ဒါငါတို့ကို မွေးထုတ်လိုက်တဲ့ အမိပညာရေး ဌာနကြီးပဲ ဆိုပြီးတော့ သံယောဇဉ်နဲ့ မေတ္တာနဲ့ ပြန်လည်ပြီး ထောက်ပံ့ချင်တဲ့စိတ်တွေ၊ ပြန်လည်ပြီးတော့ ပိုပြီးကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ပေးချင်တဲ့စိတ်တွေ၊ ကူညီချင်တဲ့စိတ်တွေ ဖြစ်အောင်လို့လည်း ဒီပတ်ဝန်းကျင်က ထိန်းသိမ်းပေးဖို့လိုပါတယ်။
"နောက်တစ်ခုကတော့ ရန်ကုန်တက္ကသိုလ် ပဋိညာဉ်ရေးဆွဲရေးကော်မတီ ဖြစ်ပါတယ်။ ဒါက ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်ပိုပြီးတော့ တိုးတက်အောင်၊ အထူးသဖြင့် အဆင့်မြင့် ပညာရေးစနစ် ပိုပြီးတော့ တိုးတက်အောင် ဆိုရင် တက္ကသိုလ်တွေဟာ ပိုပြီး လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်ရှိရမယ်။ တက္ကသိုလ် တစ်ခုနဲ့တစ်ခု မိတ္တူလုပ် ထားသလို တူညီတာ မျိုးမဟုတ်ဘဲ တက္ကသိုလ်တိုင်း တက္ကသိုလ် တိုင်းက သူ့ရဲ့ကြန်အင် လက္ခဏာတွေနဲ့သူ၊ သူ့ပုံစံနဲ့သူ၊ သူ့ရဲ့အားသန်ချက်နဲ့သူ ဖြစ်စေ ချင်ပါတယ်။ ဒါမှ ကျွန်မတို့နိုင်ငံရဲ့ ပညာရေး စနစ်က ပြီးပြည့်စုံမှာပါ။ ဒါကြောင့် ရန်ကုန် တက္ကသိုလ်ကနေစပြီ သူ့ပဋိညာဉ်နဲ့သူ တက္ကသိုလ်တစ်ခုဟာ ရပ်တည်နိုင်ဖို့ ဘယ်လို ဖြစ်နိုင်မလဲဆိုတာကို ကျွန်မတို့က လုပ်ဆောင်ဖို့ တက္ကသိုလ်မွမ်းမံရေးကော်မတီက ၂၀၁၂-၂၀၁၃ လောက်ကတည်းက စပြီးတော့လုပ်ခဲ့ တာပါ။ ဒီဟာတွေနဲ့ ဆက်နွှယ်ပြီး နှစ်(၁၀ဝ)ပြည့် အခမ်းအနားတွေကို ကျင်းပစေချင်ပါ တယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ နှစ်(၁၀ဝ)ပြည့်မယ်ဆိုရင် အခုနှစ် ဒီဇင်ဘာ ၁ ရက်ကတည်းကစပြီးတော့ ရာပြည့်အခမ်း အနားတွေကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားဖို့ ဆိုပြီး ရည်ရွယ် ချက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ လုပ်တဲ့ ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ရန်ကုန်တက္ကသိုလ်ကို ဖြစ်စေချင်တဲ့ ရည်ရွယ် ချက်တွေနဲ့ အံဝင်ခွင်ကျဖြစ်သွားအောင်လို့ ကြိုးစားစေချင်ပါတယ်။
"ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ဦးစားပေးအစီအစဉ်ဆိုပြီး သတ်မှတ်ထားတာ ကတော့ သင်ကြားသင်ယူမှုနဲ့ သုတေသန ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါတယ်။ သင်ကြားသင်ယူ မှုဆိုတာကတော့ အားလုံးသိတဲ့ အတိုင်းပဲ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် ပိုပြီးတော့ ကောင်းမွန်အောင် သင်ကြားတဲ့နည်းကို ပြန်စပြီး ပြုပြင်ရပါမယ်။ ပြောရမယ်ဆိုရင် ပို့ချတဲ့ဆရာ ဆရာမတွေရဲ့ အရည်အချင်းမြင့်မှ အရည်အချင်းမြင့် တဲ့ပို့ချမှု တွေကို ကျောင်းသူ ကျောင်းသားတွေ ရရှိမှာဖြစ်ပါတယ်။
တိုးတက်အောင် ပံ့ပိုး
"သုတေသနဆိုတာကတော့ ဆန်းသစ် တီထွင်ချင်တဲ့စိတ်တွေကို ကျွန်မတို့က အားပေးချင်တာပါ။ တစ်ဖက်ကလည်း ကျွန်မ တို့နိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် လည်း အထောက်အကူဖြစ်နိုင်ပါတယ်။ သုတေသနတွေဟာ ကျွန်မတို့နိုင်ငံရဲ့ လိုအပ် ချက်တွေ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပံ့ပိုးနိုင်မယ့် သုတေသနမျိုး လုပ်နိုင်မယ်ဆိုရင် နိုင်ငံကိုလည်း အကျိုးဖြစ်ပါတယ်။ သုတေသန ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်၊ ရုပ်ပိုင်းဆိုင်ရာ တွေသာမကဘဲနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အပိုင်းတွေမှာပါ သုတေသနလုပ်ပြီး ကျွန်မတို့နိုင်ငံကို တိုးတက် အောင် ပံ့ပိုးနိုင်မယ်ဆိုရင် ဒါဟာ ကျွန်မတို့ ပညာရေး စနစ်ကိုသာမက လူမှုရေးစနစ်တစ်ခု လုံးကို ထွန်းတောက်အောင် လုပ်ပေးရာ ရောက်မှာပါ။
"အင်္ဂလိပ်စာစွမ်းရည် မြှင့်တင်ရေးဆိုပြီး တော့လည်း ပါပါတယ်။ အင်္ဂလိပ်စာစွမ်းရည် မြှင့်တင်ရေးကတော့ လက်တွေ့ကျတဲ့ကိစ္စပါ။ ဒီခေတ်ဒီအခါမှာ ဘယ်လိုပဲပြောပြော ကျွန်မ တို့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်မှ က္ဘာ့စင်မြင့်ပေါ်မှာ ကျွန်မတို့ ကျောင်းသူ ကျောင်းသားများက တိုးနိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် အင်္ဂလိပ်ဘာသာစကား က တစ်ကမ္ဘာလုံးသုံးနေတဲ့ ဘာသာစကား ဖြစ်သွားပါပြီ။ တစ်က္ဘာလုံးက သုံးနေတဲ့ ဘာသာစကား၊ နောက်ပြီးတော့ အထူးသဖြင့် ကျွန်မတို့ရဲ့ IT Revolution ပါ။ ဆက်သွယ် ရေးတော်လှန်ရေးနဲ့ ပတ်သက်နေတဲ့နေရာ မှာဆိုလည်း ဒီဘာသာစကားကို မတတ်လို့၊ မကျွမ်းကျင်လို့ မဖြစ်ဘူးဆိုတော့ ဒါကို အဆင့်မြင့်ဖို့ လုပ်တယ်ဆိုတာ လက်တွေ့ ကျကျ လုပ်တာပါ။ ဘာသာစကားအများကြီး ကို ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို တတ်စေချင်ပါတယ်။ ဒါပေမယ့် လက်တွေ့ ကျကျကတော့ တစ်ကမ္ဘာလုံးက သုံးနေတဲ့ ဘာသာစကားကို ကျွမ်းကျင်ရမယ်။ ဒီလို ပြောတဲ့အချိန်မှာ တစ်ခါတည်း ကျွန်မထည့်ပြီး ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ ဘာသာစကား ကိုလည်း မမေ့ဖို့ လိုပါတယ်။ အဲဒါကိုလည်း ဂုဏ်ယူတတ်ဖို့လိုပါတယ်။ တချို့ အသိုင်း အဝိုင်းတွေမှာဆိုရင် အင်္ဂလိပ်ဘာသာစကား သင်ပေးရုံတင်မကဘဲ မြန်မာဘာသာ စကား ကောင်းကောင်း မတတ်တာကိုတောင် မှ ဂုဏ်ယူရမလို မြင်နေတာတွေရှိပါတယ်။ ဒါဂုဏ်ယူစရာအကြောင်း ဘာမှမရှိပါဘူး။ ဘယ်လောက်ပဲ နိုင်ငံခြားဘာသာစကား တွေ၊ ဘယ်နှခုပဲ ဘယ်လောက်ကျွမ်းကျင် ကျွမ်းကျင် ကိုယ့်မိခင် ဘာသာစကားကိုမှ မတတ်ဘူးဆိုတာ ဘာမှ ဂုဏ်ယူစရာ အကြောင်းမရှိဘူးဆိုတာလည်း ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်။
"နောက်တစ်ခုကတော့ သတင်းအချက် အလက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မ ထူးထူး ထွေထွေ ရှင်းပြနေစရာမလိုပါဘူး။ ဒါလည်း ပညာသင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါ တယ်။ ကျောင်းပရိဝုဏ်နဲ့ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများ မြှင့်တင်ရေးက တော့ ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းရေးနဲ့ စပ်ဆိုင် နေပါတယ်။ ကျောင်းပရိဝုဏ်ကလည်း ကျောင်းသား ကျောင်းသူများအနေနဲ့ ဒီတက္ကသိုလ်ကြီးဟာ သူတို့ကို ပညာပေးလိုက် တဲ့ အမိဌာနကြီးတစ်ခုတင်မဟုတ်ဘူး သူတို့ စိတ်ချမ်းသာခဲ့ရာ၊ သူတို့ငယ်စဉ်အခါတုန်းက ပညာရှာတဲ့နေရာမှာ တက်တကြွ်ကြွကနဲ့၊ စိတ်ချမ်းချမ်းသာသာနဲ့ ပညာရှာခဲ့တဲ့နေရာ ဆိုပြီးတော့ သံယော ဇဉ်တွေလည်း ဖြစ်စေ မယ့် ပရိဝုဏ်၊ အေးအေးဆေးဆေးနဲ့ ပညာရှာ နိုင်မယ့် ပရိဝုဏ်မျိုးဖြစ်ဖို့လိုပါတယ်။ လိုအပ် တဲ့ သင်ထောက်ကူပစ္စည်းဆိုတာကတော့ ရှင်းပြစရာမလိုပါဘူး။ ဒါကတော့ ပညာသင် ရေးအတွက် အခုခေတ်နဲ့ ကိုက်ညီစွာ လိုအပ် တဲ့ သင်ထောက်ကူပစ္စည်းတွေကို ဖြည့်ဆည်း ပေးဖို့က အင်မတန်အရေးကြီးပါတယ်။
တက္ကသိုလ်ရုပ်ဝန်းကျင်ကောင်း ဖန်တီး
"ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းတွေ ထဲမှာ ထည့်ထားတာက ကျန်းမာရေးနဲ့ ပြည့်စုံ ပြီး သန့်ရှင်းသာယာ လုံခြုံနွေးထွေးတဲ့ တက္ကသိုလ်ရုပ်ဝန်းကျင်ကောင်း ဖန်တီးရေး ကလည်း ခုနကအရာနဲ့ ဆက်စပ်နေတာပါ။ ကျန်းမာရေးနဲ့လည်း ကိုက်ညီရမယ်။ စိတ်ချမ်းသာရေးနဲ့လည်း ကိုက်ညီရမယ်။ ကိုယ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာရေးဆိုတာ ကလည်း တကယ်တော့ ဒွန်တွဲနေပါတယ်။ လုံးဝခွဲထားလို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ တက္ကသိုလ်ဝန်းကျင်မှာ လမ်းပန်းဆက်သွယ်မှု ကောင်းစေရေးကတော့ ကျောင်းလာတဲ့ ကလေးတွေ၊ ကျောင်းလာတဲ့ဆရာ ဆရာမ တွေအတွက် ပိုပြီးတော့ တတ်နိုင်သမျှ အဆင် ပြေအောင် ကျွန်မတို့ စဉ်းစားပါတယ်။ အထူး သဖြင့် ရန်ကုန်မြို့မှာဆိုရင် လမ်းတွေမှာ ယာဉ်တွေကျပ်တာကတော့ အားလုံးသိတဲ့ အတိုင်းဖြစ်ပါတယ်။
တချို့ဆိုရင် နာရီနဲ့ချီပြီးတော့ စောင့်နေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီတော့ ကျောင်း လာတဲ့အခါမှာ ကျောင်းဆို တာ ရိုးရိုးကျောင်း ပဲဖြစ်ဖြစ်၊ တက္ကသိုလ်ပဲဖြစ်ဖြစ် သူ့အချိန်နဲ့သူ စရပါတယ်။ အတန်းတွေက သှူအချိန်နဲ့သူ စရတယ်ဆိုတော့ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ လာရေးသွားရေးအတွက် အဆင်ပြေ အောင်လို့လည်း ကျွန်မတို့က ကျယ်ကျယ်ပြန့်ပြန့် အခုကတည်းက စဉ်းစား ထားရမှာပါ။ လာရေးသွားရေး အတွက် အဆင်မပြေတဲ့ တက္ကသိုလ်ဆိုရင် ကျွန်မတို့ စည်းကမ်းတကျ၊ စနစ်တကျ အတန်းတွေကို စီစဉ်ဖို့က ခက်လာပါလိမ့်မယ်။
အားလုံးအတွက်လည်း ဂုဏ်ယူစရာဖြစ်
"အဓိပတိလမ်းတစ်လျှောက် သန့်ရှင်း သာယာလှပရေးနဲ့ စိမ်းလန်းစိုပြည်ရေးအပိုင်း မှာ ကျွန်မတို့တက္ကသိုလ်ရဲ့ ပရိဝုဏ်နားကို ရောက်လာပြီ၊ တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင် ကို ရောက်လာပြီဆိုကတည်းက ငါတို့ဟာ ရန်ကုန် တက္ကသိုလ်နား ရောက်လာပြီဆိုတဲ့ အမြင်လည်းရှိအောင်၊ အားလုံးအတွက်လည်း ဂုဏ်ယူ စရာဖြစ်အောင်လို့ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် နာမည်ကြီးတဲ့ တက္ကသိုလ်တွေဟာ ကမ္ဘာလှည့်ခရီးသည် တွေတောင် သွားပြီးကြည့်ရတဲ့ တက္ကသိုလ် တွေဖြစ်ပါတယ်။ တက္ကသိုလ်မှာသွားပြီး ပညာ သင်ဖို့ပဲမဟုတ်ဘူး။ တက္ကသိုလ်ရဲ့ပရိဝုဏ် လှလို့၊ တက္ကသိုလ်ရဲ့ သမိုင်းဝင်အဆောက် အဦတွေကို လေးစားလို့၊ ဒါမှမဟုတ် ဒီလို ခင်းကျင်း ထားတာတွေက အင်မတန်မှ ထူးခြားလို့ဆိုပြီး ကမ္ဘာလှည့်ခရီးသည်တွေ တောင်မှ တချို့တက္ကသိုလ် တွေကို သွားပြီး တော့ကြည့်တယ်။ တော်တော်စိတ်ဓာတ် တက်တကြွ်ကြွကနဲ့ ကြည့်ကြတာ၊ သွားပြီး တော့ လေ့လာတာကို ကျွန်မတို့ တွေ့ရပါတယ်။
"ကျွန်မတို့ ရန်ကုန်တက္ကသိုလ်ဟာ တကယ်တော့ သဘာဝအားဖြင့် ကမ္ဘာပေါ်မှာ အလှပဆုံးတက္ကသိုလ် ပရိဝုဏ် တစ်ခု ဖြစ်နိုင် တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ အင်းလျားကန်နဲ့လည်း နီးတယ်။ ဒီလို ရေပြင်ကြီးနဲ့ နီးနီးနားနားရှိတဲ့ တက္ကသိုလ်ဆိုတာက ကမ္ဘာပေါ်မှာ အင်မတန် မှ ရှားပါတယ်။ အဲဒီတော့ ကျွန်မတို့က ကျွန်မ တို့တက္ကသိုလ်ရဲ့ ထူးထူးခြားခြား လှပတဲ့ ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီး တော့ စီစဉ်စေချင်ပါတယ်။ လက်တွေ့ကျကျ ကတော့ တက္ကသိုလ်တစ်ခုလုံး သန့်ရှင်းတဲ့ ရေပေးဝေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေဆိုးနဲ့မိလ္လာစွန့်ပစ်စနစ် ကောင်းမွန်ရေး၊ သန့်စင်ခန်းများ သန့်ရှင်းကောင်းမွန်ရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်တကျ ဘေးကင်း လုံခြုံမှုရှိရေးတွေကတော့ လက်တွေ့ကျကျ အဆင့်မြင့်တဲ့ အ ဆောက် အဦတစ်ခု ဖြစ် အောင်၊ အဆင့်မြင့်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်အောင် ဦးတည်တဲ့ ဦးတည်ချက်တွေပဲ ဖြစ်ပါတယ်။
"တက္ကသိုလ်ထဲမှာ ပညာသင်တယ် ဆိုတာဟာ အတန်းထဲက ပညာတင်မကပါ ဘူး။ အတန်းပြင်ပ ပညာတွေလည်း သင်ယူနိုင် တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးစေချင်ပါတယ်။ ဥပမာဆိုရင် အနုပညာတို့၊ အားကစားတို့ စသဖြင့်ပါ။ အနုပညာတို့၊ အားကစားတို့ကို ကျွန်မတို့ရဲ့ ပညာရေးစနစ်အတွင်းမှာကို အားပေးချင်တာ ဖြစ်တဲ့အတွက် နှစ်(၁၀ဝ)ပြည့် အခမ်းအနားတွေမှာလည်း အနုပညာတို့၊ အားကစားတို့ကို ထည့်စဉ်းစားပြီးတော့ ကျင်းပစေချင်ပါတယ်။ တက္ကသိုလ်တစ်ခုမှာ ဆိုရင် အမှတ်အများဆုံးရရေးဆိုတဲ့ စိတ်ဓာတ် ကိုပဲ မဖြစ်စေချင်ပါဘူး။ အနုပညာရှင်များ ဆိုတာကလည်း အတန်းပညာနဲ့ ပတ်သက်ရင် အမှတ် အများကြီးရချင်မှရမယ်။ ဒါပေမယ့် အနုပညာဘက်မှာ အင်မတန် ထူးချွန်တဲ့ပုဂ္ဂိုလ် တွေလည်း ရှိပါတယ်။ ဒီတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့အားသာချက်တွေကို ဖော်ထုတ်နိုင်ဖို့အတွက်၊ ကိုယ့်ရဲ့အားသာ ချက်တွေကို ပိုပြီးတော့ ကြီးထွားလာအောင်လို့ ပြုစုပျိုးထောင်ဖို့အတွက် အခွင့်အလမ်းတွေ ကို ကျွန်မတို့ တက္ကသိုလ်ဆိုတာက ပေးရမှာပါ။ ဒီဟာတွေအားလုံးကို စဉ်းစားဆင်ခြင်ပြီးတော့ ကျွန်မတို့ရဲ့ နှစ်(၁၀ဝ)ပြည့် အခမ်းအနား တွေကို စီစဉ်စေချင်ပါတယ်။ ပညာရေး၊ အနု ပညာ၊ အားကစား၊ ပတ်ဝန်းကျင် ပါရပါမယ်။
အသက်အရွယ်မရွေး အားလုံးပူးပေါင်း
"အရေးကြီးတာက တက္ကသိုလ် ကျောင်းသားဟောင်းကြီးတွေနဲ့ အခု ကျောင်းသားသစ်တွေနဲ့ ဆက်နွှယ်တဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်သွားစေချင်ပါတယ်။ ဥပမာဆိုရင် ကျွန်မစဉ်းစားတာက တက္ကသိုလ်ကျောင်း သားဟောင်းကြီးတွေနဲ့ အရင်တုန်းက တက္ကသိုလ်မှာနေခဲ့တဲ့ လူကြီး တွေနဲ့ အခုကျောင်းသားတွေနဲ့ ဆွေးနွေးပွဲ လေး လုပ်မယ်ဆိုရင် အရင်တုန်းက ဘယ်လို ရှိတယ်၊ အခုဘယ်လိုရှိတယ်၊ အရင်တုန်းက အမြင်၊ အခုအမြင်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပြည့်ဝမှုဆိုတာ အသက်အရွယ်နဲ့လည်း မဆိုင်ပါဘူး။ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ကိုယ့်ရဲ့သင်ယူနိုင်တဲ့ အရည် အချင်းနဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့် အသက် အရွယ်မရွေး အားလုံးပူးပေါင်းပြီးတော့ ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ)ပြည့် အခမ်းအနားကြီးကို အောင်မြင် အောင် လုပ်သွား နိုင် မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်သွားနိုင်ဖို့ အတွက် အားလုံးဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်" ဟု ပြောကြားသည်။
ဝမ်းမြောက်ဂုဏ်ယူစရာအခွင့်ထူး
ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်ပေါက်ဖွားလာခဲ့ သည့် မြန်မာနိုင်ငံဂုဏ်ဆောင် ရန်ကုန် တက္ကသိုလ်သည် လာမည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ်ပေါင်း (၁၀ဝ) ပြည့် မြောက်ပြီဖြစ်ပြီး ရာပြည့်ပွဲသဘင်ကို ဆင်ယင် ကျင်းပနိုင်တော့မည် ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ် ရာပြည့်ပွဲသဘင်ကို ခမ်းနား သိုက်မြိုက်ထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် သေသေချာချာ ပြင်ဆင်ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း၊ ကြုံတောင့်ကြုံခဲ ရာပြည့်ပွဲသဘင်ကို ဆင်ယင်ကျင်းပခွင့်ရခြင်း သည် မိမိတို့အားလုံးအတွက် ဝမ်းမြောက် ဂုဏ်ယူစရာအခွင့်ထူးဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အလာ အကြီးမားဆုံးသော တက္ကသိုလ်ကြီးဖြစ်ပါကြောင်း၊ ကိုလိုနီခေတ် တွင် မြန်မာတစ်မျိုးသားလုံး ပညာသင်ယူမှု အခွင့်အလမ်း မညီမျှခြင်းနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာ သင်ယူနိုင်ခွင့် နည်းပါးခြင်း တို့ကြောင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာ သင်ယူခွင့်ရရှိလာ စေနိုင်မည့် အမျိုးသား ပညာရေးစနစ် ဖြစ်ထွန်းလာစေရေးအတွက် အမျိုးသားခေါင်းဆောင်များနှင့် ပြည်သူ တစ်ရပ်လုံး ညီညီညွတ်ညွတ် တိုက်ပွဲဝင်ခဲ့ကြပါ ကြောင်း၊ တစ်မျိုးသားလုံး၏ ညီညွတ်မှု စွမ်းအားကြောင့် ကိုလိုနီအစိုးရသည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် မလွှဲမရှောင် သာဘဲ ရန်ကုန်တက္ကသိုလ်ကို တည်ထောင် ပေးခဲ့ရပါကြောင်း။
ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်ပြီး ၁၉၂၀ ပြည့်နှစ် သြဂုတ် ၂၈ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် မြန်မာတိုင်းရင်းသား အများစုကို တက္ကသိုလ်ပညာ ဆက်လက် သင်ယူခွင့်မရအောင် ကန့်သတ်ချုပ်ချယ်ထား သည့် အချက်အလက်များစွာ ပါဝင်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ကျောင်းသား ကြီးများနှင့် မျိုးချစ်ပြည်သူများ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ကိုလိုနီအစိုးရ သည် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ ရပါကြောင်း၊ မြန်မာ့အမျိုးသား ကြိုးပမ်းမှု သမိုင်းတွင် ရန်ကုန် တက္ကသိုလ်သည် တာထွက်ကောင်းခဲ့သကဲ့သို့ မြန်မာ့ လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်မည့်၊ ဇွဲသတ္တိ အားမာန်ပြည့်ဝပြီး မျိုးချစ်စိတ်ဓာတ် ပြင်းပြထက်သန်သည့် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော အာဇာနည် ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် လည်း တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ်လူငယ်များစွာ မွေးထုတ်ပေးနိုင်ခဲ့ သကဲ့သို့ ကမ္ဘာ့ကု လသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့ ကမ္ဘာ့လူသားအကျိုးပြု ခေါင်းဆောင်များကိုပါ မွေးထုတ် ပေးနိုင်ခဲ့သည့် ဘူမိနက်သန် အောင်မြေလည်း ဖြစ်ပါကြောင်း။
အာရှအဆင့်တွင် ထိပ်တန်းကရပ်တည်
စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးရပြီး စကာလများတွင် ရန်ကုန်တက္ကသိုလ်သည် ပညာရည်အားဖြင့် အရှေ့ တောင် အာရှတွင် အကောင်းဆုံးဖြစ်ခဲ့ပြီး တက္ကသိုလ်၏ ဥပဓိရုပ် သည်လည်း အရှေ့တောင်အာရှတွင် သာယာ လှပဆုံးဖြစ်ခဲ့ပါကြောင်း၊ အာရှအဆင့်တွင် ထိပ်တန်းက ရပ်တည်နိုင်ခဲ့သဖြင့် ရန်ကုန် တက္ကသိုလ်တွင် အခြားအာရှနိုင်ငံများမှ ကျောင်းသား ကျောင်းသူများ လာရောက် ပညာဆည်းပူးခဲ့ကြပါကြောင်း၊ ရန်ကုန် တက္ကသိုလ်၏ ရာပြည့်အခါသမယတွင် ယခုကဲ့သို့သော အခြေအနေကောင်းများကို ပြန်လည်ရရှိနိုင်ရန် ဝိုင်း ဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် အမျိုးသားပညာရေး ဥပဒေကို အတည်ပြုနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ အမျိုးသား ပညာရေးဥပဒေအရ မြန်မာ့ ပညာရေးစနစ်သည် နိုင်ငံတော်ကဆောင်ရွက် လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး အရည်အသွေး အာမခံမှုကိုလည်း ပိုမိုခိုင်မာလာစေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သက်တမ်း အရင့်ဆုံးဖြစ်သည့် ရန်ကုန်တက္ကသိုလ်အနေ ဖြင့် မြန်မာ့ပညာရေး အကောင်အထည် ဖော်မှုလုပ်ငန်းများတွင် ရှေ့တန်းက ဦးစီးဦးဆောင်ပြု သွားရ မည်ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာ အဆင့်မီတက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေရေးနှင့် အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် တက္ကသိုလ်ဖြစ်စေရေး တို့ကို သဟဇာတဖြစ်အောင် ပေါင်းစပ် အကောင် အထည်ဖော် သွားရမည်ဖြစ်ပါ ကြောင်း။
မဟာစီမံကိန်း ချမှတ်ထား
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မီတက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်း လာစေရေးအတွက် မဟာစီမံ ကိန်း(Master Plan) ကို ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မဟာစီမံကိန်းကြီး အကောင် အထည် ဖော်ရေးအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဦးစီးကော် မတီ (Steering Committee)နှင့် ပညာအရည်အသွေး မြှင့်တင်ရေးကော်မတီ (Software Committee)၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်း ရေးကော်မတီ (Hardware Committee)နှင့် ရန်ကုန် တက္ကသိုလ်ပဋိညာဉ် ရေးဆွဲရေး ကော်မတီ (University Charter Committee) များ ထပ်မံဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း။
ရန်ကုန်တက္ကသိုလ်သည် မြန်မာ့ ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး မြန်မာ့ ပညာရေးကြိုးပမ်းမှု သမိုင်း ကြောင်းနှင့်အတူ ရှင်သန်လာခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ပညာရေး တိုးတက်ဖြစ်ထွန်းလာမှုကို ပြောမည်ဆိုလျှင် ရန်ကုန်တက္ကသိုလ်ကို ချန်လှပ်ထား၍ မရပါကြောင်း၊ ထို့ပြင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့် ရန်ကုန်တက္ကသိုလ်၏ သမိုင်းကိုလည်း ခွဲခြား၍ မရပါကြောင်း။ ထို့ကြောင့် ရန်ကုန် တက္ကသိုလ်၏ ကောင်းမြတ်သည့် သမိုင်း ကြောင်း၊ ကြီးမားသည့်အစဉ်အလာကို ပြန်လည်ဖော် ထုတ်နိုင် ရေးအတွက် ရန်ကုန် တက္ကသိုလ်ကြီး၏ နှစ်(၁၀ဝ) ပြည့်မြောက် သည့် ရာပြည့်သဘင်ကြီးကို ခမ်းနား ထည်ဝါစွာ စီစဉ်ကျင်းပသွားမည်ဖြစ်ပါ ကြောင်း။
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်၊ ရာပြည့်သဘင်အခမ်းအနား ကျင်းပနိုင်ရေး အတွက် အကြိုလှုပ်ရှားမှုများ အနေဖြင့် ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် "ရန်ကုန် တက္ကသိုလ် ရာပြည့်အကြိုအထိမ်း အမှတ် သိပ္ပံပွဲခင်းပြပွဲပြိုင်ပွဲအခမ်းအနား" များကို ကျင်းပခဲ့သည့်အပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ စိန်ရတုပွဲနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက် တွင် "လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်)" တို့ကို ကျင်းပ နိုင်ခဲ့ခြင်းသည် ရန်ကုန်တက္ကသိုလ် ရာပြည့် အခမ်းအနား ဂုဏ်ကျက်သရေတင့်စွာ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် များစွာ အထောက်အကူပြုစေပါကြောင်း၊ ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်၊ ရာပြည့်သဘင် အခမ်းအနားနှင့် ရာပြည့်အကြို အခမ်းအနားများ ကျင်းပ ရာတွင် လုံခြုံရေးကို စနစ်တကျစီမံ၍ အလေးထားဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲတော်ကြီးသည် ရန်ကုန်တက္ကသိုလ်တာဝန်ရှိသူများ နှင့်သာ သက်ဆိုင်သည့်ပွဲ မဟုတ်ပါကြောင်း၊ မြန်မာတစ်မျိုးသားလုံး၊ မြန်မာ့ပညာရေး လောကတစ်ခုလုံးနှင့် သက်ဆိုင်သည့် အထိမ်း အမှတ်အခမ်းအနားတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ရာပြည့်သဘင်ပွဲတော်ကြီး ခမ်းခမ်း နားနား၊ ထည်ထည်ဝါဝါ ဆင်ယင်ကျင်းပ နိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းကြီးများ၊ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများ အားလုံးအနေဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တက်ညီလက်ညီ၊ အင်နှင့်အားနှင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါဟု တိုက်တွန်းပါကြောင်း ပြောကြား သည်။
ယင်းနောက် ဦးစီးကော်မတီအတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန် တက္ကသိုလ် နှစ် (၁၀ဝ) ပြည့်၊ ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပညာရေးမြှင့် တင်ရေး (Software) ကဏ္ဍနှင့် အခြေခံအဆောက်အဦနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး (Hardware) ကဏ္ဍဆိုင်ရာ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသူများက အထွေထွေဆွေးနွေးကြ သည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားများအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ အချိန်တစ်လ ကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပြီး အကြိုလှုပ်ရှားမှုများအဖြစ် ကျောင်းသား ကျောင်းသူဟောင်းများ တွေ့ဆုံ ဆွေးနွေးပွဲများ၊ ဘာသာရပ်အသီးသီးမှ အငြိမ်းစားယူခဲ့ကြသည့် ဆရာ ဆရာမကြီးများ အာစရိယပူဇော်ပွဲများ၊ ဘာသာရပ် ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ မိတ်ဆုံညစာ စားပွဲနှင့် ဂီတဖျော်ဖြေပွဲများ၊ ရန်ကုန် တက္ကသိုလ်နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် ထုတ်ဝေသည့် သုတေသနစာတမ်းများ၊ စာစောင်၊ စာအုပ်များ၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများ၊ သမိုင်းဝင်စာအုပ်စာတမ်း ပြပွဲများ၊ ရန်ကုန် တက္ကသိုလ်သမိုင်းပြုစု ထုတ်ဝေခြင်း၊ အထိမ်းအမှတ် စာစောင်များ ထုတ်ဝေခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဆိုင်ရာ ပညာပေးစာတမ်းများ ရေးသား ပြုစုခြင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များဆိုင်ရာ ပညာပေးစာတမ်းများ ပြုစု ထုတ်ဝေခြင်း၊ ပြင်ပပညာရှင်များ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ၏ ဟောပြောပွဲများ၊ အဆောင်အလိုက် ဟောပြောပွဲများ၊ အဆောင်ကျောင်းသား ကျောင်းသူဟောင်းများ၏ တွေ့ဆုံဆွေးနွေး ပွဲများ၊ ကျောင်းသား ကျောင်းသူများ တီထွင် ထားသည့် သိပ္ပံပစ္စည်းများ၊ အိုင်တီပစ္စည်းများ နှင့် ပရောဂျက်များအားပြသခြင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ အိုင်တီနည်းပညာ ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲများ၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုပြိုင်ပွဲများ၊ တက္ကသိုလ်နှင့်သက်ဆိုင်သော ရှေးဟောင်း ရုပ်ရှင် များပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ ဈေးရောင်း ပွဲများ၊ ပဒေသာကပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment