Sunday, July 7, 2019

အဇာဘိုင်ဂျန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်

Image may contain: one or more people

နေပြည်တော်  ဇူလိုင်   ၆

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌   ဇွန် ၃၀ ရက်မှ  ဇူလိုင် ၁၀ ရက်အထိ  ကျင်းပ လျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊  သိပ္ပံနှင့်  ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေး၌ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား   ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ယနေ့ သတ်မှတ်လိုက်ကြောင်း သိရသည်။

 အဆိုပါအစည်းအဝေးသို့   ယူနက်စကိုဆိုင်ရာ  မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျ  ဦးဆောင်၍    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊   သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပုဂံကို ချစ်မြတ်နိုး သော လူပုဂ္ဂိုလ်များနှင့်အဖွဲ့များ  တက်ရောက်ကြပြီး နှလုံးသားထဲကပုဂံဓာတ်ပုံ အနုပညာအဖွဲ့များကလည်း ၎င်းတို့စရိတ်ဖြင့်သွားရောက်၍ မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် ပူးပေါင်းကာ တက်ရောက်အားပေးခဲ့ကြသည်။

၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင်  ကျင်းပခဲ့သော (၃၈)ကြိမ်မြောက်                               
ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်း အဝေးမှ  ပျူမြို့ဟောင်း   သုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်း များအား မြန်မာနိုင်ငံ၏ ပထမဆုံး က္ဘာ့အမွေ အနှစ်အဖြစ်သတ်မှတ်ခဲ့ရာ ယခုပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံတွင်    ပုဂံခေတ်မှစတင်၍ ထေရဝါဒ   ဗုဒ္ဓဘာသာကို စတင်ယုံကြည် ကိုးကွယ်ခဲ့သည်။ ဘာသာရေးကိုအခြေခံ၍ ပုဂံခေတ်ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်းအဆောက်အအုံများ၏ ဗိသုကာ လက်ရာ၊ အင်္ဂတေပန်း၊  နံရံပန်းချီ  စသည့် စေတီ၊ ပုထိုးနှင့် အဆောက်အအုံများကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းစောင့်ရှောက်နိုင်ရန် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေရန် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ရေး   တင်သွင်း ဆောင်ရွက်ကြခြင်းလုပ်ငန်းကို သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊   ဒေသခံပုဂံ ချစ်သူများ၊ နှလုံးသားထဲမှ ပုဂံဓာတ်ပုံအဖွဲ့ဝင် များနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းများဖြစ်သည့် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ စီမံခန့်ခွဲရေးဆိုင်ရာ အစည်း အဝေးများ၊   စာတွဲပြုစုရေးသားရေးဆိုင်ရာ အစည်းအဝေးများ၊  GIS Data ကောက်ယူ ရေးလုပ်ငန်းများ၊ သုတေသနဆိုင်ရာ အချက် အလက်များကောက်ယူခြင်း၊    ပြတိုက် သုတေသနပိုင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို  ၂၀၁၄ ခုနှစ် ကတည်းက စတင်၍  ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။

ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးများ တင်ပြ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို တည်ရှိနေဆဲဖြစ်သော    (သို့မဟုတ်) ကွယ်ပျောက်သွားခဲ့သော   ယဉ်ကျေးမှုဓလေ့ (သို့မဟုတ်)မြို့ပြယဉ်ကျေးမှုတစ်ခု၏  အတု မရှိမှု(သို့မဟုတ်)   ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင်  သိသာထင်ရှား ရသော အဆင့်အတန်း(သို့မဟုတ်) ထိုထက် ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ  နည်းပညာဆိုင်ရာ  အစိတ် အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင်သော  အရေးပါ ထင်ရှားမှုများ၊  ရှင်သန်နေဆဲထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှု များ  စသည့်  ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးများ ဖြင့်  ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြ ခဲ့ခြင်း ဖြစ်သည်။  
              

   သတင်းစဉ်

No comments:

Post a Comment